အမေရိကန်ရောက် မင်းသားသီဟသူ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်၏ အကူအညီကို နိုင်ငံတော် အစိုးရက လက်ခံပြီး၊ ကြိုးပမ်းခဲ့ရာတွင် အမေရိကန်ပညာသည်များကိုလည်း အသုံးပြုခဲ့ရလေသည်။ ထိုပညာသည်အဖွဲ့တွင် ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရေးဆိုင်ရာ ပါရဂူကြီး တစ်ဦးလည်း ပါဝင်ခဲ့သည်။
ယင်းပါရဂူကြီးသည် ၁၉၅၀ ပြည်နှစ်နှင့် ၁၉၅၃ ခုနှစ်များအကြားတွင် ရှေးဒလမြို့ဟောင်း၊ တွံတေး တောကြီးတန်း ငှက်အော်စန်းတောထဲတွင် ရှေးဟောင်း သုတေသနများ ပြုလုပ်ခဲ့သည်။ ရှေးဒလမြို့ဟောင်းနေရာ ကို တိုင်းထွာရန်ထက် ပညာရှိအမတ်ကြီး ရာဇသင်္ကြံ၏ သချိုင်းဂူကို ရှာဖွေရန် အားသန်ခဲ့သည်။ ယင်းသို့ သုတေသန ပြုစဉ် ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခု ပြုလုပ်ခဲ့သည်။ ပါရဂူကြီး သည် ပုဂံအိမ်ရှေ့မင်းသား သီဟသူ၏ အလောင်းကို ရာဝင် စဉ့်အိုးကြီးထဲတွင် မပုပ်မသိုးအောင် ဆေးရည်ဆီစိမ်ထားသည်ကို တွေ့လိုက်ရသည်။ သို့နှင့် ပါရဂူကြီး အမေရိကန်နိုင်ငံသို့ အပြန်တွက် ယင်းသီဟသူ၏ အလောင်းစိမ်ထားသည့် ရာဝင်အိုးကြီးကို မကွဲမရှစေပဲ ကောက်ရိုးကြိုးခွေများပတ်လျှက် သစ်သားဝက်ခြံသေတ္တာထဲ ထည့်ပြီး သင်္ဘောပေါ်သို့ တင်ဆောင်သွားလေသည်။ ထိုရာဝင်အိုးကြီးအား အလုပ်သမားများ ထမ်းယူပြီး သင်္ဘောကုန်းပတ်ပေါ် သို့ တင်ဆောင်သည်ကို ဒလမြို့သူမြို့သား အတော်များများ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရသည်။ ယင်းအိုးကြီး ကို သင်္ဘောပေါ် သယ်ဆောင်စဉ် အကောက်တော်ဌာနမှ ဖွင့်ကြည့်စစ်ဆေးခွင့် မရှိသည့်အတွက် စဉ်းစားစရာပင် အချက်တစ်ချက် ဖြစ်နေသည်။
နှစ်ပေါင်း ၇၀၀ ကျော်ခန့်က ပုဂံပြည့်ရှင် မင်းတြား၏ သားတော် သီဟသူ၏ အလောင်း ကို ရာဝင်အိုးနှင့် ဆီစိမ်ထားရာမှ အမေရိကန် စီးပွားရေးပါရဂူ တစ်ဦးက ၁၉၅၀- ၁၉၅၃ နှစ်အကြား တူးဖော်ကာ အမေရိကန်နိုင်ငံသို့ သယ်ဆောင်သွား၍ ပြတိုက်တစ်ခုတွင် ထားရှိကြောင်း ....စသဖြင့် အကျယ်တဝင့် ရေးသားဖော်ပြထားသည်။
၎င်းရာဝင်အိုးကြီး ကို သယ်ဆောင်သွားစဉ် ကိုယ်တွေ့မျက်မြင်ကြုံလိုက်ရသော မြန်မာအမျိုးသားတစ်ဦးသည် အမေရိကန်သို့ တိုက်တိုက် ဆိုင်ဆိုင် ဝင်ရောက်ကြည့်ရှုမိသည်။ ပြတိုက်တွင် ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများဖြင့် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားရှိလေသည်။ ပြတိုက်၏ တစ်ခုသော နေရာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရာဝင်စဉ့်အိုးကြီး ကို တွေ့ရပြီး စဉ့်အိုးကြီး ယှဉ်လျှက်နှင့် ကျောက်စားပွဲရှည်ကြီးပေါ်တွင် လေလုံမှန်ခေါင်းတစ်ခုရှိပြီး မှန်ခေါင်းထဲတွင် ဆီစိမ်ထားသော အသက် ၂၀ ပင်မပြည့်သေးသော လုလင်ပျိုအလောင်း ကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ မှန်ခေါင်းတွင် မင်းသားသီဟသူ ၊ ပုဂံခေတ် မြန်မာနိုင်ငံ ၁၂၅၄ အေဒီ ဟူသော ကမ္မည်းစာတန်းအင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည် ကို တွေ့ရသဖြင့် အလောင်း၏ ရုပ်လက္ခဏာ ကိုအနီးကပ် လေ့လာကြည့်ရာ ၊ သျှောင်တစောင်းထုံး၊ နှုတ်ခမ်းမွေးရေးရေး ၊ ကိုယ်လုံးကိုယ်ပေါက် ထောင်ထောင်မောင်းမောင်း ၊ အသားဝါ ၊ ခြင်္သေရုပ်များ ဖော်ထားသော ငွေခြည်ဖောက် မည်းပုဆိုးနှင့် ထိုင်မသိမ်းအင်္ကျီ ၊ ရွှေဆင်မြန်းထား၍ ပိုးပဝါ ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ကို တွေ့ရလေသည်။ ပါးရိုးများ ထလောက်အောင် အံကြိတ်ထားသည့် မျက်နှာအသွင် မျက်လုံးများမှာ ကား ပြူးကြောင်လျှက်ရှိလေသည်။
ယင်းမြန်မာအမျိုးသား နှင့် အမေရိကန် ပါရဂူကြီးတို့ သီဟသူအလောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ပါရဂူကြီးက ၎င်းမင်းသားအလောင်းကို နှစ်ပေါင်း ၇၀၀ ရာမှစ၍ ယနေ့တိုင် မပုပ်မသိုး၊ မပျက်မစီး ၊နောင်လည်း နှစ်ပေါင်းရာနှင့်ထောင်နှင့် ချီ၍ တာရှည်ခံဦးမည်ဖြစ်လေရာ ၊ မြန်မာ့နည်းဖြင့် ဆေးရည်စိမ်ထားပုံမှာ မှတ်သားစရာ အချက် တစ်ရပ်ပင်ဖြစ်ကြောင်း ချီးကျုးသည်။ တစ်ဖန် နောင်လူကြီးမင်းတို့ နိုင်ငံတွင် ထိုက်ထိုက်တန်တန်ပြတိုက်ကြီး တည်ဆောက်ပြီး သောအခါ ယင်းသီဟသူအလောင်းကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပေးသွားသည်။ သီဟသူ၏ အလောင်းနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှ ရာဇဝင်သုတေသီများ ရှေးဟောင်းသုတေသီများ ၊ သုတေသနပြုလုပ် ရန် စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု ယူဆမိပါသည်။ ။ [1]
ကိုးကား
- သူရိယ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးသိမ်းမောင် ရေးသားထုတ်ပြန်သော ပုဂံခေတ်အမတ်ကြီး ရာဇသင်္ကြံ အတ္ထုပတ္တိ စာအုပ်၊ စာမျက်နှာ (၃၇၃ - ၃၈၂)