မိဖုရားစော

ဖွားစော (စောလှဝန်း ဟုလည်း သိကြ) သည် ပုဂံခေတ် နရသီဟပတေ့မင်း၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ နိုင်ငံသမိုင်းတလျောက် ခက်ခဲသော ကာလတွင် ဆယ်စုနှစ် လေးခုကြာအောင် နိုင်ငံရေးတွင် လွှမ်းမိုးထားနိုင်သူ၊ ဟာသဉာဏ်ရွှင်သူ၊ ဉာဏ်ပညာရှိသူ၊ ချောမောလှပသူ အဖြစ် သူမအား သိကြသည်။

စောလှဝန်း
မိဖုရားခေါင်
နန်းသက်၁၂၆၂–၁၂၈၇
ရှေ့မင်းဆက်ရတနာပုံ
နောက်မင်းဆက်သစ်မထီး ဖွားစော (ပုဂံ မိဖုရားခေါင် အဖြစ်)
မြောက်နန်းမတော် မိဖုရား
နန်းသက်၁၂၅၆–၁၂၆၂
ရှေ့မင်းဆက်စောမင်းဝိုင်း
နောက်မင်းဆက်စောစိုး
မွေးဖွားc. ၁၂၄၀–၄၄
ဆိတ်ထိန်းကန်းဖြူ
ပုဂံနေပြည်တော်
ကွယ်လွန်၁၃၁၃ ခုနှစ်တွင်း သို့ ပြီးနောက် (သို့ ၁၂၉၅–၉၆)
ပုဂံ
ပင်းယနေပြည်တော်
အိမ်ထောင်ဖက်ဥဇနာ (c. ၁၂၅၃–၅၆)
နရသီဟပတေ့ (၁၂၅၆–၈၇)
သားသမီးများရာဇသူ
စံအိမ်ပုဂံ
ခမည်းတော်သရိယ်[1]
မယ်တော်မင်းမိ[1]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

စောလှဝန်းကို ပုဂံသမိုင်းတွင် သုံးဆက်တိုင် မိဖုရားအနေဖြင့် ဖွားစော သို့ မိဖုရားစော ဟု သိကြသည်။ ရာဇဝင်ကျမ်းများက မာနကြီးသော၊ အစားကြီးသော၊ အမျက်ထွက်လွယ်သော၊ ယုံမှားသံသယများသော၊ စာနာစိတ်နည်းသော ဘုရင်တစ်ပါးအဖြစ် ဖော်ပြကြသည့် နရသီဟပတေ့မင်း၏ တသမတ်တည်းမဟုတ်သော ထုတ်ပြန်ချက်အမိန့်များကို အများပြည်သူနှင့် လွှတ်တော်တို့အကြား မျှတစွာ ကိုင်တွယ်နိုင်သော ပလ္လင်နောက်ကွယ်မှ အာဏာကို ထိန်းကြောင်းနိုင်သူ မိဖုရားတစ်ပါး ဖြစ်သည်။ သူမ၏ ဉာဏ်ပညာဖြင့် ဘုရင်၏ ယုံမှားသံသယများမှ လွတ်ကင်းအောင် နေထိုင်နိုင်ခဲ့သည်။ အမြဲတမ်း အောင်မြင်နေသည်မဟုတ်သော်လည်း သူမသည် ဘုရင်၏ အမြန်ချသော ဆုံးဖြတ်ချက်များ၊ တိုင်းပြည်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို နားချပြောင်းလဲနိုင်ခဲ့သည်များလည်း ရှိသည်။

အေဒီ ၁၂၈၇ တွင် နရသီဟပတေ့မင်း ကွယ်လွန်ပြီးနောက် စောလှဝန်းသည် သူမ၏ လွှမ်းမိုးမှုကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။ နန်းတွင်းတွင် ဂုဏ်သိမ်ကြီးမားနေဆဲ ဖြစ်သည့် မိဖုရားသည် အေဒီ ၁၂၈၉ တွင် ကျော်စွာကို ထီးနန်းတင်ခဲ့သည်။ သို့သော်လည်း ပြိုကွဲလျက်ရှိနေသည့် ပုဂံမင်းနေပြည်တော်ကို ပြန်လည်စုစည်းနိုင်စွမ်းမရှိသည့် ကျော်စွာဘုရင်အပေါ် စိတ်ပျက်ခဲ့ရသည်။ ၁၂၉၇ တွင် သူမသည် ကျော်စွာမင်းအား အာဏာသိမ်းသည့် အစီအစဉ်ကို ဦးဆောင်ခဲ့ပြီး ၁၃၁၀ ဆယ်စုနှစ်တွင် ကန့်လန့်ကာ နောက်ကွယ်မှ ထိန်းချုပ်သူအဖြစ် ရှိနေခဲ့သည်ဟု ရာဇဝင်ကျမ်းများက ဖော်ပြခဲ့သည်။ ၁၃၁၃ ခုနှစ်တွင် တစ်စီးရှင် သီဟသူက ပုဂံထီးနန်းကို သိမ်းပိုက်မှုကို ကောင်းချီးပေးခဲ့သည်။ သို့သော်လည်း ခေတ်ပြိုင်ကျောက်စာမှတ်တမ်းများအရ အားလုံးက လက်မခံကြသော်လည်း မိဖုရားစောသည် အေဒီ ၁၂၉၅/၉၆ အစောပိုင်းတွင် ကွယ်လွန်ခဲ့ပြီးဖြစ်ကာ ၁၄ ရာစုနှစ် အစောပိုင်းတွင် ရှိနေသော ဖွားစောမှာ စောသစ်မထီး ဖြစ်သည်ဟု ဆိုကြသည်။



ကျောက်စာနှင့် တရုတ်ရာဇဝင်ထွက် မိဖုရားဖွားစော ပုဂံမင်းဆက်နောက်ပိုင်းတွင် စောဘွဲ့ခံ မိဖုရားအများ ပေါ်ပေါက်ခဲ့သည်ကို နှောင်းခေတ် ရာဇဝင်ဆရာတို့ ထွေးရှက် မှတ်မှားခဲ့ကြ၏။ ဤစာမူ၌ မိဖုရားဖွားစောကိုယ်တိုင် ရေးထိုးခဲ့သော ကျောက်စာပါ တိကျမှန်ကန်သော အချက်အလက်များကို တင်ပြထားသဖြင့် ရာဇဝင်သုတေသီများအဘို့ အသုံးဝင်မည့် သုတေသနတရပ် ဖြစ်ပေသည်။

ပုဂံကျောက်စာတို့တွင် စဝ်ဟု ပါရှိလျက် ယခုအခါတွင် စောဟု ရေးကြသော စကားလုံးသည် နနချောင် ရှမ်းတို့၏ ဘွဲ့အမည်တစ်ခုဖြစ်၍ ယင်းကို ပုဂံကျောက်စာပါ မင်းမိဖုရားအမည်များတွင် မကြာခဏ တွေ့ရသည်။ ပုဂံဆက် နောက်ပိုင်းတွင် စောဘွဲ့ခံ မိဖုရားအများ ပေါ်ပေါက်ခဲ့သည်ကို နှောင်းခေတ် ရာဇဝင်ဆရာတို့သည် ထွေးရှက် မှတ်မှားကြသည်။ တရုတ်ပြေးမင်း (တရုတ်ပိယ်မင်၊ မြန်မာ ၆၁၇-၆၄၉)၏ ကျော်စောထင်ရှားသော မိဖုရားကြီး ဖွားစောသည်ကား သက္ကရာဇ် ၆၅၂ ခုနှစ်၊ ၆၅၃ ခုနှစ်တို့တွင် ပုဂံပြည် မင်းနံသူအရပ်၌ စောလှဝန်းဘုရားကျောက်စာတို့ကို ရေးထိုးခဲ့သည့် သခင်ရာဇသူ ဖွားစော(သိင်ရစဖူဖွာစဝ်) ဖြစ်သည်။ ယင်း ကျောက်စာတို့ကို မြန်မာတိုင်းရင်း ကျောက်စာများ၊ တတိယထုပ်၊ ဓာတ်ပုံ ၂၇၂-၅ တို့တွင် ပြထားသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်၊ အတွဲ ၂၆၊ စာမျက်နှာ ၁၃၇-၈ တို့တွင်လည်း အချို့တဝက်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပုံနှိပ်ထားသည်။ ၎င်းတို့ အရအဆိုလျှင် မိဖုရားဖွားစောသည် ဇာတိအားဖြင့် တောင်သူကြီး သမီးမဟုတ်။ ပုဂံနန်းရိုး မင်းသမီးတစ်ပါး ဖြစ်သည်ကို သိရသည်။

ဖွားစော၏ အဖိုးမှာ ကျစွာမင်းကြီး(ကစွာမင်ကြီ၊ မြန်မာ ၅၉၇-၆၁၁) ဖြစ်သည်။ မင်းကြီးသည် ဖွားစောကို အလွန် ချစ်မြတ်နိုး၍ သမီးဟုခေါ်လေ့ရှိသည်။ အဖွားမှာ မင်းကြီး၏ မိဖုရားတပါးဖြစ်ရာ၏ဟု မှတ်ယူဘွယ်ရှိသော စောမင်းလှ (စဝ်မင်လှ)ဖြစ်သည်။ စောမင်းလှသည်လည်း ဖွာစောကို အလွန် ချစ်မြတ်နိုးသည်။ အမိမှာ ကျစွာမင်းကြီး၏ သမီးတော် တစ်ပါးဖြစ်၍ ဟန်လင်းသည်၏သား(မြေး) အမတ်သရေ (သရိယ်)နှင့် လက်ထပ်သည်။ အမတ်သရေသည် ကျစွာမင်းနှင့် ဥစ္စနာမင်းတို့၏ လက်ထက်တွင်၎င်း၊ တရုတ်ပြေးမင်းလက်ထက် စောစောပိုင်းတွင်၎င်း ထင်ရှားသည်။ သက္ကရာဇ် ၅၉၉ ခုနှစ်တွင် စောလှဝန်းဘုရားနှင့် ကျောင်းတို့ကို ဦးစွာ တည်သည်။ ဖွားစော၏ ညီမတစ်ယောက်ကား တြိလောကစန္ဒြဟူ၍၎င်း၊ သုံးလူ့လ (သုံလူလ)ဟူ၍၎င်း တွင်၍ ဥစ္စာနာမင်း (မြန်မာ ၆၁၁-၇)၏ တောင်ဖြစ်သည် မိဖုရားကြီး ဖြစ်သည်။

(ကြာ သော် သုံလူလကို သမ္ဘူလဟု မှတ်မှားကြသည်။) တလမြို့ (တံတွေးမြို့)တွင် ဥစ္စနာမင်းတို့ လုပ်ကြံခံရပြီးနောက်၌ တရုတ်ပြေးမင်းဟု တွင်အံ့သော ပန်းပွတ်သည်မနှင့်ရသော သားတော်သည် ပုဂံထီးနန်းကို ဆက်ခံသည်။ ထိုမင်းသည် ငယ်ရွယ်သေးသည်ဖြစ်၍ မင်းအဖြစ်၌ တည်တံ့ခိုင်မြဲရန်အလို့ငှာ ဖွားစော၏အစ်မ ရတနာပုံကို နန်းတင်သည်။ အလွန်လည်း ချစ်မြတ်နိုးသည်။ နန်းတင်၍ ခုနစ်နှစ်အကြာ သက္ကရာဇ် ၆၂၄-ခုတွင် ရတနပုံ အနိစ္စရောက်လျှင် မင်ကြီးသည် မိဖုရားကိုရည်၍ မင်းနံသူအရပ်တွင် ကျောင်းနှင့်ကူတို့ကို တည်သည်။ ကူမှာ ယခုအခါ ငလူးဂူဟုတွင်သည်။ ရတနာပုံမရှိမှ ညီမတော် ဖွားစောကို နန်းတင်သည်ဟု ယူမှတ်ဖွယ်ရှိသည်။ ဖွားစောတွင် သားသမီးမရှိဟု ရာဇဝင်တို့ဆိုသည်ကား မမှန်။ တရုတ်ပြေးမင်းနှင့် သားတော်နှစ်ပါး ရသည်။ ယင်းတို့ကား ကျောက်စာတို့တွင် 'ချစ်စွာသော ငါ့သားလှ'ဟု ဆိုသော မင်းသား ရာဇသူ တစ်ပါး၊ ညီမင်းသားကျစွာတစ်ပါးတို့တည်း။ သက္ကရာဇ် ၆၂၆-ခုနှစ်တွင် ဖွားစောသည် ခမည်းတော်၏ ကျောင်း၌ ဦးစွာသော အလှူကို ပြုတော်မူသည်။

၆၄၆ ခု (ခရစ် ၁၂၈၄)နှစ် ဆောင်းရာသီတွင် တရုတ်စစ် ရောက်၍ မင်းကြီး အကြေသို့စုန်သော် ဖွားစောလည်းပါ၍ ပြည်မြို့ အနောက်ဘက် လှည်းကျမုဆိုးရွာ(လှည်ကမုဆိုဝ်ရွာ)သို့ ရောက်ဝင် စခန်းချခဲ့ပု၌ရသုည်၊ ၆၄၈၊ ၆၄၉ ခုနှစ်ဆီတွင် တရုတ်မင်း ခုဗိလဲခနနှင့် စစ်ပြေငြိမ်း၍ ပုဂံသို့ ဆန်တက်ရာတွင် ပြည်မြို့၌ ပြည်သူကြီးလုပ်ကြံ၍ မင်းကြီး အနိစ္စရောက်သည်။ တစ်ဖန် ပြည်သူကြီးကို မင်းကြီး၏သားတော်တစ်ပါးဖြစ်သော တလသူကြီးက လုပ်ကြံဖျောက်ဖျက်လိုက်ပုံရသည်။ ထိုနောက် တလသူကြီးသည် တရုတ်တို့ထံတွင် အညံ့ခံ၍ ၆၅၁-ခုနှစ် နွယ်တာလတွင် ပုဂံပြည်၌ ရွှေနန်းရှင် (ရှုယ်နန်သျှင်) ဟူသော အမည်ဖြင့် အဘိသိက်ခံယူသည်။ သို့ပင်ဖြစ်လင့်ကစား ရွှေနန်းရှင်ည် ကျောက်ဆည်ကို မင်းပြုသော ရှမ်းညီနောင် အမတ်သုံးပါးတို့၏ မျက်နှာကိုကြည့်၍သာလျှင် မင်းပြုရရှာ သည်။ ထိုအခါ ဖွားစောသည် နှစ်ဦးနှစ်ဖက်လုံးနှင့် သင့်မြတ် အောင် ကြံဆောင် နေထိုင်သည်။ ရွှေနန်းရှင်၏ မိဖုရားအဖြစ် ကိုလည်း ခံယူသည်။ ၆၅၂ ခုနှစ်တွင် ဖွားစောသည် သားတော် များနှင့်အတူ ပုဂံပြည်သို့ ပြန်ရောက်နေပြီဖြစ်၍ စောလှဝန်း ကျောင်းကို မြတ်ကြီးအစလဗုဒ္ဓိအား တင်လှူသည်။ ၆၅၃ ခုနှစ် တန်ခူးလပြည့်နေ့တွင် သားတော်ရာဇသူ အနိစ္စရောက်ရာ ဖွားစောသည် နှလုံးထိတ်လန့်ရကား သားတော်၏ ကောင်းမှု စေတီ မပြီးသေးသည်ကို အပြီးတိုင် တည်တော်မူ ပြီးလျှင် ခမ်းလည်းခမ်းနား ကျေးလည်းကျေကွဲဘွယ် ကောင်းသော ဆုတောင်းကြီးကို တောင်းဆိုရေးထိုးခဲ့သည်။ ထိုဆုတောင်ကြီး ကား ပုဂံခေတ်၏ နောက်ဆုံးပိတ် မရဏတေးသံကြီးပင် ဖြစ်သည်ဟု ဆိုထိုက်တော့သည်။ ထိုဆုတောင်းကြီးမှ ကောက်နုတ်ချက်အနည်းငယ်ကို ယခုခေတ် အရေးမျိုးဖြင့် လဲလှယ်၍ အောက်တွင် ဖော်ပြထားသည်။

သက္ကရာဇ် ၆၅၃ ခု နယုန်လဆန်း ၁၁ ရက် ၅ နေ့ အစောရာဇသူ စေတီတည်သော ရာဇသူမိ နှလုံးထိတ်လန့်ရကား ငါ၏ မိဖဘိုးဘေးတို့လည်း အမွေဥစ္စာတို့ကို စွန့်ခဲ့၍ သွားခဲ့ ကုန်၏။ ချစ်စွာသော ငါ့သားလှလည်း အမွေဥစ္စာနှင့် တကွ ငါမိရင်းကို စွန့်ခဲ့ပြီးကား ငါလည်း သူမယူနိုင်၍ ထားခဲ့သော အမွေဥစ္စာတို့ကို၎င်း မပါတတ်သောအကြောင်းကို သိရကား ငါ့မိ ငါ့ဘ ငါ့သား အမျိုးခပ်သိမ်းကို နိဗ္ဗာန်၏ ပစ္စည်းအထောက်အပင့် ဖြစ်စိမ့်သောငှာ လှူတုံသောမြေ--- သက္ကရာဇ် ၆၅၃ ခု နယုန်လဆန်း ၁ဝရက် ၄ နေ့ ကွန်းပြောက်ကြီး ထွက်တော်မူသော် အတို့ကျွန့်ဖလည်း မရှိ။ အတို့ကျွန်မိလည်း မရှိ။ အတို့ကျွန်သားလည်း မရှိ။ အတို့ကျွန် ဖကျွန် အတို့ကျွန် မိကျွန်၊ အတို့ကျွန် ကျွန်၊ ခပ်သိမ်းသော ကျွန်ကား အတို့ကျွန်မိကျောင်း၊ အတို့ကျွန် ဖကျွန်ကျောင်း၊ အတို့ကျွန်သားစေတီ၊ ဤသုံးပါးကို အတို့ကျွန် လှူရကား လှူတော်မူပါစေချင်ဟု ဆိုသတည်း။

ဤသို့ ငါလှူသော အကျိုးကား ငါ့အဖိုး ကျစွာမင်းကြီး၊ ငါ့ဖွား စောင်မင်းလှ၊ ငါ့မိမင်း၊ ငါ့ဖ၊ ငါ့ချစ်သား နှစ်ယောက် အဘဖြစ်သော အတို့သခင်မင်းကြီး၊ ငါ့သခင်သား တရားမင်း ကြီး၊ ငါ့ဦးရီးတော် သိက‡သူ၊ ငါ့မိထွေး အမိဖုရား သုံးလူ့လ၊ ငါ့အစ်မ အမိဖုရား၊ ရတနာပုံ၊ ငါ့မောင်သုံးယောက်၊ ငါ့ညီမ ၂ ယောက် လွန်လေသော အမျိုးခပ်သိမ်း၊ ယခုသော အမျိုးချပ် သိမ်း၊ မောင်းမမိသင်ခပ်သိမ်း၊ အထက်ကား ဘဝဂ်တိုင်အောင်၊ အောက်ကား အဝီစိတိုင်အောင်၊ လေးမျက်နှာ အနန္တစကြဝဠာ ခပ်သိမ်း ရပါစေ၏။---

ငါလည်း ဤကောင်းမှုအကျိုးဖြင့် ဤမှသေခဲ့လျှင် စွယ် တော်ကိုလျှင် မကွေမကင်း ညနံနက်လျှင် ရှိခိုးရသော နတ်သား ဖြစ်လို၏။ငါလိုသောဆု မရောက်သောကြားကား ဘုရားလောင်း တကာ ဖြည့်ရာသော ဒသပါရမီကို ဖြည့်ရလိုသတည်း။

သက္ကရာဇ် ၆၅၉ ခုနှင့် ၆၆၁ ခုအတွင်းတွင် ရှမ်းညီနောင် တို့သည် တရုတ်တို့ထံတွင် အညံ့ခံသော ရွှေနန်းရှင်ကို အရိုသေ တန်ကာ နန်းချ၍ ဖျောက်ဖျက်ခဲ့သည်။ ထိုနောက် ရွှေနန်းရှင်၏သား စောနစ်(စဝ်နစ်)ကို ပုဂံရွှေနန်းတွင် တင်ကြ ပြန်၍ မိမိတို့မူကား ကျောက်ဆည်တွင် မင်းထီးမူကြသည်။ ပုဂံထီးမွေနန်းမွေပို ပိုမို ခံယူခွင့်ရှိသော ဖွားစော၏သား ကျစွာ မင်းကိုမူ ရှမ်းညီနောင်တို့သည် ကျောက်ဆည်တွင် ထိန်းသိမ်း ထားပုံရသည်။ နောင်သောအခါ ထိုမင်းသားကို မြင့်စိုင်းမြို့ အနီးရှိ ပုထိုးနီရွာကို စားရသော ပုထိုးနီမင်း (ပုထိုဝ်နီမင်)နှင့် လက်ထပ်ပေးစားလိုက်သည်။

ဖွားစောမှာ မောင်သုံးယောက်နှင့် ညီမနှစ်ယောက်ရှိသည်။ ဖွားစော မည်သည့် သက္ကရာဇ်တွင် အနိစ္စရောက်သည်ကို အတိ အကျ မသိရသော်လည်း ရွှေနန်းရှင်အလျင် အနိစ္စရောက်သည် မှာကား ထင်ရှားသည်။ ဖွားစောမရှိလျှင် ညီမတော်သည်

တတိယဖွားစောအဖြစ်ဖြင့် မိဖုရားအရာကိုရ၍ နောင်သောအခါ စောနစ်၏ မိဖုရားကြီးလည်း ဖြစ်လာသည်။ ဤတတိယ ဖွားစောသည် သားတော်သမီးတော်တို့နှင့် အတူ ပုဂံ အရှေ့ တောင်ဘက် သုံးမိုင်ကွာတွင် တည်ရှိသောရွာကြီး၌ ဆက်လက် နေထိုင်ကာ ရွာကို ဖွားစောရွာဟု တွင်စေခဲ့သည်။ ကူဘုရား၊ စေတီ၊ ကုလားကျောင်း များစွာတို့ကိုလည်း တည်ဆောက် လှူတန်းခဲ့သည်။ ယင်းတို့သည်ကား ပုဂံခေတ်၏ နောက်ဆုံး ပိတ် ဗိသုကာလက်ရာကောင်းများပေတည်း။

ဂျီ၊ အိပ်၊ လု(စ်)။[2]

ထီးနန်းတင်မြှောက်သူ

နရသီဟပတေ့မင်း ကွယ်လွန်သွားခြင်းက ရာစုနှစ် နှစ်နှစ်ခွဲကျော် ရှည်ကြာခဲ့သော ပုဂံအင်ပါယာကြီး၏ အဆုံးသတ်လဲ ဖြစ်ခဲ့သည်။ နိုင်ငံအဝှမ်း မငြိမ်မသက်မှုများနှင့် သူတလူငါတမင်းများ ဖြစ်ပေါ်လာခဲ့သည်။ သို့အတွက် စောလှဝန်းသည် ပုဂံသို့ ပြန်လာကာ နိုင်ငံကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ခဲ့သည်။ ပုဂံတွင် သူမသည် တရားလွှတ်တော်အကြီးအကဲအဖြစ် ရှိနေဆဲဖြစ်သည်။ နရသီဟပတေ့မင်း ကွယ်လွန်ပြီး တစ်နှစ်ခွဲခန့်အကြာ အေဒီ ၁၂၈၉ မေ ၃၀ တွင် သူမသည် နရသီဟပတေ့၏ သားတော်တစ်ဦးဖြစ်သော ကျော်စွာ ကို ထီးနန်းတင်ခဲ့သည်။[3][4] အချို့သော အကြောင်းများကြောင့် သူမ၏ တစ်ဦးတည်းသော သားဖြစ်သူ ရာဇသူမင်းသားအား ထီးနန်းတင်မြှောက်ခဲ့ခြင်း မရှိခဲ့ပေ။[note 1]

အားလုံးက လက်ခံထားခြင်း မရှိသော်လည်း ကျောက်စာအထောက်အထားအရ သူမသည် ခန့်မှန်း အေဒီ ၁၂၉၅/၉၆ တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်သည်။ မြန်မာရာဇဝင်ကျမ်းများဖြစ်သော မဟာရာဇဝင်ကြီး နှင့် မှန်နန်း ရာဇဝင်တို့အရ သူမသည် သက်တမ်းကြာရှည်နေခဲ့ရာပြီး နောက်ထပ် အနည်းဆုံး ဘုရင်တစ်ပါးကို ထပ်မံတင်မြှောက်ခဲ့သေးသည်ဟု ဆိုသည်။ မှန်နန်း အရ သူမသည် အနည်းဆုံး အေဒီ ၁၃၁၃ အထိ ရှိနေခဲ့ပြီး သီဟသူ မြင်စိုင်း ထီးနန်းတက်ရာတွင် ချီးမြှောက်မှု ပြုလုပ်ခဲ့သေးသည်။

ရာဇဝင်ကျမ်းများအရ သူမတင်မြှောက်လိုက်သော ကျော်စွာဘုရင်သည် ပုဂံအနီးတဝိုက်သာ အာဏာသက်ရောက်နိုင်ခဲ့သဖြင့် များစွာစိတ်ပျက်ခဲ့ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းကို အဓိက အုပ်စိုးနေသူမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။ ရှမ်းညီနောင်သုံးဦး၏ အာဏာကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် အေဒီ ၁၂၉၇ တွင် မွန်ဂိုလက်အောက်ခံအဖြစ် နေရန် ကျော်စွာဘုရင်က ဆုံးဖြတ်ခဲ့သည်။[4][5] ရှမ်းညီနောင်သုံးဦးအား များစွာ ဂရုစိုက်လှသည်မဟုတ်သော်လည်း သူမသည် ရှမ်းညီနောင်တို့နှင့် ပူးပေါင်း၍ ကျော်စွာဘုရင်ကို ဖယ်ရှားရန် လျှို့ဝှက်ကြံစည်ခဲ့သည်။[6][7] ၁၂၉၇ ဒီဇင်ဘာတွင် မင်းညီနောင်သုံးပါးကို မြင်စိုင်းအရပ်၌ ဂူပုထိုးတို့ကို တည်ထားစီရင်စေလေ၏။ ပြီးသော် မင်းကြီးကျော်စွာကို လှည့်လည် ကြွချီ ချင်စိတ်ရှိအောင် လျှောက်တင်လေသည်။ မင်းကြီးလည်း ယုံကြည်တော်မူပြီး လှည့်လည်လေသည်။ မိဖုရားဖွားစောလည်း မှူးမတ်တို့နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သောကြောင့် မင်းကြီး မြင်စိုင်းသို့ရောက်သော် မင်းညီနောင် သုံးပါးက မင်းကြီးကို ဖမ်း၍ သင်္ကန်းလဲစေပြီး ထိုကျောင်းတွင် အစောင့်အရှောက်နှင့် ထားလေသည်။[6]

မိဖုရားစောသည် ကျော်စွာ၏ သားတော်ဖြစ်သော ၁၄ နှစ်အရွယ် စောနစ်ကို နန်းတင်သည်။ အာဏာမရှိသော မင်းအဖြစ်ဖြင့် ရှမ်းညီနောင်သုံးဦးမှ ထီးပြိုင်နန်းပြိုင် အုပ်စိုးသည်ကိုသာ လက်ပိုက်ကြည့်ရှုနေရပြီး ပွဲတက်ဘုရင်မျှသာ နေရာရသည်။[note 2] မြန်မာနိုင်ငံအလယ်ပိုင်းတွင် မင်းနေပြည်တော်သစ်ပေါ်ပေါက်လာခြင်းကို အပြည့်အဝ မထောက်ခံသော်လည်း သူမအနေဖြင့် ရှမ်းညီနောင်သုံးဦး၏ အစီအစဉ်များကို လက်ခံခဲ့ရသည်။[8] သို့သော်ငြားလည်း သူမသည် ပုဂံမင်းဆက်ဟောင်း၏ သင်္ကေတစ်ခုအနေဖြင့် ရှိနေဆဲဖြစ်သည်။ မှန်နန်း အဆိုအရ သီဟသူသည် ပင်းယထီးနန်းတက်ပွဲတွင် ပုဂံမင်းဆက်၏ ဆက်ခံသူအဖြစ် ဘိသိတ်မြှောက်ပေးရန် မိဖုရားစောအား တောင်းဆိုခဲ့သည်။ မိဖုရားသည် အစောပိုင်းတွင် အစွမ်းကုန် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် သီဟသူထံမှ နှိမ့်ချသော စာလွှာတစ်စောင် ရောက်လာပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။[8] အေဒီ ၁၃၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သီဟသူ၏ ထီးနန်းတက်ပွဲ ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် အနော်ရထာမင်းလက်ထက်မှစ၍ နန်းတွင်းတလျှောက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သော ရွှေခါးကြိုးနှင့် ရွှေသောက်ရေတင်ကို သီဟသူအား မိဖုရားစောက လက်ဆောင်ပေးခဲ့သည်။[9][10]

သမိုင်းဆိုင်ရာ အချက်အလက် စစ်ဆေးမှုများ

မိဖုရားဖွားစောသည် အမှန်တယ် တည်ရှိခဲ့သူ ဖြစ်သည်။ ခေတ်ပြိုင် ကျောက်စာများကို ၁၉၆၆ ခုနှစ်တွင် ဗိုလ်မှူးဘရှင်က စစ်ဆေးခဲ့ရာတွင် ဖွားစောအမည်ရှိ မိဖုရား အနည်းဆုံး သုံးဦးကို တွေ့ရှိခဲ့ပြီး ယင်းတို့မှာ စောမင်းဝိုင်း၊ စောလှဝန်းနှင့် စောသစ်မထီး တို့ ဖြစ်ကြသည်။ (ပင်းယခေတ်တွင် ဖွားစော မိဖုရားတစ်ဦး ရှိခဲ့ပြီး သူမမှာ မိစောဦးဖြစ်သည်။) အဆိုပါ မိဖုရားသုံးဦးသည် ဘုရားကျောင်းကန်စေတီများ လှူဒါန်းခဲ့ရာတွင် ကျောက်စာများ ရေးထိုးခဲ့ကြသည်။[11]

ဗိုလ်မှူးဘရှင်၏ စစ်ဆေးချက်များအရ[note 3]

  1. နရသီဟပတေ့မင်း၏ မိဖုရာခေါင်ဖွားစော၏ ငယ်မည်မှာ စောလှဝန်းဖြစ်သည်။ ရာဇဝင်ကျမ်းများတွင် သူမငယ်မည်ကို ဖော်ပြထားခြင်း မရှိပေ။
  2. စောလှဝန်းသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသည်။ ရာဇဝင်ကျမ်းများတွင် သူမအား သာမန် ကျေးလက်သူအဖြစ် ဖော်ပြထားမှုမှာ မှားယွင်းနေသည်။[12]
  3. စောလှဝန်းသည် အေဒီ ၁၂၆၂ တွင်မှ မိဖုရားခေါင် ဖြစ်လာခြင်း ဖြစ်ပြီး နရသီဟပတေ့ နန်းတက်ချိန် (နိုဝင်ဘာ ၁၂၅၆) တွင် မိဖုရားခေါင် မဖြစ်သေးပေ။[13]
  4. စောလှဝန်းသည် ကျော်စွာဘုရင်၏ မိဖုရားလည်း ဖြစ်သည်။[14]
  5. သူမသည် အေဒီ ၁၂၉၅/၉၆ တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်သည်။[14]
  6. သူမကွယ်လွန်ပြီးနောက် သူမ၏ ညီမတော်ဖြစ်သော စောသစ်မထီးသည် ကျော်စွာဘုရင်၏ မိဖုရားခေါင် ဖြစ်လာခဲ့ပြီး ဖွားစောဟုလည်း ခေါ်ဝေါ်ခဲ့သည်။[15] စာတမ်းသည် သစ်မထီးဖွားစော၏ ၁၃၀၂ ခုနှစ်တွင် ရေးထိုးသော ကျောက်စာကို ကိုးကားပြုထားပြီး အဆိုပါ ကျောက်စာတွင် သူမ၏ အစ်မတော် မိဖုရားသည် ကျော်စွာ ဘုရင် နန်းကျချိန်မတိုင်မီ (၁၂၉၇ ခုနှစ်) ကွယ်လွန်ခဲ့သည်ဟု ဆိုသည်။[16]

အဆိုပါ စာတမ်းအား ခေတ်ပြိုင်ပညာရှင်များက စိစစ်သုံးသပ်ခြင်း ရှိမရှိကို မသိရပေ။[note 4] အဆိုပါအချက်များ အားလုံးကို ပညာရှင်များက လက်မခံခဲ့ပေ။[note 5]

မှတ်စု

  1. သားတော်သည် မကျန်းမမာ ဖြစ်နေဟန်တူသည်။ (Ba Shin 1982: 39 ) အရ ရာဇသူမင်းသားသည် အေဒီ ၁၂၉၁ မေလ ၁၀ ရက် (မြန်မာသက္ကရာဇ် ၆၅၃ နယုန်လဆန်း ၁၁ ရက်၊ ကြာသပတေး) တွင် ကွယ်လွန်သည်။ သားတော်အတွက် ရည်စူးဆောက်လုပ်လှူဒါန်းခဲ့သော ရာဇသူစေတီ ကျောက်စာတွင် သားတော် ကွယ်လွန်မှုကြောင့် နှလုံးထိတ်လန့် သံဝေဂရပုံကို ရေးထိုးထားခဲ့သည်။
  2. (မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ ၂၅၉): အေဒီ ၁၃၀၉ အောက်တိုဘာ ၂၀ တွင် ညီနောင်သုံးဦးမှ အငယ်ဆုံး သီဟသူသည် မင်းအဖြစ် ခံယူခဲ့သည်။ နောင်တော်ကြီး အသင်္ခယာက ထကြွပုန်ကန်ခဲ့ဟန်တူပြီး (မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၅၄) အရ အေဒီ ၁၃၁၀ ဧပြီ ၁၃ တွင် အသင်္ခယာအား သီဟသူက လုပ်ကြံခဲ့သည်။
  3. စာတမ်း အပြည့်အစုံတွက် (ဘရှင် ၁၉၈၂) ကိုကြည့်ပါ။
  4. စာတမ်းကို မြန်မာဘသာဖြင့် ရေးသားထားပြီး နိုင်ငံတကာမှ ပညာရှင်များ စိစစ်သုံးသပ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာပြန် ရှိမရှိ မသိရပေ။ အဆိုပါ စာတမ်းအား ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာန ငွေရတုအထိမ်းအမှတ် ပုံနှိပ်ပြီး စာတမ်းစုအဖြစ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
  5. (မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၃၄၊ အောက်ခြေမှတ်စု ၁): တက္ကသိုလ်များ သမိုင်းသုတေသန ဌာနမှ တည်းဖြတ်သူများက မဟာရာဇဝင်ကြီးအား ၂၀၀၆ ခုနှစ် ပုံနှိပ်အကြိမ်တွင် ပုဂံခေတ်နှောင်းပိုင်းတွင် ဖွားစော သုံးဦးရှိသည်ကို လက်ခံသော်လည်း စောလှဝန်းသည် ကျော်စွာဘုရင်၏ မိဖုရားဖြစ်သည်ဟူသည့် အချက်နှင့် စောလှဝန်းနှင့် စောသစ်မထီးတို့ ညီအစ်မဖြစ်သည်ဆိုသော အချက်များကို ဖော်ပြထားခြင်း မရှိပေ။ စောလှဝန်း၏ ကွယ်လွန်နှစ်ကို ဗိုလ်မှူးဘရှင်၏ စာတမ်းက မိဖုရားနှစ်ပါး ညီအစ်မနှစ်ဦးဖြစ်ခြင်းအပေါ် မူတည်ရယူထားခြင်းဖြစ်ပြီး တည်းဖြတ်သူများကမူ မူလရာဇဝင်ကြီးမှ ဆိုသည့်အတိုင်း စောလှဝန်းသည် ၁၂၉၆ ကျော်အထိ သက်ရှိထင်ရှားရှိခဲ့သည်ကို အတည်ပြုကြသည်။

ကိုးကား

  1. Ba Shin 1982: 47
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
  3. Htin Aung 1967: 72
  4. Than Tun 1959: 119–120
  5. Htin Aung 1967: 73
  6. Htin Aung 1967: 74
  7. Harvey 1925: 76
  8. Htin Aung 1967: 76
  9. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၀–၃၇၁
  10. Harvey 1925: 78
  11. ဘရှင် ၁၉၈၂၊ စာ ၂၂–၂၅
  12. ဘရှင် ၁၉၈၂၊ စာ ၃၈
  13. ဘရှင် ၁၉၈၂၊ စာ ၄၀၊ ၄၃၊ ၄၆
  14. ဘရှင် ၁၉၈၂၊ စာ ၄၁
  15. ဘရှင် ၁၉၈၂၊ စာ ၄၁–၄၃

ကျမ်းပြုစာရင်း

  • ဘရှင်, ဗိုလ်မှူး (၁၉၆၆). "ပုဂံခေတ် ဖွားစောများ" (in မြန်မာဘာသာ). ရန်ကုန်: မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာန.
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • ထင်အောင်၊ မောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • Lockard၊ Craig (2009)။ Southeast Asia in World History (illustrated ed.)။ Oxford University Press။ ISBN 9780195160758
  • ဖေ၊ မောင်တင်; လုစ်၊ G.H.The Glass Palace Chronicle of the Kings of Burma (၁၉၆၀ ed.)။ Rangoon University Press။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • ဒေါက်တာသန်းထွန်း (December 1959). "History of Burma: A.D. 1300–1400". Journal of Burma Research Society XLII.
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
မိဖုရားစော
မွေးဖွား c. ၁၂၄၀ ကွယ်လွန် c. ၁၃၁၀ ဆယ်စုနှစ် (သို့ ၁၂၉၅/၉၆)
Royal titles
ယခင်က
ရတနာပုံ
မိဖုရားခေါင်
၁၂၆၂–၁၂၈၇
ဆက်ခံသူ
သစ်မထီး ဖွားစော
ပုဂံမိဖုရားခေါင် အဖြစ်
ယခင်က
စောမင်းဝိုင်း
မြောက်နန်းမတော် မိဖုရား
၁၂၅၆–၁၂၆၂
ဆက်ခံသူ
စောစိုး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.