ကင်ညာနိုင်ငံ

ကင်ညာနိုင်ငံ၏ တရားဝင်အမည်မှာ ကင်ညာသမ္မတနိုင်ငံ ဖြစ်ပြီး အရှေ့ အာဖရိကရှိ အာဖရိက ဂရိတ်လိတ်ခ် ဒေသတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကင်ညာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ နိုင်ရိုဘီမြို့ ဖြစ်သည်။ ကင်ညာနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိပြီး အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ အရှေ့မြောက်ဘက်တွင် ဆိုမာလီယာနိုင်ငံ၊ မြောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် တောင်ဆူဒန်နိုင်ငံ အနောက်ဘက်တွင် ယူဂန်းဒါးနိုင်ငံ နှင့် တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ တို့ တည်ရှိသည်။ ကင်ညာနိုင်ငံသည် အကျယ်အဝန်း အားဖြင့် ၂၂၄,၄၄၅ စတုရန်းမိုင် (၅၈၁,၃၀၉ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် လူဦးရေ ၄၄ သန်းမျှ ရှိသည်။

ကင်ညာ သမ္မတနိုင်ငံ
Jamhuri ya Kenya
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Let us all pull together
နိုင်ငံတော် သီချင်း: O God of All Creation
မြို့တော်
နှင့် အကြီးဆုံးမြို့
နိုင်ရိုဘီမြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်ဆွာလီဟီ
အမျိုးအစားသမ္မတတစ်ပိုင်း ဦးဆောင်သော သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
Uhuru Kenyatta
 ဝန်ကြီးချုပ်
William Ruto
တည်ထောင်
 လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ)
ဒီဇင်ဘာ ၁၂၊ ၁၉၆၃
 သမ္မတနိုင်ငံ ထူထောင်ခြင်း
ဒီဇင်ဘာ ၁၂၊ ၁၉၆၄
ဧရိယာ
 စုစုပေါင်း
၅၈၀,၃၆၇ km² (၂၂၄,၀၈၀ sq mi) (အဆင့်: ၄၇)
 ရေထု (%)
၂.၃
လူဦးရေ
 ခန့်မှန်း
၄၁,၀၀၀,၀၀၀ (၂၀၁၁) (အဆင့် - ၃၃)
 သိပ်သည်းမှု
၆၇.၂/km² (၁၇၄.၁/စတုရန်းမိုင်) (အဆင့် - ၁၄၀)
GDP (PPP)ခန့်မှန်း
 Per capita
US $၁,၆၆၁
HDI၀.၄၇၀
နိမ့် · ၁၂၈
ငွေကြေးကင်ညာ ရှီလင်
တယ်လီဖုန်းကုဒ်+၂၅၄
Internet TLD.ke

ကင်ညာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တစ်လျှောက်တွင် ပူနွေးပြီး စိုစွတ်သော ရာသီဥတုမျိုး ရှိသည်။ ထိုမှ ကုန်းတွင်း မြို့တော် ရှိရာသို့ ဝင်ရောက်သွားလျှင် တောရိုင်းတိရစ္ဆာန်များ ပေါများသည့် ဆာဗားနားမြက်ခင်းပြင်၏ ရာသီဥတုမျိုး သို့ ပြောင်းလဲသွားသည်။ နိုင်ရိုဘီတွင် အေးမြသော ရာသီဥတု ရှိပြီး အမြဲတမ်း နှင်းဖုံးလွှမ်းနေသော တောင်ထွဋ် ၃ ခု ရှိသည့် ကင်ညာတောင်သို့ နီးကပ်လာသည် နှင့် အမျှ ပို၍ အေးလာသည်။ ထိုမှ ကုန်းတွင်းသို့ ဆက်လက် ဝင်ရောက်သွားလျှင် ဝိတိုရိယအိုင် အနီးတဝိုက်တွက် ပူနွေးပြီး စိုစွတ်သော အပူပိုင်း ရာသီဥတုသို့ တဖန်ပြန်၍ ပြောင်းလဲ သွားသည်။ ထိုမှတဆင့် အနောက်ပိုင်းရှိ တောအုပ်နှင့် တောင်ထူထပ်သော နေရာတွင် သမမျှတသော ရာသီဥတုသို့ တဖန် ပြောင်းလဲသွားသည်။ အီသီယိုးပီးယားနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့မြောက် ဒေသမှာ ကန္တာရနီးပါးမျှ ဖြစ်သော ခြောက်သွေ့ရေရှား ရပ်ဝန်းဒေသ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးသော ရေချိုအိုင် ဖြစ်ပြီး အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည့် ဝိတိုရိယအိုင်သည် အနောက်တောင်ဘက်တွင် တည်ရှိပြီး ယူဂန်ဒါနိုင်ငံ၊ တန်ဇေးနီးယား နိုင်ငံတို့နှင့် ပိုင်နက် ဝေမျှ ထားသည်။

ကင်ညာနိုင်ငံသည် ယူဂန်ဒါနိုင်ငံ နှင့် တန်ဇေးနီးယားနိုင်ငံတို့နှင့် အတူ သားရိုင်းတိရိစ္ဆာန် ကြည့်ရှုရန် အတွက် ထင်ရှားပြီး အရှေ့နှင့်အနောက် ဆာဗို အမျိုးသား ဥယျာဉ်၊ မာဆိုင်းမာရာနာကူရူးကန် အမျိုးသား ဥယျာဉ်အာဘာဒဲ အမျိုးသား ဥယျာဉ် အစရှိသည့် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဒေသနှင့် အမျိုးသားဥယျာဉ်များကြောင့်လည်း ထင်ရှားသည်။ ထို့ပြင် လာမူး ကဲ့သို့သော ကမ္ဘာ့အမွေခံနေရာများ လည်း ရှိပြီး နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ နှစ်စဉ်ကျင်းပရာ ဖြစ်သော ကီလီဖီ ကမ်းခြေ ကဲ့သို့သော ကမ္ဘာကျော် ကမ်းခြေများလည်း ရှိသည်။

ကင်ညာနိုင်ငံ ပါဝင်သော အာဖရိက ဂရိတ်လိတ်ခ် ဒေသမှာ ကျောက်ခေတ်ဟောင်း ခေတ်ဦး ကာလ ကတည်းက လူသားတို့ နေထိုင်ခဲ့ကြသည်။ အေဒီ ပထမ ထောင်စုနှစ်တွင် အနောက်-အလယ် အာဖရိကမှ ဘန်တူ တို့၏ နယ်မြေချဲ့ထွင်မှု ရောက်ရှိလာခဲ့သည်။ ယနေ့ခေတ်နိုင်ငံများ၏ နယ်နိမိတ်မှာ နိုင်ဂါ-ကွန်ဂို ဘာသာစကားများ၊ နိုင်လို-ဆာဟာရ ဘာသာစကားများ၊ အာဖရို-အေးရှားတစ် ဘာသာစကားများ၏ ဆုံဆည်းရာ ဒေသ ဖြစ်သဖြင့် အာဖရိကတိုက်ကြီး၏ လူမျိုး နှင့် ဘာသာစကားတို့ ရောပြွမ်းရာ ဒေသဖြစ်သဖြင့် ကင်ညာနိုင်ငံသည် ယဉ်ကျေးမှု ပေါင်းစုံရှိရာ နိုင်ငံ ဖြစ်လာခဲ့သည်။ ဥရောပသား နှင့် အာရပ်တို့ ခေတ်သစ် အစောပိုင်းကပင် မွမ်ဘာဆာ ကမ်းရိုးတန်း ဒေသသို့ ရောက်ရှိလာခဲ့ပြီး ဥရောပသားတို့က ၁၉ ရာစု အစပိုင်းကပင် နိုင်ငံ အတွင်းပိုင်းသို့ စူးစမ်း ရှာဖွေ ခဲ့ကြသည်။ ဗြိတိသျှ အင်ပိုင်ယာက အရှေ့အာဖရိက ပရိုတက်ထရိတ် ကို ၁၈၉၅ တွင် တည်ထောင်ခဲ့ပြီး ၁၉၂၀ တွင် ကင်ညာကိုလိုနီနယ်မြေ အဖြစ်စတင်ခဲ့သည်။ ကင်ညာ သမ္မတနိုင်ငံသည် ၁၉၆၃ ခုနှစ် ဒီဇင်ဘာလတွင် လွတ်လပ်ရေး ရခဲ့သည်။ ၂၀၁၀ ဩဂုတ်လ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အပြီး ကင်ညာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲပြီးနောက် ကင်ညာသည် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၄၇ ခု အဖြစ် ခွဲခြားခဲ့ပြီး ရွေးချယ်ခံ ဒေသအုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ကြသည်။

မြို့တော် နိုင်ရိုဘီမြို့မှာ ဒေသအတွင်း စီးပွားရေး အချက်အခြာ နေရာ ဖြစ်သည်။ ကင်ညာနိုင်ငံ၏ စီးပွားရေးမှာ အရှေ့တောင် အာဖရိကနှင့် အလယ်အာဖရိကတွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် အားဖြင့် အကြီးမားဆုံး ဖြစ်သည်။ [1][2] စိုက်ပျိုးမွေးမြူရေးမှာ အဓိက စီးပွားရေး လုပ်ငန်း ဖြစ်ပြီး ရှေးယခင်ကတည်းက လက်ဖက် နှင့် ကော်ဖီတို့ကို အဓိက တင်ပို့ခဲ့ပြီး ယခုအခါ ဥရောပသို့ ပန်း များ တင်ပို့ရောင်းချလျှက် ရှိသည်။ ဝန်ဆောင်မှု လုပ်ငန်းမှာလည်း နိုင်ငံ၏ အဓိက စီးပွားရေး မောင်းနှင်အား တစ်ခုပင် ဖြစ်သည်။ ကင်ညာသည် အရှေ့အာဖရိက အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။ အခြားသော အာဖရိကနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကင်ညာတွင် နိုင်ငံရေး နှင့် စီးပွားရေး ပိုမို တည်ငြိမ်မှု ရှိသည်။

အမည်မှည့်ခေါ်ခြင်း

နိုင်ငံ၏ အမည်မှာ ကင်ညာတောင် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီ: နိုင်ငံ၏ထင်ရှားသော အမှတ်အသားနှင့် အာဖရိကတိုက်တွင် ဒုတိယမြောက် အမြင့်ဆုံးတောင် ဖြစ်သည်။

ပထဝီဝင်နှင့် ရာသီဥတု

ကင်ညာနိုင်ငံ၏ မြေပုံ

စတုရန်းမိုင်ပေါင်း ၂၂၄,၀၈၁ မိုင် (စတုရန်းကီလိုမီတာ ၅၈၀,၃၆၇ ကီလိုမီတာ)[3] မျှ ရှိသဖြင့် ကင်ညာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၄၇ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြ်စပြီး မာဒါဂတ်စကားနိုင်ငံ၏ နောက်မှ ကပ်၍ လိုက်သည်။ မြောက်လတ္တီကျု ၅° မှတောင်လတ္တီကျု ၅° အတွင်း၊ အရှေ့လောင်ဂျီကျု ၃၄° မှ ၄၂° အတွင်း တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာ၏ ကမ်းရိုးတန်းမှ အစပြုလျှက် မြေနိမ့်ဒေသများမှာ အတွင်းပိုင်း ကုန်းမြေမြင့် အဖြစ် တဖြည်းဖြည်း မြင့်မားသွားသည်။ ကုန်းမြေမြင့်များမှာ ကင်ညာတောင်ကြား ဒေသဖြင့် ပိုင်းခြားထားပြီး အရှေ့ပိုင်းတွင် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိရာ ကုန်းမြေမြင့် တစ်ခု ရှိသည်။

ကင်ညာကုန်းမြင့်ဒေသတွင် အာဖရိကတွင် အအောင်မြင်ဆုံးသော စိုက်ပျိုးမွေးမြူရေး ဒေသများ ပါဝင်သည်။ ကုန်းမြင့်ဒေသတွင် ကင်ညာတွင် အမြင့်ဆုံးနှင့် အာဖရိကတိုက်ပေါ်တွင် ဒုတိယမြောက် အမြင့်ဆုံး ဖြစ်သော ၁၇,၀၅၇ ပေ (၅,၁၉၉ မီတာ) အမြင့် ရှိသော ကင်ညာတောင် ပါဝင်ပြီး ရေခဲတောင်များလည်း ရှိသည်။ ၁၉,၃၄၁ ပေ ( ၅,၈၉၅ မီတာ) မြင့်သော ကီလီမန်ဂျာရိုတောင်ကို ကင်ညာနိုင်ငံမှ လှမ်းမြင်နိုင်သည်။

ကင်ညာနိုင်ငံ၏ ရာသီဥတုမှာ ကမ်းရိုးတန်းဒေသတွင် အပူပိုင်းမှ အစပြုလျှက် ကုန်းတွင်းပိုင်းတွင် သမမျှတသော ရာသီဥတု ရှိကာ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ပိုင်းတွင် ကန္တာရဆန်သော ရာသီဥတု ရှိသည်။ လတိုင်းတွင် နေသာပြီး တစ်နှစ်ပတ်လုံး နွေရာသီနှင့် ကိုက်ညီသော အဝတ်အထည်များကိုသာ ဝတ်ဆင်ကြသည်။ အတွင်းပိုင်း မြင့်သော ဒေသများတွင် ညဘက် နှင့် မနက်အစောပိုင်းတွင် အေး လေ့ ရှိသည်။

မိုးရွာချိန် ရှည်လျားသော ရာသီဥတုမှာ မတ်၊ဧပြီလမှ မေ၊ ဇွန်လ အထိ ဖြစ်သည်။ မိုးရွာချိန် တိုတောင်းသော ရာသီဥတုမှာ အောက်တိုဘာလမှ နိုဝင်ဘာ ဒီဇင်ဘာ အထိ ဖြစ်သည်။ မိုးရွာသွန်းမှုမှာ တခါတရံ သည်းထန်ပြီး အများအားဖြင့် နေ့လယ်ပိုင်း နှင့် ညနေပိုင်းများတွင် ရွာလေ့ ရှိသည်။ မိုးရွာသွန်းသောလများတွင် အပူချိန်မှာမူ မြင့်နေမြဲ ဖြစ်တတ်သည်။ အပူဆုံး အချိန်မှာ ဖေဖော်ဝါရီလ နှင့် မတ်လ ဖြစ်ပြီး မိုးရွာချိန် ရှည်လျားသော ရာသီဥတု မတိုင်မီ ဖြစ်သည်။ အအေးဆုံးမှာ ဇူလိုင်လတွင် ဖြစ်ပြီး ဩဂုတ်လ အလယ်အထိ အေးတတ်သည်။

နိုင်ရိုဘီမြို့ နောက်ခံဖြင့် နိုင်ရိုဘီအမျိုးသားဥယျာဉ်မှ သစ်ကုလားအုပ် တစ်ကောင်
Average annual temperatures
မြို့ အမြင့်(မီတာ)အမြင့်ဆုံး(°C)အနိမ့်ဆုံး (°C)
မွန်ဘာဆာ   ကမ်းရိုးတန်းမြို့ ၁၇၃၂.၃၂၃.၈
နိုင်ရိုဘီ မြို့တော် ၁,၆၆၁၂၅.၂၁၃.၆
ကီဆူမူ ကန်စပ်မြို့ ၁,၁၃၁၃၁.၈၁၆.၉
အယ်လ်ဒိုရက် တောင်ကြားမြို့ ၂,၀၈၅၂၃.၆၉.၅
လော့ဒ်ဝါ ခြောက်သွေ့မြောက်ပိုင်းလွင်ပြင် ၅၀၆၃၄.၈၂၃.၇
မန်ဒဲရာ ခြောက်သွေ့မြောက်ပိုင်းလွင်ပြင် ၅၀၆၃၄.၈၂၅.၇


တောရိုင်းတိရစ္ဆာန်များ

ကင်ညာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ အတွက် ရည်ရွယ်ထားသော စားကျက် မြောက်များစွာ ရှိပြီး အပြာရောင် ဝိုင်းဘိစ် သတ္တဝါများ နှင့် အခြား ဘိုဗစ်(ကျွဲနွားနှင့် မျိုးနွယ်တူ) သတ္တဝါများ နှစ်စဉ် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရာတွင် ပါဝင်နေကြဖြစ်သော မာဆိုင်းမာရာကဲ့သို့သော ဒေသများ အပါအဝင် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ဝိုင်းဘိစ် ကောင်ရေ ၂၅၀,၀၀၀ ကျော် ခြောက်သွေ့သော ရာသီတွင် အစာရှိရာ နေရာကို ခက်ခဲကြမ်းတမ်း ရှည်လျားစွာ ပြောင်းရွှေ့ရင်း သေဆုံးကြသည်။

အာဖရိက၏ သတ္တဝါကြီး၅မျိုး ဖြစ်သော ခြင်္သေ့ကျားသစ်အာဖရိကကျွဲကြံ့ နှင့် အာဖရိကဆင် အားလုံးကို ကင်ညာနိုင်ငံတွင် တွေ့ရသည်။ အခြားသော တောရိုင်းတိရစ္ဆာန်များ၊ [[တွားသွားသတ္တဝါများ နှင့် ငှက်များကိုလည်း ကင်ညာရှိ အမျိုးသား ဥယျာဉ်များ နှင့် အမဲလိုက်ရာ နေရာများတွင် တွေ့ရသည်။ နှစ်စဉ်နှစ်တိုင်း ဇွန်လမှ စက်တင်ဘာလ အတွင်း သတ္တဝါတို့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမှု (အထူးသဖြင့် ဝိုင်းဘိစ်များ၏ ရွှေ့ပြောင်းမှု) တွင် တိရစ္ဆာန်ကောင်ရေ သန်းပေါင်းများစွာ ပါဝင်လေ့ ရှိကြသည်။

ကင်ညာသည် ကမ္ဘာ့ သဘာဝ အံ့ဖွယ်တစ်ခု ဖြစ်သော ဝိုင်းဘိစ် သတ္တဝါများ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းခြင်း ဖြစ်ပွားရာ နေရာ တစ်ခု ဖြစ်သည်။ ၁၁.၅ သန်းမျှသော ထိုသတ္တဝါများသည် နှစ်စဉ်နှစ်တိုင်း မိုင် ၁၈၀၀ ကျော်မျှ ကွာဝေးသော တန်ဇေးနီးယားနိုင်ငံ ဆရင်ဂတီ မှ မာဆိုင်းမာရာ အထိ ရေနှင့်အစာ ရှာဖွေရန် ပုံမှန် လက်ယာရစ် ရွှေ့ပြောင်းလေ့ ရှိကြသည်။

သမိုင်း

သမိုင်းမတင်မီခေတ်

၁.၆ သန်းနှစ် သက်တမ်းရှိသော တာကာနာလူငယ် ဟိုမိုအီရပ်တက် ကျောက်ဖြစ်ရုပ်ကြွင်း

ကင်ညာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း၂၀၀ ကျော် မီဆိုဇိုးရစ်ခေတ်က ကြီးမားသော မိကျောင်း ရုပ်ကြွင်းများ ကို တွေ့ရှိထားသည်။ ထို ရုပ်ကြွင်းများကို ယူတားတက္ကသိုလ် နှင့် ကင်ညာ အမျိုးသားပြတိုက်မှ အဖွဲ့များ ၂၀၀၄ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လ အတွင်း တာကာနာကန် အနီး လိုကီတောင် ချောက်ကမ်းပါးတွင် တူးဖော်ရှာဖွေရာမှ တွေ့ရှိခြင်း ဖြစ်သည်။[4]

အရှေ့အာဖရိကတွင် တွေ့ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများ အရ ပရိုင်းမိတ်များသည် ထိုဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း ၂၀ ကျော် ကတည်းက လှည့်ပတ်သွားလာနေခဲ့သည်ဟု ညွှန်ပြနေသည်။ လတ်တလော ကင်ညာနိုင်ငံ၏ တာကာနာရေကန် အနီး တွေ့ရှိချက်များ အရ ဟိုမိုဟက်ဘီလစ် (လွန်ခဲ့သော နှစ်ပေါင်း ၁.၈သန်းမှ ၂.၅ သန်းကြား) နှင့် ဟိုမို အီရပ်တပ် (လွန်ခဲ့သော နှစ်ပေါင်း ၁.၈သန်း မှ နှစ်ပေါင်း ၃သိန်းခွဲ ကြား) အစရှိသော ယနေ့ခေတ်လူတို့ တိုက်ရိုက် [5] ဆင်းသက်ရာ လူတူသတ္တဝါများ ပလေစတိုဆင်း ခေတ်က နေထိုင်ခဲ့သည်ဟု ညွှန်ပြနေသည်။[6] ၁၉၈၄ ခုနှစ် တာကာနာ ရေကန်တွင် တူးဖော်ရှာဖွေ နေစဉ်အတွင်း ရစ်ချက် လီကီး သည် ကာမိုရာ ကီမူးနှင့် အတူ နှစ်ပေါင်း ၁.၆ သန်း သက်တမ်းရှိသော ဟိုမိုအီရပ်တက် ကျောက်ဖြစ်ရုပ်ကြွင်း တာကာနာလူငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကျောက်ခေတ်သစ်

ကင်ညာနိုင်ငံတွင် လူတို့၏ သမိုင်းသက်တမ်း အစမှ စ၍ လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။

ယနေ့ခေတ် ကင်ညာနေရာတွင် ပထမဆုံး နေထိုင်ကြသူများမှာ မုဆိုးနှင့်စုဆောင်းရှာဖွေသူ အုပ်စုများဖြစ်ပြီး ယနေ့ခေတ် ခွိုင်ဆန် စကားပြောသူများ နှင့် နီးစပ်သည်။[7] ထိုလူများ နေရာတွင် အစားထိုး ဝင်ရောက်လာသူများမှာ ကူရှစ်တစ် စကားပြောသော ထွန်ယက်စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ကိုင်သူများ ဖြစ်သည်။[8] ဟိုလိုစင်းခေတ် အစောပိုင်းတွင် ဒေသတွင်း ရာသီဥတုမှာ ခြောက်သွေ့မှုမှ စိုစွတ်မှုသို့ ပြောင်းလဲလာသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်သာလာခဲ့သည်။[7]

ဘီစီ ၅၀၀ ခန့်တွင် ယနေ့ခေတ် ကင်ညာနိုင်ငံမှ နိုင်လိုတစ် စကားပြောသူများ၏ ဘိုးဘေးများ ဖြစ်သော နိုင်လိုတစ် စကားပြော ထွန်ယက်စိုက်ပျိုးမွေးမြူသူများ ယနေ့ခေတ် တောင်ဆူဒန် နေရာမှ ကင်ညာနေရာသို့ စတင် ပြောင်းရွှေ့လာခဲ့ကြသည်။[9][10][11] ကင်ညာနိုင်ငံရှိ နိုင်လိုတစ် စကားပြောသော လူမျိုးစုများတွင် ဆမ်ဘူရူလူမျိုး၊ လူးအိုလူမျိုး၊ တာကာနာလူမျိုး၊ မာဆိုင်းလူမျိုး စသည်တို့ ပါဝင်သည်။[12] အေဒီ ပထမ ထောင်စုနှစ် အတွင်း ဘန်တူစကားပြောသော လယ်သမားများ ဒေသတွင်းသို့ ရွှေ့ပြောင်းလာခဲ့ကြသည်။[13] ဘန်တူများသည် ယနေ့ခေတ် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း နှင့် ကင်မရွန်းနိုင်ငံ အနောက်ပိုင်း ဒေသများ ဖြစ်သော ဘီနူးမြစ် တလျှောက်ရှိ အနောက် အာဖရိက ဒေသများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။[13] ဘန်တူတို့ ပြောင်းရွှေ့လာပြီးနောက် စိုက်ပျိုးမွေးမြူရေးတွင် တိုးတက်မှုများနှင့် သံထည်လုပ်ငန်းများကို ဒေသအတွင်းသို့ ယူဆောင်လာခဲ့သည်။[14] ကင်ညာတွင် ရှိသော ဘန်တူလူမျိုးများတွင် ကီကူရူးလူမျိုး၊ လူယာ လူမျိုး၊ ကမ်ဘာလူမျိုး၊ ကီဆီးလူမျိုး၊ မီရူးလူမျိုး၊ အမ်ဘိုလူမျိုး၊ အမ်ဘီရီးလူမျိုး၊ ဝါဒါဝီဒါ-ဝါတူဝီတာလူမျိုး၊ ဝါပိုကိုမိုလူမျိုး နှင့် မီဂျီကန်ဒါ လူမျိုး တို့လည်း ပါဝင်သည်။

ဂရိတ်လိတ်ဒေသတွင် ၁၅ ရာစု အထိ နေထိုင်ခဲ့ကြပြီး ယခုအခါ ပျောက်ကွယ်သွားသော ဆီရီကွာလူမျိုး များမှာလည်း ယခင်က ထင်ရှားသည်။

ကင်ညာနိုင်ငံ အတွင်းပိုင်းမှ ထင်ရှားသော သမိုင်းမတင်မီခေတ်က နေရာများတွင် တာကာနာရေကန်၏ အနောက်ပိုင်းရှိ နာမိုရာတွန်ဂါ ရှေးဟောင်းနယ်မြေ နှင့် မီဂိုရီ ကောင်တီရှိ တံတိုင်းခတ် နေထိုင်ရာ သင်မ်လိချ် အိုဟင်ဂါ နယ်မြေတို့ ဖြစ်သည်။

ဆွာဟီလီ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေး (၁ ရာစုမှ ၁၉ ရာစု အထိ)

လာမူရှိ ဆွာဟီလီ ရိုးရာ သစ်သားတံခါး

ကင်ညာ ကမ်းရိုးတန်းသည် ပန်းပဲဆရာများ နှင့် လယ်သမားများ၊ မုဆိုးများ၊ တံငါများ ကျင်လည်ကျက်စားရာ ဒေသဖြစ်ပြီး ထိုသူတို့မှ ကင်ညာနိုင်ငံ၏ စီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းခြင်း သံထုတ်လုပ်ခြင်း၊ ပြည်ပနိုင်ငံများ နှင့် ကုန်သွယ်ခြင်းတို့ဖြင့် အထောက်အကူ ပေးခဲ့သည်။[15]

အာရေဗျ တောင်ပိုင်းမှ အာရပ်တို့သည် ကမ်းရိုးတန်းတွင် နေထိုင်သော ဘန်တူလူမျိုး တို့ကြားတွင် ဝင်ရောက်အခြေချကြပြီး မွမ်ဘာဆာ၊ မာလင်ဒီ နှင့် ဇမ်ဇီဘာ တို့အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်သည့် မြို့ပြနိုင်ငံများကို တည်ထောင်ရာတွင် ပါဝင်ကူညီခဲ့ကြသည်။ အာရပ်မှ ရွေ့ပြောင်းလာသူတို့က အစ္စလာမ် ဘာသာကိုလည်း ထိုဒေသနှင့် မိတ်ဆက်ပေးခဲ့ကြသည်။ ထိုသို့ ယဉ်ကျေးမှုများ ရောနှောခြင်းကြောင့် ကမ်းရိုးတန်းရှိ ဒေသခံ ဘန်တူတို့၏ ဆွာဟီလီ ယဉ်ကျေးမှု နှင့် ဘာသာစကားတို့တွင် အာရပ်တို့၏ လွှမ်းမိုးမှု သိသာစွာ ရှိနေကြောင်း တွေ့ရသည်။[16]

ကီလ်ဝါ ဆူလတန် စော်ဘွားနယ်မြေသည် သည် ကီလ်ဝါဟု ခေါ်သော ယနေ့ခေတ် တန်ဇေးနီးယားနိုင်ငံ နေရာတွင် အခြေပြု အုပ်စိုးခဲ့သော ဆူလတန် စော်ဘွားနယ်မြေ ဖြစ်သည်။ ထိုအုပ်ချုပ်မှု ၏အာဏာ အမြင့်မားဆုံး အချိန်တွင် ဩဇာအာဏာမှာ ကင်ညာအပါအဝင် ဆွာဟီလီ ကမ်းရိုးတန်း တစ်ခုလုံးကို ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ထိုဆူလတန် စော်ဘွားနယ်မြေကို ၁၀ ရာစုတွင် အီရန်တောင်ပိုင်း ရှီရဇ် ဒေသမှ ပါရှား ဆူလတန် တစ်ဦး[17] ဖြ်စသော အလီ အစ်ဘ် အယ်လ် ဟာဆန် ရှီရာဇီ [18] က တည်ထောင်ခဲ့သည်။ နောက်ပိုင်း ဆက်ခံသည့် ဆူလတန်များသည် သန္တာကျောက်ဖြင့် ဗလီများကို တည်ဆောက်ခဲ့ကြပြီး ကြေးပြားများကိုလည်း စတင် သုံးစွဲခဲ့ကြသည်။[19]

၁၀ရာစုတွင် ပါရှား ဆူလတန် အလီ အစ်ဘ် အယ်လ် ဟာဇန် ရှီရာဇီ ထူထောင်ခဲ့သောကီလ်ဝါ ဆူလတန် စော်ဘွားနယ်မြေမှ မြေအိုးကွဲများ

ဆွာဟီလီတို့သည် မွမ်ဘာဆာကို အဓိက ဆိပ်ကမ်းမြို့ တစ်ခု အဖြစ်တည်ဆောက်ခဲ့ပြီး အနီးအနားရှိ မြို့ပြနိုင်ငံများသာမက ပါရှား၊ အာရေဗျ နှင့် အိန္ဒိယရှိ ကုန်သွယ်ရေး အချက်အချာ နေရာများနှင့် ကူးသန်းရောင်းဝယ်မှု ပြုခဲ့ကြသည်။ [20]

၁၇ ရာစု နောက်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းကို အိုမာနီ အာရပ်တို့ သိမ်းပိုက်ပြီး တိုက်ရိုက် အုပ်ချုပ်သည့် အခါတွင် အိုမန် နှင့် ဇန်ဇီဘာရှိ စိုက်ခင်းတို့ရှိ အလုပ်သမား လိုအပ်မှုကို ဖြည့်ဆည်းရန် အာရပ်တို့က ကျွန်ရောင်းဝယ်မှုကို စတင်ခဲ့ကြသည်။ [21] အစပိုင်းတွင် ရောင်းဝယ်သူတို့မှာ အိုမန်မှသာ အဓိက လာကြသော်လည်း နောက်ပိုင်းတွင် ဇန်ဇီဘာမှလည်း အများအပြား လာရောက်ကြသည်။[22] ထို့အပြင် ပေါ်တူဂီ တို့ကလည်း အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်၍ ကျွန်အရောင်းအဝယ်ပြုရာတွင် ဗြိတိသျှ ကျွန်စနစ် ဖျက်သိမ်းရေး သမားတို့၏ ကြားဖြတ်နှောင့်ယှက်မှုကို ကြုံရသဖြင့် အိုမန်နှင့် ဇန်ဇီဘာတို့ ထံမှ ကျွန်များကို စတင် ဝယ်ယူခဲ့ကြလေသည်။

ဆွာဟီလီ ဘာသာစကား၊ အာရပ်ဘာသာ စကားပါဝင်သော ဘန်တူ ဘာသာစကား၊ ပါရှား ဘာသာစကားနှင့် အခြား အရှေ့အလယ်ပိုင်းနှင့် အာရှတောင်ပိုင်းမှ အငှားသုံးသော စကားလုံးများဖြင့် ခြားနားသော လူမျိုးတို့ အခြား ကုန်သွယ်ရာတွင် အသုံးပြုသော ဘာသာစကားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဆွာဟီလီ ဘာသာစကားတွင်လည်း ယခုအခါ အင်္ဂလိပ်ဘာသာမှ ငှားသုံးသော စကားလုံးများ ရှိသည်။

ရာစုနှစ်ပေါင်း များစွာ အတွင်း ကင်ညာကမ်းရိုးတန်းသည် ကုန်သည်မှားနှင့် စွန့်စားသွားလာသူများအတွက် အိမ်ရှင် အဖြစ် တည်ရှိခဲ့သည်။ ကင်ညာကမ်းရိုးတန်းတွင် စီတန်း တည်ရှိနေသော မြို့ပြများတွင် မာလင်ဒီ လည်း အပါအဝင် ဖြစ်သည်။ ထိုမြို့မှာ ၁၄ ရာစုကတည်းကပင် ဆွာဟီလီတို့၏ အရေးပါသော နေထိုင်ရာ အဖြစ်တည်ရှိနေခဲ့ပြီး တစ်ချိန်က အာဖရိက ဂရိတ်လိတ် ဒေသတွင် မွမ်ဘာဆာနှင့် အပြိုင်အဆိုင် ထင်ရှားခဲ့သည်။ မာလင်ဒီသည် သာမန်အားဖြင့် နိုင်ငံခြားသားများ အတွက် ဖော်ရွေသော ဆိပ်ကမ်းမြို့ တစ်မြို့ပင် ဖြစ်သည်။ ၁၄၁၄တွင် မာလင်ဒီရှိ ဆွာဟီလီ ဆူလတန်က စူးစမ်းရှာဖွေသူ ကျန်းဟီ၏ ခရီးစဉ်တွင် တရုတ်ပြည် မင်မင်းဆက်နှင့် သံတမာန် ဆက်ဆံရေး စတင်ခဲ့သည်။[23]မာလင်ဒီ အာဏာပိုင်တို့သည် ၁၄၉၈တွင် ပေါ်တူဂီ စူးစမ်းရှာဖွေသူ ဗတ်စကို ဒဂါးမား ကိုလည်း လက်ခံကြိုဆိုခဲ့ကြသည်။

ဗြိတိသျှကင်ညာ (၁၈၈၈-၁၉၆၂)

၁၉၀၉ ခုနှစ်တွင် တွေ့ရသော ဗြိတိသျှ အရှေ့အာဖရိက

ဇမ်ဇီဘာရှိ ဆူလတန်၏ ကမ်းရိုးတန်း ပိုင်ဆိုင်မှု အပေါ်တွင် ဂျာမန်တို့က အထိန်းသိမ်းခံ နိုင်ငံ အဖြစ် စတင်တည်ထောင်ရာမှ ကင်ညာ၏ ကိုလိုနီ သမိုင်းကြောင်း စတင်ခဲ့ပြီး ၁၈၈၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အာဖရိက ကုမ္ပဏီ စတင် ရောက်ရှိလာခဲ့သည်။ ဂျာမန်တို့က ၁၈၉၀ တွင် ဗြိတိန်သို့ ကမ်းရိုးတန်း ပိုင်ဆိုင်မှုကို ပေးအပ်ရာမှ ဗြိတိသျှတို့၏ နေမဝင် အင်ပါယာ တပ်မတော် ၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် နိုင်ငံအတွင်း ဖြတ်သန်းသွားသော ကင်ညာ-ယူဂန်ဒါ ရထားလမ်းကို ဗြိတိသျှတို့က စတင်ဖောက်လုပ်ခဲ့ကြသည်။[24]

ထို ရထားလမ်းအား အချို့သော ဒေသခံ လူမျိုးတို့က လက်မခံပဲ ကန့်ကွက် တော်လှန်ခဲ့ကြပြီး အထူးသဖြင့် နန်ဒီ လူမျိုးများက ၁၈၉၀ မှ ၁၉၀၀ ထိ ဆယ်နှစ်တိုင်အောင် ဖြစ်သည်။ သို့သော်လည်း ဗြိတိသျှတို့က ရထားလမ်းကို ပြီးဆုံးအောင် ဖောက်နိုင်ခဲ့သည်။ နန်ဒီတို့သည် ရထားလမ်း ဖောက်လုပ်ခြင်းကို နှောင့်ယှက်သော ပထမဆုံးသော ဒေသခံများ ဖြစ်ကြသည်။ ၁၉၂၀ တွင် အရှေ့အာဖရိက အထိန်းသိမ်းခံ နိုင်ငံအား ကိုလိုနီ အဖြစ် ပြောင်းလဲခဲ့ပြီး ထိုဒေသရှိ အမြင့်ဆုံးတောင်ကို အစွဲပြုကာ ကင်ညာဟု အမည်သစ် ပေးခဲ့သည်။[24]

ရထားလမ်း ဖောက်လုပ်နေစဉ်တွင် လိုအပ်သော ကျွမ်းကျင်သည့် လုပ်သားများ အတွက် အိန္ဒိယ တိုင်းရင်းသား အမြောက်အများ ဝင်ရောက် လာခဲ့သည်။[25] ၎င်းတို့၏ သားစဉ်မြေးဆက် အိန္ဒိယသားများမှာ ကင်ညာနိုင်ငံတွင် ဆက်လက်ရှိနေခဲ့ပြီး နောင်တွင် အစ်စမေးလ် မူဆလင် နှင့် ဆစ်ခ် အစရှိသော ကင်ညာရှိ သိသာထင်ရှားသော အိန္ဒိယ အုပ်စုများ ဖြစ်လာခဲ့သည်။[26]

ဆာဗိုနယ်ကို ဖြတ်၍ ရထားလမ်း ဖောက်လုပ်နေစဉ်တွင် အချို့သော အိန္ဒိယ ရထားလမ်း အလုပ်သမားများနှင့် ဒေသခံ အာဖရိက အလုပ်သမားများမှာ ဆာဗို လူသားစား ခြင်္သေ့များ ဟု အမည်ရသော ခြင်္သေ့ နှစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။[27]

၁၉၁၄ ဩဂုတ်လ ပထမကမ္ဘာစစ် ဖြစ်သော အခါတွင် ဗြိတိသျှ အရှေ့ အာဖရိက ဘုရင်ခံ နှင့် ဂျာမန် အရှေ့အာဖရိက ဘုရင်ခံတို့ နုနယ်သေးသော ကိုလိုနီများကို တိုက်ပွဲများမှ ကင်းလွတ်ရန်အတွက် ယာယီ မပစ်ခေတ်ရေး သဘောတူညီမှု ရယူခဲ့သည်။ ဒုတိယ ဗိုလ်မှူးကြီး ပေါလ် ဗွန် လက်တောင်း ဗော်ဘက်ခ် သည် ဂျာမန် စစ်တပ်များကို ဦးဆောင်၍ ဗြိတိသျှတို့၏ အရင်းအမြစ်များကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်ရန် အတွက် ဆုံးဖြတ်ခဲ့သည်။ ဂျာမနီ နိုင်ငံနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသော်လည်း ဗွန်လက်တောင်း သည် ထိရောက်သော ပြောက်ကျားစစ်ကို ဆင်နွဲနိုင်ခဲ့ပြီး ကမ်းလွန် တွင်နေထိုင်၍ ဗြိတိသျှတို့၏ ရိက္ခာများကို လမ်းမှ ဖြတ်တောက်၍ လုံးဝ မရှုံးနိမ့်ဘဲ ရှိနေခဲ့သည်။ နောက်ဆုံး ၁၉၁၈ ခုနှစ် စစ်ကြီး ပြီးဆုံးပြီး ၁၄ ရက် ကြာသည့် အခါတွင်မှ ယနေ့ခေတ် ဇမ်ဘီယာနိုင်ငံ နေရာဖြစ်သော မြောက်ရိုဒီးရှားတွင် လက်နက်ချခဲ့သည်။[25]

၁၈၉၉ ခုနှစ် ကင်ညာ-ယူဂန်ဒါ ရထားလမ်းကို မွမ်ဘာဆာ အနီးတွင် တွေ့ရပုံ

ဗွန်လက်တောင်း ကို ဖမ်းမိနိုင်ရန်အတွက် ဗြိတိသျှ တို့သည် အိန္ဒိယမှ ဗြိတိသျှ အိန္ဒိယ စစ်တပ်ကို ပို့လွှတ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွင် ကုန်းတွင်းပိုင်းကျသော နေရာများမှ ရိက္ခာများကို သယ်ပို့နိုင်ရန် အထမ်းသမား အမြောက်အများကို အသုံးပြုခဲ့ရသည်။ ကယ်ရီယာကော့ပ် ဟုခေါ်သော စစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး အာဖရိကသား ၄ သိန်းကျော်ကို အသုံးပြုခဲ့ရာ ထိုသူတို့၏ ရေရှည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု အတွက် အထောက်အပံ့ တစ်ခု ဖြစ်ခဲ့သည်။[25]

၂၀ ရာစု အစောပိုင်းတွင် အတွင်းပိုင်း ကုန်းမြင့်ဒေသတွင် ဗြိတိသျှ နှင့် အခြား ဥရောပ လယ်သမားတို့ အခြေချခဲ့ကြပြီး ၎င်းတို့မှာ ကော်ဖီ နှင့် လက်ဖက် တို့ကို စိုက်ပျိုးခြင်းဖြင့် ကြွယ်ဝချမ်းသာ လာခဲ့ကြသည်။[28]၁၉၃၀ ပြည့်နှစ်များတွင် ထိုဒေသတွင် နေထိုင်သူ လူဖြူ ၃၀,၀၀၀ ခန့် အထိ ရှိလာခဲ့ပြီး နိုင်ငံစီးပွားရေး အပေါ်တွင် သူတို့၏ ပံ့ပိုးမှုကြောင့် နိုင်ငံရေးတွင် ပြောရေး ဆိုခွင့် ရလာခဲ့ကြသည်။

အလယ်ပိုင်းကုန်းမြင့် ဒေသတွင် ယခင်ကတည်းက ကီကူယူး လူမျိုး တစ်သန်းခန့် နေထိုင်ခဲ့ကြပြီး ရွှေ့ပြောင်း လယ်သမားများ အဖြစ် နေထိုင်ခဲ့ကြသဖြင့် ဥရောပတို့၏ ဥပဒေအရ မြေယာပိုင်ဆိုင်ခွင့် မရှိ ပေ။ နောက်မှ အခြေချ နေထိုင်သူတို့က သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ရွှေ့ပြောင်း လယ်သမားတို့ ကော်ဖီ စိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပြီး တဲခွန် ကောက်ခံခဲ့သဖြင့် မြေယာမရှိသူတို့မှာ သူတို့၏ လုပ်အားအတွက် ပြန်ရသည်မှာ နည်းသည်ထက်နည်းလာခဲ့သည်။ ထိုဒေသတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ သဖြင့် မြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခဲ့ကြသည်။[25] ၁၉၅၀ ခုနှစ်များတွင် ကင်ညာ၌ နေထိုင်သော လူဖြူ ၈၀,၀၀၀ မျှ ရှိသည်။[29]

၁၉၅၂ ခုနှစ်တွင် အဲလိဇဘက် ၂ ဘုရင်မကြီး နှင့် သူမ၏ ခင်ပွန်း ဖိလစ် မင်းသားတို့ ကင်ညာနိုင်ငံ ထရီးတော့ပ် ဟိုတယ်တွင် အပန်းဖြေခရီး လာရောက်နေခိုက်တွင် သူမ၏ ဖခင် ဆဌမမြောက် ဂျော့ရှ် ဘုရင် အိပ်နေရင်း ကွယ်လွန်သွားခဲ့သည်။ မင်းသမီးငယ်သည် သူမ၏ ခရီးစဉ်ကို ဖျက်သိမ်းပြီး အိမ်သို့ အမြန်ပြန်ကာ ထီးနန်းကို ဆက်ခံခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အဲလိဇဘက် ဘုရင်မ ၂ သည် ဝက်မင်စတာ ဘုရားကျောင်းတွင် ဘိသိက်ခံခဲ့ပြီး လူတစ်ဦးက သူမသည် အာဖရိကရှိ သစ်ပင်ပေါ်သို့ မင်းသမီး အဖြစ် တက်သွားပြီး ဘုရင်မ အဖြစ် ပြန်ဆင်းလာခဲ့သည်ဟု တင်စားပြောဆိုလေသည်။[30]

မောမော ပုန်ကန်မှု (၁၉၅၂-၁၉၅၉)

၁၉၅၀ ခုနှစ်များ အတွင်းက ဗြိတိသျှ ကိုလိုနီစနစ်ကို ပုန်ကန်တိုက်ခိုက်ခဲ့သော ကင်ညာ မောမော သူပုန် ခေါင်းဆောင် ဒီဒန် ကီမာသီ၏ ရုပ်ထု

၁၉၅၂ ခုနှစ် အောက်တိုဘာလမှ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ အထိ ကင်ညာနိုင်ငံတွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို တွန်းလှန်သော မောမော ပုန်ကန်မှု ဖြစ်ပေါ်သဖြင့် အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည်။ ဘုရင်ခံမှ ဘုရင်၏ အာဖရိက ရိုင်ဖယ်တပ် အပါအဝင် ဗြိတိသျှနှင့် အာဖရိကတပ်များကို တောင်းခံ ခဲ့သည်။ ဗြိတိသျှ တို့သည် သူပုန် နှိမ်နှင်းရေးကို ၁၉၅၃ ခုနှစ် မေ လမှ စတင်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဂျော့ရှ် အားစ်ကိုင်း မှ ကိုလိုနီ တပ်များကို ဦးဆောင်ခဲ့ကာ ဝင်စတန် ချာချီ က နောက်မှ ထောက်ပံ့ပေးခဲ့သည်။[31]

ဂျင်နရယ် ချိုင်းနား ဟု အမည်ရသော ဝါအူဟီအူ အီတိုတဲ ကို ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၁၅တွင် ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုများမှ မောမော တပ်တို့၏ ဖွဲ့စည်းပုံကို ပိုမို နားလည် သိရှိခဲ့သည်။ ဗြိတိသျှ တို့သည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ရက်သတ္တပတ်ပေါင်း များစွာ ပြင်ဆင် စီမံခဲ့ပြီးနောက် ၁၉၅၄ ခုနှစ် ဧပြီလ ၂၄ တွင် အန်ဗေးစစ်ဆင်ရေးကို စတင်ခဲ့သည်။ ထိုစစ်ဆင်ရေးမှ နိုင်ရိုဘီကို စစ်ရေး အရ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့တွင်းနေသူတို့ကို စိစစ်ကာ မောမော ထောက်ခံသူများကို အကျဉ်းစခန်းများသို့ ပို့ဆောင်ခဲ့သည်။ အိမ်စောင့်တပ်များတွင် အာဖရိက သစ္စာခံများ ပါဝင်ပြီး ဗြိတိသျှ စစ်တပ်နှင့် ဘုရင်၏ ရိုင်ဖယ်တပ်ကဲ့သို့သော နိုင်ငံခြား စစ်တပ်များ မပါဝင်သဖြင့် အစိုးရ၏ နည်းဗျူဟာ များတွင် အချက်အချာ ဖြစ်လာခဲ့သည်။ အရေးပေါ် အခြေအနေ အပြီးတွင် အိမ်စောင့်တပ်များမှ မောမောသူပုန် ၄,၆၈၆ ဦးကို သတ်ပစ်ခဲ့ပြီး သူပုန် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းမျှ ဖြစ်သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာ ၂၁တွင် နိုင်အာရီတွင် ဒီဒန် ကီမာသီကို ဖမ်းဆီးရမိပြီးနောက် မောမောတို့၏ ရှုံးနိမ့်ခြင်း အပြီးသို့ တိုင်ခဲ့ပြီး စစ်ရေးတိုက်ပွဲများ ပြီးဆုံးခဲ့သည်။[31] ထိုအချိန်များ အတွင်း မြေပိုင်ဆိုင်မှု နှင့် ပတ်သက်သော စနစ်များကို သိသိသာသာ ပြောင်းလဲခဲ့သည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ သစ္စာခံများကို ဆုပေး၍ မောမောများကို ဒဏ်ပေးသော ဆွင်နာတန် အစီအစဉ်ပင် ဖြစ်သည်။

လွတ်လပ်သော ကင်ညာနိုင်ငံ (၁၉၆၃)

ကင်ညာနိုင်ငံ၏ ပထမဆုံးသမ္မတ နှင့် ကင်ညာကို တည်ထောင်သူ ဂျိုမို ကင်ညတ်တာ

၁၉၅၇ ခုနှစ်တွင် ကင်ညာနိုင်ငံသားတို့မှ ဥပဒေပြု ကောင်စီသို့ တိုက်ရိုက်ရွေးချယ်သော ပထမဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ဗြိတိသျှတို့က အစွန်းမရောက်သော ဒေသခံ ပြိုင်ဖက်တို့ကို အာဏာလွှဲပေးရန် မျှော်လင့်ထားခဲ့သောလည်း ကင်ညာ အာဖရိက အမျိုးသား တပ်ပေါင်းစုမှ ဂျိုမို ကင်ညတ်တာက ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ကင်ညာနိုင်ငံ လွတ်လပ်ရေး မရမီ အချိန်ကလေးတွင် အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုနေ့တွင်ပင် ကင်ညာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။[32]

တစ်ချိန်တည်းမှာပင် ကင်ညာစစ်တပ်မှ မြောက်ပိုင်းနယ်စပ် ခရိုင်တွင် နေထိုင်ပြီး မြောက်ဘက် ဆိုမာလီ သမ္မတနိုင်ငံရှိ သူတို့၏ မျိုးနွယ်တူများနှင့် ပူးပေါင်းချင်သော ဆိုမာလီ သူပုန်များနှင့် ရှီဖတာစစ်ပွဲကို ဆင်နွှဲရသည်။[33] ၁၉၆၇ အောက်တိုဘာလ အာရှုရာ ကြေငြာချက်ဖြင့် အပစ်အခတ် ရပ်စဲရေးကို သဘောတူနိုင်ခဲ့သော်လည်း ၁၉၆၉ ခုနှစ်အထိ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဖြစ်နေခဲ့သည်။[34][35]နောက်ထပ် ကျူးကျော် ဝင်ရောက်မှုများကို တွန်းလှန်နိုင်ရန် အတွက် ၁၉၆၉ ခုနှစ်တွင် ကင်ညာသည် အီသီယိုးပီးယားနိုင်ငံနှင့် ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး ယခုထိတိုင် အသက်ဝင်နေဆဲ ဖြစ်သည်။[36]

၁၉၆၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကင်ညာသမ္မတနိုင်ငံ အဖြစ်ကြေငြာခဲ့ပြီး ဂျိုမို ကင်ညတ်တာသည် ကင်ညာနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။[37]

မွိုင်ခေတ် (၁၉၇၈-၂၀၀၂)

၁၉၇၈ ခုနှစ် ကင်ယတ်တာ ကွယ်လွန်ပြီးနောက်တွင် ဒင်နီယယ် အာရပ် မွိုင် သမ္မတ ဖြစ်လာခဲ့သည်။ ဒင်နီယယ် အာရပ် မွိုင်သည် ၁၉၇၉၊ ၁၉၈၃ နှင့် ၁၉၈၈ ခုနှစ် တို့တွင်ကျင်းပသော ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်သူ မရှိဘဲ သမ္မတ အဖြစ် ဆက်လက် အရွေးခံခဲ့သည်။ ထိုရွေးကောက်ပွဲများမှာ တစ်ပါတီ စနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်တွင် ကျင်းပခြင်း ဖြစ်သည်။ ၁၉၈၃ ခုနှစ် ရွေးကောက်ပွဲကို တစ်နှစ်စော၍ ကျင်းပခဲ့ပြီး ၁၉၈၂ ခုနှစ် ဩဂုတ်လ ၂ ရက် မအောင်မြင်သော စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်သည်။

ကင်ညာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ ဒင်နီယယ် အာရပ် မွိုင်ကို အမေရိကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် နှင့် အတူ တွေ့ရပုံ

မအောင်မြင်သော အာဏာသိမ်းမှုမှာ လေတပ်မှ ရာထူးငယ်သော ဝါရင့် တပ်သား အဆင့်ရှိ ဟဲဇာကိုင်းယား အိုချူ ကာမှ ဦးဆောင်စီမံ၍ လေတပ် အတွင်းမှ စစ်မှုထမ်း အမိန့်ဖြင့် ဝင်ရောက်နေသော တပ်သားများ အဓိက ပါဝင်သည်။ အာဏာသိမ်းရန် ကြံစည်မှုကို ဆိုမာလီ စစ်ဘက် အရာရှိဟောင်း ဖြစ်သော စစ်ဦးစီးချုပ် မာမု မိုဟာမက် ဦးဆောင်သော တပ်များ မှ လျှင်မြန်စွာ နှိမ်နင်း နိုင်ခဲ့သည်။[38] ထိုတပ်ဖွဲ့များတွင် ရဲဘက်မှ စစ်ရေးတပ်ဖွဲ့များ ပါဝင်သည်။


၁၉၈၀ ခုနှစ် ဂါရစ်ဆာ လူသတ်ပွဲ အပြင် ကင်ညာတပ်များသည် ၁၉၈၄ တွင် ကင်ညာ အရှေ့မြောက် ခရိုင်မှ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သော ဝါဂဲလာ လူသတ်ပွဲကို ကျူးလွန် ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် ထိုလူသတ်ပွဲများနှင့် ပတ်သက်၍ စစ်ဆေးရန် တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။[39]

၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွင် လျို့ဝှက်မဲပေးစနစ် အစား မဲပေးသူများက မိမိတို့ ကြိုက်နှစ်သက်သော အမတ်၏ နောက်တွင် တန်းစီသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ထိုအချက်ကြောင့် ဒီမိုကရေစီ မဆန်သော အစိုးရ၏ သရုပ်ကို အမြင့်မားဆုံး ဖော်ပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လှုပ်ရှားမှုများ အနှံ့အပြား ဖြစ်လာခဲ့သည်။ ပါတီတစ်ခုတည်းကိုသာ ခွင့်ပြုသော ပုဒ်မ အပါအဝင် အခြား အငြင်းပွားဖွယ်ရာ ပုဒ်မ အများအပြားကို ရွေးကောက်ပွဲပြီး နှစ်များတွင် ပြင်ဆင်ခဲ့ကြသည်။[40] ၁၉၉၂ ခုနှစ် နှင့် ၁၉၉၇ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ဒင်နီယယ် အာရပ် မွိုင် ပင် ပြန်လည် အရွေးခံခဲ့ရသည်။[41]

၂၀၀၀ ပြည့်နှစ်များ

၂၀၀၂ ခုနှစ်တွင် မွိုင်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက် ယှဉ်ပြိုင်ခွင့် မရှိတော့ပဲ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ "အမျိုးသား သက်တန့် ညွန့်ပေါင်း" မှ ယှဉ်ပြိုင်သော မွိုင်း ကီဘာကီ မှ သမ္မတ ဖြစ်လာခဲ့သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ အဖြစ် ဒေသခံ နှင့် အပြည်ပြည်ဆိုင်ရာ စောင့်ကြည်သူများမှ သတ်မှတ်ခဲ့ပြီး ကင်ညာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးမှုအတွက် အလှည့်အပြောင်း အချိန်တစ်ခု ဖြစ်လာခဲ့သည်။[41]

၂၀၁၁ ခုနှစ်တွင် နှစ်နှစ် ဆက်တိုက် မိုးခေါင်ခဲ့ပြီး နှစ် ၆၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှု ဖြစ်ခဲ့သည်။ အထူးသဖြင့် အနောက်မြောက် တာကာနာ ဒေသတွင် အထိခိုက်ဆုံး ဖြစ်ခဲ့ပြီး[42] အကျိုးဆက်အားဖြင့် ဒေသအတွင်းရှိ ကျောင်းများကို ပိတ်ပစ်ခဲ့ရသည်။[43] ထို ကပ်ဘေးကို ၂၀၁၂ အစောပိုင်းတွင် ပူးပေါင်းဆောင်ရွက်သော ကယ်ဆယ်ရေး လုပ်ငန်းများဖြင့် ကျော်လွန် နိုင်ခဲ့သည်။ ထို့နောက်တွင် ကူညီကယ်ဆယ်ရေး အဖွဲ့များမှ ရေပေးမြောင်းများတူးဖော်ခြင်း နှင့် အပင်မျိုးစေ့များကို ဖြန့်ဖြူးခြင်း အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင်ခဲ့ကြသည်။[44]

အစိုးရနှင့် နိုင်ငံရေး

သမ္မတဟောင်း မွိုင်း ကီဘာကီ

ကင်ညာသည် သမ္မတ ဦးဆောင်သော ကိုယ်စားပြု ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ သမ္မတသည် နိုင်ငံ၏ခေါင်းဆောင် နှင့် အစိုးရ အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ပါတီစုံ စနစ်ကို ကျင့်သုံးသည်။ အုပ်ချုပ်ရေး အာဏာကို အစိုးရက ကျင့်သုံးသည်။ ဥပဒေပြု အာဏာကို အစိုးရနှင့် အမျိုးသား လွှတ်တော် သို့မဟုတ် ပါလီမန် အောက်လွှတ်တော် သို့ အပ်နှင်း ထားသည်။ တရားစီရင်ရေးမှာ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတို့မှ သီးသန့်ဖြစ်သည်။ ယခင်က အထူးသဖြင့် ယခင် သမ္မတ ဒင်နီယယ် အာရပ် မွိုင် လက်ထက်တွင် အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေး၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်သည်ဟု စိုးရိမ်မကင်း ရှိခဲ့ကြသည်။

ကင်ညာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့ ၏နိုင်ငံအသီးသီးတို့၏ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဖြစ်ပေါ်သည့် ခြစားမှုများ ကိုတိုင်းတာသော အဂတိ လိုက်စားမှု နိုင်ငံများ နှိုင်းယှဉ်စာရင်း တွင် အနိမ့်ပိုင်း၌ ကျရောက်သည်။ ၂၀၁၂ ခုနှစ်တွင် ကင်ညာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် နံပါတ် ၁၃၉ နေရာတွင် ရှိနေပြီး အမှတ်အားဖြင့် ၂၇/၁၀၀ ဖြစ်သည်။[45] သို့သော်လည်း ကင်ညာ အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက်များတွင် ခြစားမှု တိုက်ဖျက်ရေး အတွက် သိသာထင်ရှားသော တိုးတက်မှု အချို့ ရှိလာသည်။ ဥပမာ အားဖြင့် လွတ်လပ်သော ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ် ဖွဲ့စည်းခြင်း ဖြစ်သည်။[46]

၁၉၉၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ကင်ညာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပို၍ အသေးစိတ်ကျစွာ ပြင်ဆင်နိုင်ရန် အတွက် ကင်ညာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ဥပဒေကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည်။[47]

၂၀၀၂ ခုနှစ် ကင်ညာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ပွင့်လင်းသော ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံတကာ လေ့လာသူများက လွတ်လပ်၍ တရားမျှတသည်ဟု သုံးသပ်ကြသည်။ ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲသည် ကင်ညာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုအတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပြီး ကင်ညာနိုင်ငံကို လွတ်လပ်ရေး ရကတည်းက အုပ်ချုပ်ခဲ့သော ကင်ညာ အာဖရိက အမျိုးသား တပ်ပေါင်းစု မှ နိုင်ငံရေးပါတီများ ညွန့်ပေါင်း အဖွဲ့ဖြစ်သော အမျိုးသား သက်တန့် ညွန့်ပေါင်း အဖွဲ့သို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်း ပေးခဲ့သည်။

သမ္မတ မွိုင်း ကီဘာကီ လက်ထက်တွင် အာဏာရလာသော ညွန့်ပေါင်း အစိုးရသစ်သည် စီးပွားရေး တိုးတက်မှု ဖြစ်ပေါ်ရန်၊ ခြစားမှု တိုက်ဖျက်ရန်၊ ပညာရေး တိုးမြှင့်ရန် နှင့် အခြေခံ ဥပဒေကို ပြန်လည်ရေးဆွဲရန် ကိစ္စရပ်များကို ဦးတည်ဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။ အချို့သော ကတိများသာ လက်တွေ့ အကောင်အထည် ပေါ်လာခဲ့သည်။ မူလတန်း ပညာရေးမှာ အခမဲ့ ဖြစ်လာသည်။ ၂၀၀၇ ခုနှစ်တွင် ၂၀၀၈ ခုနှစ်မှ စ၍ အထက်တန်း ပညာရေး အတွက် ကုန်ကျ စရိတ်ကို အစိုးရမှ များစွာ ထောက်ပံ့မည် ဟု အစိုးရမှ ကြေငြာချက် ထုတ်ခဲ့ပြီး အစိုးရမှ ကျောင်းလခ အားလုံးကို ပေးခဲ့သည်။ [48]

၂၀၀၇ ရွေးကောက်ပွဲများ

၂၀၀၇-၂၀၀၈ ကင်ညာ အရေးကိစ္စ အတွင်း လိမ္မော်ရောင် ဒီမိုကရေစီ လှုပ်ရှားသူများ ဆန္ဒပြနေစဉ်

၂၀၀၇ ခုနှစ် ကင်ညာ အထွေထွေ ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ တွင် ကျင်းပခဲ့သည်။[49] ထိုရွေးကောက်ပွဲမှာ သမ္မတ၊ ပါလီမန် နှင့် အရပ်ဘက်ဆိုင်ရာ အားလုံး အတွက် ဖြစ်သည်။

ပါလီမန် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး ယေဘူယျအားဖြင့် တရားမျှတသည်ဟု ဆိုနိုင်သည်။ ထိုရွေးကောက်ပွဲမှ သိသာသော ပြောင်းလဲမှု များစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုအထဲမှ ကောက်နှုတ် တင်ပြရလျှင်-

  • မိမိတို့ နေရာ အတွက် ပြန်လည်ယှဉ်ပြိုင်သော အမတ် ၁၉၀ ဦး ထဲမှ ၇၁ ဦးသာ ပြန်၍ အရွေးခံရသည်။
  • မိမိတို့ နေရာအတွက် ပြန်လှည်ယှဉ်ပြိုင်သော ဝန်ကြီး ၂၀ ဦး ရှုံးနိမ့်ခဲ့သည်။
  • ၂၀၀၂ ခုနှစ် အတွက် တရားဝင် အတိုက်အခံ အဖွဲ့ဖြစ်သော ကင်ညာ အာဖရိက အမျိုးသားတပ်ပေါင်းစုမှာ ၆၂ နေရာမှ ၁၄ နေရာသို့ လျော့ကျသွားခဲ့သည်။
  • ကင်ညာနိုင်ငံ၏ သမိုင်းတွင် အများဆုံး အဖြစ် အမျိုးသမီး ၁၅ ဦး ရွေးချယ်ခံခဲ့ရသည်။ စသည်တို့ ဖြစ်သည်။

ရွေးကောက်ပွဲ အတွက် အဓိက အငြင်းပွားကြသော ပြဿနာများမှာ-

  • ဒေသအလိုက် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ခွဲဝေပေးမှု
  • အမတ်တို့၏ လစာ တိုးမြှင့်မှု
  • ၉ ကြိမ်မြောက် ပါလီမန်မှ အတည်ပြု/အတည်မပြု ခဲ့သော ဥပဒေများ
  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲခြင်းတို့ ဖြစ်သည်။

သမ္မတ ရွေးကောက်ပွဲတွင်မှု လက်ရှိသမ္မတ ကီဘာကီသည် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ နေ၍ ပြန်လည်အရွေးခံရန် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်မှာ အဓိက အတိုက်အခံ ပါတီဖြစ်သော လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ ဖြစ်သည်။ နိုင်ငံတကာ လေ့လာသူများက ရွေးကောက်ပွဲသည် အပြည်ပြည်ဆိုင်ရာ စံနှုန်း မမီ ဟု ပြောဆို ဝေဖန်ခဲ့ကြသည်။ လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ နှစ်ခြမ်းကွဲခဲ့ပြီး အသစ်ဖွဲ့စည်းသော လိမ္မော်ရောင် ဒီမိုကရက်တစ်ပါတီ-ကင်ညာမှ အရွေးခံသူ ကာလွန်ဇို မတ်စ်ယိုကာ ထံသို့ အရေးပါသော မဲအရေအတွက် ၈ ရာခိုင်နှုန်း ပါသွားခဲ့ပြီးနောက် အပြီးသတ် ယှဉ်ပြိုင်မှုမှာ လိမ္မော်ရောင် ဒီမိုကရက်တစ်ပါတီမှ အရွေးခံသူ ရိုင်လာ အိုဒင်ဂါနှင့် ကီဘာကီတို့ နှစ်ဦးသာ ဖြစ်သည်။ ကင်ညာ ရွေးကောက်ပွဲ ကော်မရှင် ဌာနချုပ်တွင် မဲရေတွက်နေစဉ် အိုဒင်ဂါ ထောက်ခံသူများသော မဲဆန္ဒနယ်မှ မဲများ ဦးစွာ ရောက်ရှိလာသဖြင့် အိုဒင်ဂါ မှာ ပထမတွင် မသိမသာ မဲ အသာရနေခဲ့ပြီး နောက်တွင် သိသိသာသာ မဲ အသာရလာခဲ့သည်။ မဲများကို ဆက်လက်ရေတွက်နေခဲ့ပြီးနောက် ကီဘာကီ ထောက်ခံသူများသော မဲဆန္ဒနယ်မှ မဲများ ရောက်လာသော အခါတွင် ကီဘာကီမှ မဲ အရေအတွက် အမီလိုက်လာခဲ့ပြီးနောက် သိသိသာသာ ကျော်တက်သွားခဲ့သည်။ ထို့ကြောင့် ကင်ညာရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက် မှားယွင်းသည်ဟု ဆိုပြီး ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အိုဒင်ဂါက မိမိဘာသာ ပြည်သူ့ သမ္မတ ဟု ကြေငြာခဲ့ပြီး မဲပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သည်။[50]

ကန့်ကွက်ဆန္ဒပြမှုများမှ လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပစ္စည်းဥစ္စာများကို ဖျက်ဆီးခဲ့ကြသဖြင့် လူ ၁၀၀၀ ခန့် သေဆုံးပြီး လူ ၆၀၀,၀၀ ခန့် မိမိတို့ နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။[51][52][53] ထိုအငြင်းပွားမှုမှ ၁၉၉၂ နှင့် ၁၉၉၇ ရွေးကောက်ပွဲများတွင် ဖြ်စပွားခဲ့သော နောက်ခံအခြေအနေများ ဖြစ်သည့် မြေယာခွဲဝေမှု နှင့် ဆိုင်သော တင်းမာမှုများ ပြန်လည်ပေါ်ပေါက် လာခဲ့သည်။[53] လူ သိန်းပေါင်းများစွာတို့သည် မိမိတို့၏ မြေမှ ဖိအားပေး နှင်ထုတ်ခံခဲ့ရပြီး ဒေသ အတွင်းသို့ လက်နက်များ တင်သွင်းလာသည်ဟု ဆိုကြသည်။ ၂၀၁၃ ရွေးကောက်ပွဲ အတွက် မျှော်လင့်၍ လုပ်ကိုင်ခဲ့သည်ဟုလည်း ဆိုကြသည်။[53]

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးဖူးချုပ်ဟောင်း ကိုဖီ အာနန်း ဦးဆောင်သော အာဖရိကရှိ ထင်ရှားသော ပုဂ္ဂိုလ်များက နိုင်ငံရေး အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုကို ညှိနှိုင်း ရှာဖွေ ပေးခဲ့ကြသည်။

ရွေးကောက်ပွဲ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများမှ အနာဂတ်တွင် ထိုသို့သော အခြေအနေများ မဖြစ်ပေါ်စေရန် အတွက် အစီအစဉ်များကို စတင်ခဲ့ကြသည်။ ဥပမာအားဖြင့် အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ပေါင်းစည်းရေး ကော်မရှင်မှ လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း၊ ဘုရားရှိခိုးကျောင်းများမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခြင်း နှင့် ကင်ညာ အမျိုးသား တွေ့ဆုံဆွေးနွေးပွဲနှင့် ပြန်လည်ပေါင်းစည်းရေးတို့ စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈

ဝန်ကြီးချုပ်ဟောင်း ရိုင်လာ အိုဒင်ဂါ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကီဘာကီ နှင့် အိုဒင်ဂါတို့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက် အရ အိုဒင်ဂါသည် ကင်ညာနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထို သဘောတူညီချက် အရ ပါလီမန် အတွင်း ပါတီတို့၏ အင်အားပေါ်မူတည်၍ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ နှစ်ခု စလုံးမှ အမတ်များကို အစိုးရ အဖွဲ့တွင် ဝန်ကြီး ခန့်အပ်ရန် ဖြစ်သည်။ ထို့ပြင် အစိုးရ အဖွဲ့တွင် ဒု-သမ္မတ တစ်ဦး နှင့် ဒု-ဝန်ကြီးချုပ် နှစ်ဦး ခန့်အပ်ရန်လည်း သဘောတူညီကြသည်။ ငြင်းခုံဆွေးနွေးမှုများ အပြီးတွင် ပါလီမန်မှ ထိုသဘောတူညီချက်ကို ထောက်ခံခဲ့ပြီး ညွန့်ပေါင်း အစိုးရမှာ လက်ရှိ လွှတ်တော် သက်တမ်း ကုန်သည် အထိ သို့မဟုတ် တစ်ဘက်ဘက်မှ ထိုသဘောတူညီချက်မှ နုတ်ထွက်သည် အထိ သက်တမ်းရှိမည်ဟု သတ်မှတ်ခဲ့ကြသည်။[54]

ဝန်ကြီးချုပ်၏ အုပ်ချုပ်ရေး အသစ်တွင် အစိုးရ၏ ယန္တရားများကို စီမံခံ့ခွဲနိုင်ရန် အတွက် အာဏာနှင့် လုပ်ပိုင်ခွင့် ပါဝင်ပြီး လွှတ်တော်တွင် အမတ်ရာခိုင်နှုန်းများသော ပါတီ သို့မဟုတ် ညွန့်ပေါင်း အဖွဲ့၏ ခေါင်းဆောင် ရွေးချယ်ခံ လွှတ်တော် အမတ်မှ ဦးဆောင်ရမည် ဖြစ်သည်။ ကိုဖီအာနန်းနှင့် ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသော သူ၏ အဖွဲ့၊ အာဖရိက သမ္မဂ္ဂ ဥက္ကဋ္ဌ ဂျာကာယာ ကီကွီတီတို့ ယခင်က ပြိုင်ဘက်များ သဘောတူ လက်မှတ်ထိုးပွဲသို့ အတူတကွ ခေါ်ဆောင်လာသည်ကို နိုင်ငံတော် ရုပ်သံမှ ထုတ်လွှင့်၍ တကမ္ဘာလုံးမှ စောင့်ကြည့်နေခဲ့ကြသည်။ ၂၀၀၈ ခု၊ ဖေဖော်ဝါရီ ၂၉ တွင် ပါတီနှစ်ဖွဲ့မှ ကိုယ်စားလှယ်များ အာဏာ ခွဲဝေရေး သဘောတူညီမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။[55]အာဖရိကတွင် အတည်ငြိမ်ဆုံးနှင့် အကြွယ်ဝဆုံး ဖြစ်ခဲ့သော နိုင်ငံအား ပြန်လည် ကယ်ဆယ်ရန် ရည်ရွယ်၍ ကင်ညာ ဥပဒေပြု အမတ်များမှ အာဏာခွဲခြမ်းရေး သဘောတူညီချက်ကို ၂၀၀၈ ခု၊ မတ်လ ၁၈ ရက်တွက် တခဲနက် အတည်ပြုခဲ့ကြသည်။ သဘောတူညီချက်မှ ကီဘာကီ၏ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် အိုဒင်ဂါ၏ လိမ္မော်ရောင် ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီတို့ကို အတူတကွ ပေါင်းစည်းခဲ့ပြီး အာဏာကို အညီအမျှ ခွဲဝေယူထားသော မဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းမှု အတွက် အရိပ်လက္ခဏာ ဖြစ်ခဲ့သည်။ [56]

မဟာ ညွန့်ပေါင်း အစိုးရ

၂၀၀၈ ခုနှစ် ဧပြီလ ၁၃ ရက်တွင် သမ္မတ ကီဘာကီသည် ဝန်ကြီး ၄၁ ဦးပါဝင်သော မဟာ ညွန့်ပေါင်း အစိုးရအဖွဲ့ကို ကြေငြာခဲ့ပြီး ထိုအဖွဲ့တွင် ဝန်ကြီးချုပ် နှင့် ၎င်း၏ လက်ထောက် ဝန်ကြီးချုပ် နှစ်ဦး ပါဝင်သည်။ ဒု-ဝန်ကြီး ၅၀ ဦး အပါအဝင် အစိုးရ အဖွဲ့သည် ၂၀၀၈ ခုနှစ် ဧပြီလ ၁၇ ရက်တွင် နိုင်ရိုဘီမြို့ နိုင်ငံတော် အိမ်တော်တွင် ဒေါက်တာ ကိုဖီ အာနန်း နှင့် အခြား ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ဖယ်ရှားရန်[57] နှင့် တစ်ချိန်တည်းတွင်သမ္မတ၏ အခွင့်အာဏာကို လျှော့ချရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရန် စဉ်းစားခဲ့ကြသည်။ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၄ ရက်တွင် ပြင်ဆင်ရန် လျာထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပြွ ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်မှာ ထောက်ခံမဲ အများအပြား အသာရပြီး အတည်ဖြစ်လာခဲ့သည်။[58] တခြားပြင်ဆင်ချက်များ နှင့် အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် ဒေသခံ အစိုးရများသို့ အခွင့်အာဏာ ပိုမိုပေးအပ်ခဲ့ပြီး ကင်ညာနိုင်ငံသားတို့အား နိုင်ငံသား အခွင့်အရေးများ ပြဋ္ဌာန်းပေးခဲ့သည်။[59] ထို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် နိုင်ရိုဘီမြို့ အူဟူရူ ဥယျာဉ်တွင် အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုမှု အပါအဝင် ပျော်ရွှင်ဖွယ် အခမ်းအနား အဖြစ် တရားဝင် အတည်ပြု ကြေငြာခဲ့သည်။ ထို အခမ်းအနားကို အာဖရိက ခေါင်းဆောင် အများအပြားက ချီးမြှောက်ခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝန်းမှ ချီးကျူးခဲ့ကြသည်။ ထိုနေ့မှ စ၍ ဒုတိယ သမ္မတနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်လာခဲ့သည်။

၂၀၁၃ ရွေးကောက်ပွဲများနှင့် အစိုးရသစ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် အတူ သမ္မတ ကီဘာကီမှာ ရွေးကောက်ခံနိုင်သည့် သက်တမ်းကျော်လွန်သွားသဖြင့် တတိယ သက်တမ်း ရွေးကောက်ခံပိုင်ခွင့် မရှိတော့ဘဲ ဒု-ဝန်ကြီးချုပ် အူဟူရူ ကင်ယတ်တာမှာ မတ်လ ၂၀၁၃ ခုနှစ်တွင် မဲအရေအတွက် ၅၀.၅၁ ရာခိုင်နှုန်းဖြင့် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာခဲ့သည်။

နိုင်ငံတကာ ခေါင်းဆောင်များ လည်ပတ်ခြင်း

သမ္မတ ကင်ယတ်တာနှင့် ဒု-သမ္မတ ဝီလီယမ် ရူတို တို့ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတွင် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ အပြီး အရေးအခင်းများ အတွက် တရားရင်ဆိုင် နေရသဖြင့် ကင်ညာနိုင်ငံသား တစ်ဦး၏ သားဖြစ်သူ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က ၂၀၁၃ ခုနှစ် အာဖရိက ခရီးစဉ် အတွင်း ကင်ညာနိုင်ငံကို အလည်အပတ် မပြု ခဲ့ပေ။[60] ထိုနှစ် နွေရာသီ နှောင်းပိုင်းတွင် ကင်ယတ်တာသည် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံတွင် တစ်ထောက်နားခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုကိုမူ သမ္မတ အဖြစ် အလည်အပတ် မပြုခဲ့ပေ။[61]

အုပ်ချုပ်ရေး ဒေသများ

ကင်ညာ၏ ကောင်တီ ၄၇ ခု

ကင်ညာနိုင်ငံသည် တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကောင်တီ ၄၇ ခု အဖြစ် ပိုင်းခြားထားပြီး ထိုကောင်တီများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ၂၀၁၃ ခုနှစ် မတ်လတွင် ကျင်းပသော ပထမဆုံး အထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများက ဦးဆောင် အုပ်ချုပ်သည်။ ထို ကောင်တီ ၄၇ ခုသည် ယခု အခါ နိုင်ငံ၏ ပထမ အဆင့် တိုင်းဒေသကြီးများ အဖြစ် ရှိကြသည်။ ယခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဟောင်းအရ ကင်ညာ နိုင်ငံတွင် ပြည်နယ် ၈ ခု ရှိပြီး သမ္မတမှ ခန့်အပ်သော ပြည်နယ်အုပ်ချုပ်ရေးမှူး များက အုပ်ချုပ်ခဲ့ကြသည်။ ထို ပြည်နယ်များကို ခရိုင်များ အဖြစ် ဆက်လက် ပိုင်းခြား ကြသည်။

ကောင်တီ တစ်ခုချင်းစီတွင် မဲဆန္ဒနယ်များ ပါဝင်ကြသည်။ ၂၀၁၀တွင် ယာယီ နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မဲဆန္ဒနယ်များကို ပြန်လည်သုံးသပ်ခဲ့ကာ ၎င်း၏ အစီရင်ခံစာအရ မဲဆန္ဒနယ် အသစ် ၈၀ ခုကို ထပ်မံ ဖြည့်သွင်းရန် အဆိုပြုခဲ့သည်။ ၂၀၁၃ ရွေးကောက်ပွဲ မတိုင်မီက ကင်ညာနိုင်ငံတွင် မဲဆန္ဒနယ်ပေါင်း ၂၁၀ ခု ရှိခဲ့သည်။[62]

စီးပွားရေး

ကင်ညာနိုင်ငံသည် အရှေ့နှင့် အလယ်အာဖရိကတွင် အကြီးဆုံးနှင့် အတိုးတက်ဆုံး စီးပွားရေး ရှိသောနိုင်ငံ ဖြစ်သော်လည်း ကြွယ်ဝသော မြို့နေ လူဦးရေ တချို့တဝက်ကြောင့် ကင်ညာနိုင်ငံအား ချမ်းသာသောနိုင်ငံဟု အထင်ရောက်စရာ ရှိသည်။ သို့သော်လည်း ကင်ညာနိုင်ငံသည် ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုသာ ဖြစ်ပြီး လူထုဖွံ့ဖြိုးရေးညွှန်းကိန်းနိုင်ငံများစာရင်း အားဖြင့် ၀.၅၁၉ မျှသာ ရှိ၍ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် အဆင့် ၁၄၅ မျှသာ ရှိကာ ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ၃၈ ရာခိုင်နှုန်းသော ကင်ညာနိုင်ငံသားတို့မှာ လုံးဝ ဆင်းရဲမွဲတေလျှက် ရှိကြသည်။[63] အရေးပါသော စိုက်ပျိုးမွေမြူရေး ကဏ္ဍမှာ ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်ပြီး ထုတ်ကုန် စွမ်းရည်ပြည့်ဝမှု မရှိပေ။ ၇၅ ရာခိုင်နှုန်းသော အလုပ်သမားတို့ ထိုကဏ္ဍတွင် လုပ်ကိုင်လျှက် ရှိကြသဖြင့် အစားအသောက် ဖူလုံပြီး ဖွံ့ဖြိုးသော နိုင်ငံများ၏ အလုပ်သမား ၃ရာခိုင်နှုန်းနှင့် ယှဉ်လျှင် အလွန်များပြားလှသည်။

မွမ်ဘာဆာရှိ ဈေးခန်းမ

အနောက်နိုင်ငံများမှ အလှူရှင်များ၏ အစိုးရနှင့် ပတ်သက်ပြီး မျှော်လင့်ထားသလို ဖြစ်မလာ၍ စိတ်ပျက်မှုများ ရှိသော်လည်း စီးပွားရေးသည် များစွာ ဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ခရီးသွား လုပ်ငန်းအားဖြင့် အလွန် ကောင်းမွန်ပြီး၊ ပညာရေး နှင့် ဆက်သွယ်ရေးတို့တွင် အတော်အတန် ကောင်းမွန်ကာ မိုးခေါင်သည့်နှစ်များ အပြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍ အထူးသဖြင့် လက်ဖက်စိုက်ပျိုးမှုတွင် လက်ခံနိုင်လောက်သည့် အနေအထား ရှိသည်။[64] ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၀၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ကျော်မျှ တိုးတက်လာခဲ့ပြီး နိုင်ငံခြား ကြွေးမြီများကို များစွာ လျော့ချနိုင်ခဲ့သည်။[64] သို့သော်လည်း ထိုအရာများမှာ ၂၀၀၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီး အငြင်းပွားမှုများ နှင့် နောက်ဆက်တွဲ မငြိမ်သက်မှုများကြောင့် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

အရှေ့နှင့် အလယ်အာဖရိကရှိ အကြီးမားဆုံး စီးပွားရေး ရှိသော နိုင်ငံမှာ ဝန်ဆောင်မှု ကဏ္ဍ၌ ကြောက်မခန်းလိလိ တိုးတက်လာခဲ့ပြီး ယခင် ဆယ်စုနှစ် အတွင်းက အလျှင်အမြန် တိုးချဲ့လာသော ဆက်သွယ်ရေး နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကြောင့် ဖြစ်ကာ ယခုတွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၆၂ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျှက် ရှိသည်။ သို့သော်လည်း ၂၂ ရာခိုင်နှုန်းမျှ သော စုစုပေါင်း ပြည်တွင်း ထုတ်ကုန်များမှာ စိတ်မချရသော စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ ထွက်ပေါ်လာပြီး ထိုကဏ္ဍတွင် ပြည်တွင်း အလုပ်သမား၏ ၇၅ ရာခိုင်နှုန်း လုပ်ကိုင်လျှက် ရှိသည်။ (စီးပွားရေး နိမ့်ကျသော နိုင်ငံများတွင် တွေ့ရတတ်သော စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အဓိက တွန်းအားဖြစ်သော အစားအသောက် လုံခြုံမှု မရှိခြင်း ဖြစ်သည်။) နိုင်ငံ လူဦးရေ အတော်များများမှာ ဆာလောင်မွတ်သိပ်မှုနှင့် အမြဲကြုံတွေ့နေရပြီး အစားအသောက် အထောက်အပံ့များပေါ်တွင် များစွာ မှီခိုနေရသည်။ စက်ရုံနှင့် ကုန်ထုတ်လုပ်ငန်းမှာ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၁၆ ရာခိုင်နှုန်းမျှသာ ရှိပြီး အသေးငယ်ဆုံးသော ကဏ္ဍ ဖြစ်သည်။

ကင်ညာသည် ယခင်က လွတ်လပ်သော ဈေးကွက်ရှိပြီး လောင်စာဆီ ထုတ်လုပ်မှု ကဏ္ဍတွင် အစိုးရ၏ ဈေးနှုန်းနှင့် ပတ်သက်သော ဝင်ရောက်စွက်ဖက်မှု အနည်းငယ်မျှသာ ရှိသည်။ သို့သော်လည်း လတ်တလော ပြဋ္ဌာန်းလိုက်သော ဥပဒေ အရ အစိုးရ အနေနှင့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ဖြစ်သော ဂျုံမှုန့်၊ ရေနံဆီ နှင့် ဟင်းချက်ဆီ စသည်တို့တွင် ဈေးနှုန်းကို ဆုံးဖြတ်ခွင့် နှင့် ထိန်းချုပ်ခွင့် ရှိလာသည်။

ယခု မရှိတော့ပြီ ဖြစ်သော ကင်ညာ စာတိုက်နှင့် ဆက်သွယ်ရေး ကုမ္ပဏီ ကဲ့သို့သော နိုင်ငံပိုင် ကော်ပိုရေးရှင်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အားဖြင့် အရှေ့အာဖရိက၏ အကျိုးအမြတ် အများဆုံး ကုမ္ပဏီ ဖြစ်သော ဆာဖရီကွန် ကဲ့သို့သော ဆက်သွယ်ရေး ကုမ္ပဏီများ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အများအပြားဖြင့် ပြန်လည် အသက်ဝင်လာခဲ့သည်။

ကင်ညာ၏ ထုတ်ကုန် တင်ပို့မှု ခွဲတမ်း

၂၀၁၁ ခုနှစ် မေလ ခန့်မှန်းချက်အရ စီးပွားရေး မျှော်မှန်းချက်မှာ အကောင်းဖက်တွင် ရှိပြီး ၄-၅ ရာခိုင်နှုန်းခန့် စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး တိုးတက်လိမ့်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် တိုးချဲ့မှု နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ပြန်လည် မြင့်တက်လာမှုကြောင့် ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ၂၀၁၂ ခုနှစ်တွင် ၄.၃ ရာခိုင်နှုန်း စီးပွားရေး တိုးတက်မှု ရှိမည်ဟု ခန့်မှန်း ခဲ့သည်။ .[65]


ကင်ညာ၏ ၁၉၇၀မှ ၂၀၁၀ အတွင်း လူထုဖွံ့ဖြိုးရေးညွှန်းကိန်း အတက်အကျ
အရှေ့ဆာဗို အမျိုးသားဥယျာဉ်

၁၉၉၆ မတ်လတွင် ကင်ညာနိုင်ငံ၊ တန်ဇေးနီးယားနိုင်ငံ နှင့် ယူဂန်ဒါးနိုင်ငံ တို့မှ သမ္မတများ အရှေ့အာဖရိကအစုအဝေး ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ အရှေ့အာဖရိက အစုအဝေး ၏ ရည်မှန်းချက်များမှာ ကုန်သွယ်ခွန် နှင့် အကောက်ခွန်များ ညီတူညီမျှ ရှိရန်၊ လူများ လွတ်လပ်စွာ သွားလာနိုင်ရန် နှင့် ဒေသအတွင်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။ ၂၀၀၄ ခုနှစ် မတ်လတွင် အရှေ့ အာဖရိက နိုင်ငံ ၃ ခုတို့ အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပိုမိုထိရောက်ပြီး အမြတ်အစွန်းများစွာ ရရှိစေသော နည်းပညာ-အသိပညာ-တတ်ကျွမ်းမှုကို အခြေခံသော ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် စက်ရုံနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အလုပ်သမားထု၏ ၂၅ ရာခိုင်နှုန်းသာ ရှိသော်လည်း ကျန်ရှိနေသော စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးသည်။[64]

ကင်ညာသည် အရှေ့နှင့် အလယ်အာဖရိကရှိ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအတွက် အချက်အချာ နေရာ ဖြစ်သည်။ နိုင်ရိုဘီ စတော့ အိတ်ချိန်း သည် ဈေးကွက် အရင်းပြုခြင်း အားဖြင့် အာဖရိကတွင် စတုတ္ထနေရာတွင် ရှိသည်။ ကင်ညာ၏ ဘဏ်လုပ်ငန်းကို ကင်ညာ ဗဟိုဘဏ်က ကြီးကြပ်ကွပ်ကဲပြီး ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းပေါင်း ၄၃ခု အပြင် အခြားသော ဘဏ်မဟုတ်သည့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် အပေါင်ခံ ကုမ္ပဏီများ၊ ငွေစုငွေချေး အဖွဲ့အစည်း ၄ ခု နှင့် နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းပေါင်း များစွာ ရှိသည်။[64]

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း

ကီလီမန်ဂျာရိုတောင်ကို နောက်ခံပြုထားသော အမ်ဘိုဆယ်လီ အမျိုးသားဥယျာဉ်မှ ဆင်များ

ကင်ညာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၆၁ ရာခိုင်နှုန်းကို ပံ့ပိုးပေးသော ဝန်ဆောင်မှု ကဏ္ဍတွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ အဓိက ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် လွတ်လပ်ရေး ရသည့် အချိန်မှ စ၍ နှစ်အတော်များများတွင် ပုံမှန် ဖွံ့ဖြိုးမှု ရှိခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များသို့ အရောက်တွင် နိုင်ငံ၏ အဓိက နိုင်ငံခြားငွေ ရရှိသော လုပ်ငန်းတစ်ခု ဖြစ်လာသည်။ ကမ္ဘာလှည့် ခရီးသည်များတွင် ဂျာမနီနိုင်ငံ နှင့် ယူနိုက်တက်ကင်းဒမ်းမှ အများဆုံး ဖြစ်ပြီး ကမ်းရိုးတန်း ဒေသရှိ ကမ်းခြေများ နှင့် အရှေ့တောင်ဘက်ရှိ အလွန်ကျယ်ပြန့်ပြီး ၈၀၃၄ စတုရန်းမိုင် (၂၀,၈၀၈ စတုရန်းကီလိုမီတာ) ရှိသော အရှေ့ နှင့် အနောက် ဆာဗို အမျိုးသား ဥယျာဉ်တို့ အဓိက ပါဝင်သည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေများက ကမ္ဘာလှည့် ခရီးသွားများ အတွက် အဓိက ဆွဲဆောင်မှု ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် ယခင် နှစ်အနည်းငယ်က သိသိသာသာ ပြန်လည်တိုးတက်လာခဲ့ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် ရလာစေရန် အဓိက ပံ့ပိုးပေးသော အစိတ်အပိုင်းပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် ကင်ညာနိုင်ငံ၏ အဓိက နိုင်ငံခြား ဝင်ငွေ ရရှိရာ ကဏ္ဍ ဖြစ်ပြီး ပန်းလက်ဖက် နှင့် ကော်ဖီ တင်ပို့မှုတို့က နောက်မှ လိုက်သည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၈၀၃ သန်း ရရှိခဲ့ပြီး ယခင်နှစ် ရရှိခဲ့သော အမေရိကန် ဒေါ်လာ ၆၉၉ သန်းမှ တိုးတက်လာခြင်း ဖြစ်သည်။ ယခုအချိန်တွင် ကင်ညာနိုင်ငံ၌ ဈေးဝယ်ရန်ကုန်တိုက်များ အများအပြား ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဟိုက်ပါမတ်ကတ်ကြီး ၂ ခုလည်း ကင်ညာတွင် ရှိနေပြီ ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်း

ကဲရိုချီ ကောင်တီ၊ ကဲရိုချီ အနီးမှ လက်ဖက်စိုက်ခင်း

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် ကင်ညာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) အား ဝန်ဆောင်မှု ကဏ္ဍ ပြီးလျှင် ဒုတိယမြောက် အများဆုံး ပံ့ပိုးသည့် ကဏ္ဍ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် သစ်တော လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်း အပါအဝင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် ဂျီဒီပီ၏ ၂၄ ရာခိုင်နှုန်းမျှ ရှိပြီး လစာရရှိသော အလုပ်သမား၏ ၁၈ ရာခိုင်နှုန်း နှင့် ပြည်ပပို့ကုန် အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်း မျှ ရှိသည်။ အဓိက ဝင်ငွေရသော ကောက်ပဲသီးနှံများမှာ လက်ဖက်၊ ဟော်ရီကာချာ ကောက်ပဲသီးနှံများ နှင့် ကော်ဖီ တို့ ဖြစ်သည်။ ဟော်ရီကာချာ ကောက်ပဲသီးနှံများ နှင့် လက်ဖက်တို့သည် အဓိက ဖွံဖြိုးတိုးတက်လာသော ကဏ္ဍများ ဖြစ်ပြီး ကင်ညာနိုင်ငံ ပြည်ပပို့ကုန်၏ တန်ဖိုးအများဆုံး နှစ်ခု ဖြစ်သည်။ အစားအသောက်အတွက် အဓိက ဖြစ်သော ပြောင်းကဲ့သို့သော အသီးအနှံများမှာ ရာသီဥတု အပြောင်းအလဲပေါ် များစွာ မူတည်နေသည်။ စိုက်ပျိုးနိုင်စွမ်း လျော့ကျမှုကြောင့် အစားအသောက် အကူအညီများ အခါအားလျော်စွာ လိုအပ်လျှက် ရှိသည်။ ဥပမာ အားဖြင့် ၂၀၀၄ ခုနှစ် ကင်ညာနိုင်ငံ၏ မိုးခေါင်မှုကြောင့် လူ ၁.၈ သန်း အတွက် အစားအသောက် အကူအညီ လိုအပ်ခဲ့သည်။

ကင်ညာတောင် ဒေသတွင် အလုပ်လုပ်နေသော ကင်ညာ လယ်သမား တစ်ဦး

အပြည်ပြည်ဆိုင်ရာ ခြောက်သွေ့ဆန်သော ဒေသများအတွက် ကောက်ပဲသီးနှံ သုတေသန အဖွဲ့ မှ ဦးဆောင်သော ယာယီပူးပေါင်းအဖွဲ့ တစ်ခုမှ လယ်သမားများအား ခြောက်သွေ့သော ဒေသများတွင် ပဲစင်းငုံ အမျိုးအစားအသစ်များကို ပြောင်းအစား စိုက်ပျိုးရန် အတွက် ကူညီရာတွင် အောင်မြင်မှု အချို့ ရခဲ့သည်။ ပဲစင်းငုံသည် မိုးခေါင်မှုကို ကြံ့ကြံ့ခံနိုင်ပြီး နှစ်စဉ်မိုးရေချိန် ၆၅၀ မီလီမီတာ အောက်နည်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ နောက်ဆက်တွဲ စီမံကိန်းများမှ ပဲတောင့်ရှည်ကို စီးပွားဖြစ်ထုတ်လုပ်ရန်အတွက် ဒေသအတွင်း မျိုးစေ့ ထုတ်လုပ်မှု နှင့် စိုက်ပျိုးရေး ဆိုင်ရာ ရောင်းဝယ်ဖောက်ကားသူများ၏ ကွန်ယက်ကို တိုးတက်စေခြင်းဖြင့် အားပေးအားမြှောက် ပြုခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် နိုင်ရိုဘီနှင့် မွန်ဘာဆာတို့၌ ထုတ်လုပ်သူနှင့် လက်ကားရောင်းချသူများကို ချိတ်ဆက်ပေးခြင်း နှင့် ထုတ်လုပ်သူတို့၏ ရောင်ဈေးကို ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်စေခြင်းတို့ ပါဝင်သည်။ ပဲစင်းငုံကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်း ကြောင့် လယ်သမား အချို့တို့အား လက်ကိုင်ဖုန်း မှစ၍ စိုက်ပျိုးနိုင်သော မြေ နှင့် မွေးမြူနိုင်သော တိရစ္ဆာန်များ အထိ ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်စေသဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အတွက် လမ်းစကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။[66]

လက်ဖက်၊ ကော်ဖီ၊ နာနတ်လျှော်ဆေးဂန္ဓမာပြောင်းနှင့် ဂျုံတို့ကို အာဖရိကရှိ အအောင်မြင်ဆုံး စိုက်ပျိုးရေး ဒေသတစ်ခုဖြစ်သော မြေဩဇာကောင်းမွန်သည့် ကုန်းမြင့်ဒေသများတွင် စိုက်ပျိုးကြသည်။ မွေးမြူရေး လုပ်ငန်းများမှာ ခြောက်သွေ့ဆန်သော ကန္တာရဒေသများ မှ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများ အထိ လုပ်ကိုင်ကြသည်။ အုန်းသီးနာနတ်သီးသီဟိုဠ်စေ့ချည်ကြံ၊ နာနတ်လျှော် နှင့် ပြောင်း တို့ကို မြေနိမ့်ဒေသများတွင် စိုက်ပျိုးကြသည်။ သို့သော်လည်း ကင်ညာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် အစားအစာ ဖူလုံမှုနှင့် ၎င်းနှင့်ဆက်စပ်သော ဆင်းရဲမွဲတေမှုတိုကို ဖြေရှင်းရန် အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ထိရောက်မှု အဆင့်တစ်ခုသို့ မတက်လှမ်းနိုင်သေးပေ။ ၅၃ ရာခိုင်နှုန်းသော နိုင်ငံသားများမှာ ဆင်းရဲမွဲတေမှု စံသတ်မှတ်ချက်အောက် နိမ့်ကျနေကြပြီး နိုင်ငံသား အများအပြားမှာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် အမြဲတစေ ကြုံတွေ့နေရပြီး အစားအသောက် အကူအညီ ပေါ်တွင် မှီခိုနေရသည်။ ဆိုးရွားသောလမ်းများ၊ မလုံလောက်သော ရထားလမ်းများ၊ ထိထိရောက်ရောက် အသုံးမပြုနိုင်သော ရေကြောင်းပို့ဆောင်ရေး နှင့် ဈေးကြီးသော လေကြောင်းပို့ဆောင်ရေးတို့ကြောင့် ခြောက်သွေ့ ဒေသနှင့် ခြောက်သွေ့ဆန် ဒေသများကို ဝေးလံခေါင်းပါးသော ဒေသများ အဖြစ် တည်ရှိစေပြီး အချို့ဒေသများရှိ လယ်သမားများမှာ ဈေးကွက်သို့ မတင်ပို့နိုင်သဖြင့် အစားအသောက်များ လယ်ကွင်းအတွင်း၌ပင် ပုပ်သိုးပျက်စီးခြင်းနှင့် ကြုံတွေ့ရသည်။ ထို့ကြောင့်၂၀၁၁ ခုနှစ် ဩဂုတ်လ နှင့် စက်တင်ဘာလ နောက်ပိုင်းတွင် ကြက်ခြေနီအဖွဲ့မှ ကင်ညာအတွက် ကင်ညာနိုင်ငံသားများ အမည်ရသော အစီအစဉ်ကို စတင်ခဲ့သည်။[67]

စက်ရုံနှင့်ကုန်ထုတ်လုပ်ငန်း

နိုင်ရိုဘီရှိ ကင်ညာကူးသန်းရောင်းဝယ်ရေးဘဏ် ဌာနချုပ်

ကင်ညာနိုင်ငံသည် အာဖရိက ဂရိတ်လိတ်ဒေသတွင် စက်မှုလုပ်ငန်း အဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်သော်လည်း ကုန်ထုတ်လုပ်ငန်းသည် ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်းမျှကိုသာ ပံ့ပိုးပေးသည်။ ကုန်ထုတ်လုပ်ငန်းများမှာ မြို့ပြဒေသကြီးများ ဖြစ်သော နိုင်ရိုဘီ၊ မွမ်ဘာဆာ နှင့် ကီဆူမူး တို့တွင် စုပြုံတည်ရှိနေကြပြီး အစားအသောက် ကုန်ထုတ်လုပ်ငန်းများ ဖြစ်သည့် သီးနှံများ အချောသပ်ခြင်း၊ ဘီယာ ထုတ်လုပ်ခြင်း၊ ကြံကြိတ်ခြင်း နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ကြသည်။ ယခုအခါ အလျှင်အမြန် တိုးတက်လာနေသော ဘိလပ်မြေ ထုတ်လုပ်ရေး လုပ်ငန်း ရှိနေသည်။ ကင်ညာတွင် ပြည်ပမှ တင်ပို့လာသော လောင်စာဆီ အကြမ်းစားများကို လောင်စာဆီနှင့် သက်ဆိုင်သော ပစ္စည်းများ အဖြစ် ပြောင်းလဲပေးသည့် လောင်စာဆီ အချောထုတ် လုပ်ငန်းလည်း ရှိပြီး အဓိကအားဖြင့် ပြည်တွင်း ဈေးကွက် အတွက် ရည်ရွယ်သည်။ ထို့အပြင် ဒေသအတွင်း ဂျွာကာလီဟု ရည်ညွှန်းကြသော အိမ်သုံးပစ္စည်းများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ၊ လယ်ယာသုံး ပစ္စည်းများ ကို စနစ်တကျ မဟုတ်သော နည်းလမ်းဖြင့် ထုတ်လုပ်ကြသော လုပ်ငန်းများလည်း သိသာထင်ရှားစွာ ရှိပြီး ချဲ့ထွင်နေကြသည်။

ကင်ညာသည် အမေရိကန် အစိုးရ၏ အာဖရိက ဖွံ့ဖြိုးရေး နှင့် အခွင့်အလမ်းဖန်တီးရေး ဥပဒေတွင် အထောက်အပံ့ရသော နိုင်ငံများတွင် ပါဝင်သဖြင့် ယခုနှစ်ပိုင်းများတွင် ကုန်ထုတ်လုပ်ငန်းများအား အထောက်အပံ့ ဖြ်စသည်။ ထိုဥပဒေ အသက်ဝင်သော ၂၀၀၀ ခုနှစ်မှစ၍ ကင်ညာမှ အမေရိကန်သို့ တင်ပို့ရောင်းချသော အဝတ်အထည်မှာ အမေရိကန် ဒေါ်လာ ၄၄ သန်းတန်ဖိုးမှ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ တိုးတက်လာခဲ့သည်။ အခြား ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသော အရာများမှာ စက်ကိရိယာများနှင့် ကုန်ကြမ်း အတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပေးခြင်း အစရှိသော အစိုးရမှ စီစဉ်ပေးသော အခွန်အကောက် သတ်မှတ်ချက်များပင် ဖြစ်သည်။

စွမ်းအင်

ကင်ညာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် အများစုမှာ တာနာမြစ် အထက်ပိုင်း ဆည်များနှင့် အနောက်ဘက် တာကွယ်ချောက်ဆည် ရှိ ရေအားလျှပ်စစ် စက်ရုံများမှ လာသည်။ ကျန်ရှိသော လျှပ်စစ်ဓာတ်အားများကို ကမ်းရိုးတန်းပေါ်ရှိ လောင်စာဆီသုံး လျှပ်စစ် စက်ရုံ၊ နိုင်ရိုဘီမြို့ အနီး အော်လ်ကယ်ရီးယားရှိ မြေကြီးအပူချိန်သုံး လျှပ်စစ် စက်ရုံ နှင့် ယူဂန်းဒါးနိုင်ငံမှ တင်သွင်းခြင်းတို့ ဖြင့် ရရှိသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အတွင်းတွင် ကင်ညာရှိ လျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ ၁,၁၄၂ မက်ဂါဝပ် ရှိသည်။ ၁၉၉၇ ခုနှစ်က ကင်ညာပါဝါ ကုမ္ပဏီ အမည်ဖြင့် ဖွဲ့စည်းခဲ့သော နိုင်ငံပိုင် ကင်ညာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လုပ်ဆောင်ပြီး ကင်ညာပါဝါ ကုမ္ပဏီက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးခြင်းကို လုပ်ဆောင်သည်။ မိုးခေါင်မှုကြောင့် ရေစီးလျော့နည်းသည့် အခါတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် အမြဲတစေ ကြုံတွေ့ရလေ့ ရှိသည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရန် အတွက် ကင်ညာနိုင်ငံမှ နျူးကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ၂၀၁၇ တွင် တည်ဆောက်နိုင်ရန် ရည်မှန်းလျှက် ရှိသည်။[68]

အော်လ်ကယ်ရီးယားရှိ မြေကြီးအပူချိန်သုံး လျှပ်စစ် စက်ရုံမှ အလုပ်သမားများ

ကင်ညာနိုင်ငံ တာကာနာ တွင် ရေနံများ ရှိကြောင့် သက်သေအခိုင်အမာ ရှိပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်မည်ဟု လတ်တလော တွေ့ရှိထားသည်။ တူလ်လိုး ရေနံ ကုမ္ပဏီမှ ခန့်မှန်းချက်အရ ကင်ညာတွင် ရေနံ စုစုပေါင်း ၁၀ ဘီလီယံ စည်ခန့် ရှိမည်ဟု ဆိုသည်။[69] အခြား ရေနံထွက်ရှိသော ဒေသများ ရှိမရှိကို ဆက်လက် ရှာဖွေလျှက် ရှိသည်။ ကင်ညာနိုင်ငံသည် လက်ရှိတွင် လိုအပ်သော လောင်စာဆီကြမ်းများကို တင်သွင်းလျှက် ရှိသည်။ အရှေ့အာဖရိက၏ အကြီးဆုံး စီးပွားရေး ရှိသော ကင်ညာနိုင်ငံတွင် မဟာဗျူဟာမြောက် ရေနံ ထိန်းသိမ်းဖယ်ချန်မှု မရှိပဲ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအရ ၂၁ ရက်စာ ဆီ ထိန်းသိမ်းဖယ်ချန်ခြင်းသာ ရှိသည်။ လောင်စာဆီ တင်သွင်းမှုမှာ နိုင်ငံ သွင်းကုန်၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ ရှိသည်။[70]

တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေး

၂၀၁၃ ခုနှစ် သမ္မတ ကင်ယတ်တာ ဘေဂျင်းမြို့သို့ အလည်အပတ်သွားရောက်ချိန် ကင်ညာနိုင်ငံရှိ တရုတ်သံအမတ် လျူဂွမ်ယွမ်၏ ကင်ညာနိုင်ငံ ကက်ပီတယ် အက်ဖ်အမ် ရေဒီယို ဝက်ဘ်ဆိုက်ဒ်တွင် ထုတ်ပြန်သည့် အဆိုအရ ၂၀၁၂ ခုနှစ် အထိ ကင်ညာနိုင်ငံရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၄၇၄ မီလီယံ ဒေါ်လာရှိပြီး ကင်ညာနိုင်ငံ၏ အများဆုံးသော နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး နှစ်နိုင်ငံ အတွင်း ကုန်သွယ်ရေး ကူးလူးဆက်ဆံမှုမှာ အမေရိကန် ဒေါ်လာ ၂.၈၄ ဘီလီယံ အထိ ရှိသည်။ ထိုသို့ သွားရောက်လည်ပတ်ချိန်တွင် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သမ္မတ ကင်ယတ်တာ နှင့်အတူ စီးပွားရေး လုပ်ငန်းရှင် ၆၀ ဦးတို့ ပါဝင်ခဲ့ပြီး ကင်ညာနိုင်ငံတောင်ပိုင်း မွမ်ဘာဆာ ဆိပ်ကမ်းမှ အိမ်နီးချင်းနိုင်ငံ ယူဂန်ဒါး သို့ ဆက်သွယ်ထားသော ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိသည့် ရထားလမ်းဖောက်ရန် အစီအစဉ်နှင့် ဒေါ်လာ ၁.၈ ဘီလီယံ တန်သော ဆည် ဆောက်ရန်အတွက် တရုတ်တို့ထံမှ ထောက်ပံ့ကူညီမှု ရရန် မျှော်လင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။[61] ဩစတြေးလျနိုင်ငံရှိ ဩစတြေးလျ ဘေ့စ်အရင်းအမြစ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ ဖြစ်သော ဘေ့စ် တိုက်တေနီယမ် ကုမ္ပဏီမှ တရုတ်နိုင်ငံသို့ ပထမဆုံး တင်ပို့မှု အဖြစ် အီလ်မန်နိုက် (ilmenite) ၂၅,၀၀၀ တန်ကို ကင်ညာ ကမ်းရိုးတန်းမြို့ ကီလ်ဖီကီမှ တဆင့် တင်ပို့ခဲ့ပြီး ထိုတင်ပို့မှုမှ ကင်ညာနိုင်ငံ အတွက် ကင်ညာသျှီလင် ၁၅ ဘီလီယံ မှ ၂၀ ဘီလံယံ အထိ ဝင်ငွေ ရမည်ဟု မျှော်မှန်းရသည်။[71]

ဗွီးရှင်း ၂၀၃၀

ဗွီးရှင်း ၂၀၃၀၏ တရားဝင် လိုဂို

၂၀၀၇ ခုနှစ်တွင် ကင်ညာ အစိုးရသည် ဗွီးရှင်း ၂၀၃၀ ဟုအမည်ရသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ဖော်ထုတ် ကြေငြာခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် အာရှကျားများ နှင့် တန်းတူ ဖြစ်ရန် ရည်ရွယ်ချက် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသား ရာသီဥတု ပြောင်းလဲမှု လုပ်ဆောင်ချက် အစီအစဉ်ကို စတင်ခဲ့ပြီး ဗွီးရှင်း ၂၀၃၀တွင် ရာသီဥတု အပြောင်းလဲကို အဓိက ဖွံ့ဖြိုးတိုးတက်မှု အချက်အဖြစ်မှ ဖယ်ချန် ထားခဲ့ခြင်းမှာ လစ်ဟာမှုသာ ဖြစ်ကြောင်း အသိအမှတ်ပြု ကြေငြာခဲ့သည်။ စာမျက်နှာ ၂၀၀ မျှ ရှိသော အစီအစဉ်ကို ရာသီဥတုနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာ ကွန်ယက်၏ ပံ့ပိုးမှုဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ကင်ညာ အစိုးရ၏ ဗွီးရှင်းအဖြစ် ကာဗွန်ပမာဏ အနည်းငယ်ဖြင့် ရာသီဥတုကို မထိခိုက်စေဘဲ ဖွံ့ဖြိုးတိုးတက်စေမည့် လမ်းကြောင်းကို ချပြခဲ့သည်။ ၂၀၁၃ ခုနှစ် အစီအစဉ် ကို ဖော်ထုတ်ပြသရာတွင် စီမံကိန်း၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဗွီးရှင်း ၂၀၃၀ ဝန်ကြီးဌာန၏ ဝန်ကြီးမှ အသစ်ပြောင်းလဲရေးဆွဲသော အစီအစဉ်တွင် ရာသီဥတုနှင့် ဆိုင်သော ကိစ္စသည် အဓိကကျသော အစိတ်အပိုင်း ဖြ်စမည်ဟု အလေးအနက် ပြောကြားခဲ့သည်။ ထို့ကြောင့် တိုက်ရိုက် ဖြစ်ပြီး ခိုင်မာသော အစီအစဉ် အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေခံကို ဖန်တီးနိုင်မည် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကို စီးပွားရေး တစ်ခုလုံးနှင့် ပတ်သက်ဆက်နွယ်နေသော ကိစ္စအဖြစ် သတ်မှတ်မည်ဟုလည်း အသေအချာ ပြောကြားခဲ့သည်။[72]

စီးပွားရေး အကျဉ်းချုပ်
ဂျီဒီပီ အမေရိကန် ဒေါ်လာ ၄၁.၈၄ ဘီလီယံ (၂၀၁၂) ဖြင့် ပေါက်ဈေး။ အမေရိကန်ဒေါ်လာ ၇၆.၀၇ ဘီလီယံ (ဝယ်ယူနို်ငစွမ်း ကွာခြားမှုနှုန်း၊ ၂၀၁၂ ထည့်သွင်းပြီး)

တရားဝင် ဂျီဒီပီ ကိန်းဂဏန်းတွင် မပါဝင်သော တရားဝင် ထည့်သွင်းမရေတွက်သည့် စီးပွားရေးလည်း ရှိသည်။

နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၅.၁% (၂၀၁၂)
တစ်ဦးချင်း ဝင်ငွေ တစ်ဦးချင်း ဝင်ငွေ (ဝယ်ယူနိုင်စွမ်း ကွာခြားမှုနှုန်းဖြင့် တွက်ချက်ပြီး) = အမေရိကန် ဒေါ်လာ ၁,၈၀၀
စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ထုတ်လုပ်မှု လက်ဖက်၊ ကော်ဖီ၊ ပြောင်း၊ ဂျုံ၊ ကြံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ အမဲသား၊ဝက်သား၊ကြက်ဥ
ကုန်ထုတ်လုပ်ငန်း အသေးစား လူသုံးပစ္စည်း (ပလတ်စတစ်၊ ပရိဘောဂ၊ ဘက်ထရီ၊ ချည်ထည်၊ အဝတ်အထည်၊ ဆပ်ပြာ၊ စီးကရက်၊ ဂျုံမှုန့်)၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ ဟော်ရီကားချား ပစ္စည်းများ၊ ရေနံ သန့်စင်ခြင်း၊ အလူမီနီယံ၊ စတီးလ်၊ ခဲ၊ ဘိလပ်မြေ၊ စီးပွားဖြစ် သင်္ဘောပြင်ခြင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း
၂၀၁၂ ကုန်သွယ်မှု
တင်ပို့ကုန် အမေရိကန် ဒေါ်လာ ၅.၉၄၂ ဘီလီယံ လက်ဖက်၊ ကော်ဖီ၊ ဟော်ရီကားချား ထုတ်ကုန်၊ လောင်စာဆီဆိုင်ရာ ထုတ်ကုန်၊ ဘိလပ်မြေ၊ ငါး
အဓိက ဈေးကွက်များ ယူဂန်းဒါးနိုင်ငံ ၉.၉%၊ တန်ဇေးနီးယားနိုင်ငံ ၉.၆%၊ နယ်သာလန်နိုင်ငံ ၈.၄%၊ ယူကေ ၈.၁%၊ အီဂျစ် ၄.၉%၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ ၄.၂% (၂၀၁၂) [3]
တင်သွင်းကုန် အမေရိကန် ဒေါ်လာ ၁၄.၃၉ ဘီလီယံ စက်နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ လောင်စာဆီ ပစ္စည်းများ၊ မော်တော်ယာဉ်၊ သံနှင့် စတီးလ်၊ရီဆင် နှင့် ပလတ်စတစ်
အဓိက ရောင်းချသူများ တရုတ် ၁၅.၃% ၊ အိန္ဒိယ ၁၃.၈%၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ၁၀.၅%၊ ဆော်ဒီအာရေဗျ ၇.၃%၊ တောင်အာဖရိက ၅.၅%၊ ဂျပန် ၄.၀% (၂၀၁၂)[3]

ရေနံရှာဖွေခြင်း

တာကာနာ ကောင်တီ၏ နယ်နိမိတ် တာကာနာကန်

ကင်ညာနိုင်ငံ တာကာနာ ကောင်တီတွင် ရေနံများ ရှိသည်ဟု အခို်ငအမာ သက်သေရှိသည်။ သမ္မတ မွိုင် ကီဘာကီက ၂၀၁၂ ခုနှစ် မတ်လ ၂၆ ရက်တွင် အင်ဂလို-အိုင်းရစ်ရှ် ကုမ္ပဏီ ရေနံ ရှာဖွေရေး ကုမ္ပဏီ တစ်ခုဖြစ်သော တာလိုး ရေနံကုမ္ပဏီက ရေနံများကို ရှာဖွေတွေ့ရှိခဲ့ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်မှုနှင့် ပတ်သက်၍မူ ၃ နှစ်ခန့် လေ့လာပြီးမှ အတည်ပြုရမည်ဟု ကြေငြာခဲ့သည်။[73]

၂၀၀၆ ခုနှစ် အစောပိုင်းတွင် တရုတ်သမ္မတ ဟူကျင်တောင်း က ရေနံရှာဖွေရေး စာချုပ်တစ်ခုကို ကင်ညာနိုင်ငံနှင့် ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်မှာ တရုတ်၏အလျင်အမြန် ကျယ်ပြန့်လာသော စီးပွားရေးသို့ အာဖရိကမှ သဘာဝ အရင်းအမြစ်များ စီးဝင်လာစေရန် အတွက် ရည်ရွယ်သော သဘောတူညီချက်များထဲမှ တစ်ခုဖြစ်သည်။

ထိုသဘောတူညီချက်မှ တရုတ်နိုင်ငံပိုင် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် တရုတ်အမျိုးသားကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (စီအန်အိုအိုစီ) အား ကင်ညာနိုင်ငံတွင် ရေနံရှာဖွေရန် ခွင့်ပြုခဲ့ပြီး ၎င်းတို့မှ ဆူဒန်နိုင်ငံနှင့် ကင်ညာနိုင်ငံ နယ်စပ်နှင့် ကမ်းရိုးတန်း ရေပြင်တွင် ပထမဆုံး အစမ်းတွင်းများ တူးဖော်ခဲ့သည်။ ရေနံများ ရှာဖွေတွေ့ရှိခဲ့ကြောင်း တရားဝင် ခန့်မှန်းချက် ထုတ်ပြန်ခဲ့ခြင်း များလည်း ရှိခဲ့သည်။ [74]

ကလေးအလုပ်သမားနှင့် ပြည့်တန်ဆာ ပြဿနာ

မာဆိုင်း လူမျိုးများ

ကလေးသူငယ်များအား အလုပ်ခိုင်းစေမှုမှာ ကင်ညာနိုင်ငံတွင် နေရာအနှံ့အပြားတွေ့ရသည်။ အလုပ်လုပ်ကိုင်နေသော ကလေးအများစုကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် တွေ့ရသည်။[75] ၂၀၀၆ခုနှစ် ယူနီဆက်ဖ်၏ ခန့်မှန်းချက်အရ မာလင်ဒီ၊ မွမ်ဘာဆာ၊ ကာလီဖီ နှင့် ဒီယာနီ ကမ်းရိုးတန်းဒေသများရှိ မိန်းကလေး ၃၀ ရာခိုင်နှုန်းမှာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ ကျားမ နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက ၂၀၀၉ ခုနှစ်တွင် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အရာရှိ ၉၀၀ ကို ခန့်အပ်ခဲ့သည်။ ကလေး အလုပ်သမား ပြဿနာမှာ ဆင်းရဲမွဲတေမှု၊ ပညာသင်ရန် အခက်အခဲရှိမှု၊ အစိုးရ အဖွဲ့အစည်းများ အားနည်းမှုတို့ကြောင့် ဖြစ်သည်။[75] ကင်ညာသည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် ၈၁ ဖြစ်သော စက်ရုံဆိုင်ရာ အလုပ်သမား စစ်ဆေးရေး နှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အမှတ် ၁၂၉ ဖြစ်သော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အလုပ်သမား စစ်ဆေးရေး တို့ကို သဘောတူ လက်မှတ်ရေးထိုးထားသည်။[76]

လူဦးရေ ပျံ့နှံ့တည်ရှိပုံ

ရိုးရာဝတ်စုံဖြင့် တွေ့ရသော ကီကူရူး အမျိုးသမီးတစ်ဦး

ကင်ညာနိုင်ငံတွင် လူမျိုးပေါင်းစုံကို တွေ့ရပြီး အာဖရိကရှိ အဓိက လူမျိုးနွယ်စု နှင့် ဘာသာစကားကွဲ အများစု ကို တွေ့ရသည်။ ခန့်မှန်းခြေအားဖြင့် လူမျိုးစုပေါင်း ၄၂ ခုမျှ ရှိပြီး ဘန်တူလူမျိုး (၆၇%)၊ နိုင်လိုတစ် လူမျိုး (၃၀%) တို့မှာ ဒေသခံ နေထိုင်သူ အများစု ဖြစ်ကြသည်။[77] ကူရှစ်တစ် လူမျိုးများမှာ လူနည်းစု ဖြစ်ပြီး အာရပ်လူမျိုး၊အိန္ဒိယလူမျိုး နှင့် ဥရောပသားများမှာလည်း လူနည်းစု ဖြစ်ကြသည်။[77][78]

စီအိုင်အေ ကမ္ဘာ့အချက်အလက်များ စာအုပ်အရ နိုင်ငံအတွင်းရှိ လူမျိုးစုများမှာ ကီကူရူး ၂၂% ၊ လူယာ ၁၄% ၊ လူယို ၁၃% ၊ ကလန်ဂျင်း ၁၂ % ၊ ကမ်ဘာ ၁၁% ၊ ကီစီး ၆% ၊ အခြား အာဖရိကသား ၁၅% နှင့် အာဖရိကသား မဟုတ်သော အာရှ၊ ဥရောပနှင့် အာရပ်လူမျိုးများမှာ ၁% တို့ ဖြစ်ကြသည်။[3]

နိုင်ငံအတွင်းရှိ လူဦးရေ အများစုမှာ လူငယ်များဖြစ်ပြီး ၇၃% သော နေထိုင်သူများမှာ အသက်၃၀ အောက် ဖြစ်ကြကာ လူဦးရေတိုးနှုန်း လျှင်မြန်လျှက် ရှိသည်။[79][80]ယခင် ရာစုနှစ် အတွင်း ၂.၉ သန်းမှ သန်း ၄၀ သို့ တိုးပွားလာသည်။[81]

ကင်ညာရှိ လူမျိုး အများစုများမှာ ၎င်းတို့နေထိုင်ရာ လူမျိုးစု အတွင်း သူတို့၏ မိခင်ဘာသာစကားကို ပြောဆိုကြသည်။ အခြား လူမျိုးစုများနှင့် ဆက်သွယ်ရာတွင်မူ ရုံးသုံးဘာသာစကား နှစ်ခု ဖြစ်သော အင်္ဂလိပ် ဘာသာစကား နှင့် ဆွာဟီလီ ဘာသာစကားတို့ကို သင့်လျော်သလို အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားကို ကူးသန်းရောင်းဝယ်ရေး၊ ကျောင်းများ နှင့် အစိုးရ ဌာနများတွင် ကျယ်ပြန့်စွာ ပြောဆိုကြသည်။[82] မြို့ပြများကြား နှင့် ကျေးလက်ဒေသတွင် နေထိုင်သူတို့မှာမူ ဘာသာစကား အများအပြား မပြောတတ်ကြဘဲ ၎င်းတို့၏ မိခင်ဘာသာစကားကိုသာ ပြောဆိုကြသည်။[83]

အက်သနိုလော့ဂျ် ၏ အဆိုအရ ကင်ညာနိုင်ငံတွင် ပြောဆိုသော ဘာသာစကား ၆၉ မျိုး ရှိသည်။ ဘာသာစကား အများစုမှာ နိုင်ဂါ-ကွန်ဂို ဘန်တူ ဘာသာစကားခွဲနှင့် နိုင်လို-ဆာဟာရ နိုင်လိုတစ် ဘာသာစကားခွဲတို့တွင် ပါဝင်ကြပြီး နိုင်ငံအတွင်းရှိ ဘန်တူလူမျိုးများ နှင့် နိုင်လိုတစ်လူမျိုးများ အသီးသီး ပြောဆိုကြသည်။ ကူရှစ်တစ်နှင့် အာရပ်လူမျိုးစုတို့ အသုံးပြုသောဘာသာစကားများမှာ အာဖရို-အာရှ မိသားစုတွင် ပါဝင်ကြပြီး အိန္ဒိယနှင့် ဥရောပ နေထိုင်သူတို့ အသုံးပြုသော ဘာသာစကားများမှာ အင်ဒို-ဥရောပ မိသားစုတွင် ပါဝင်ကြသည်။[84]

ထို့ပြင် ကင်ညာ၏ မြို့တော်ဖြစ်သော နို်ငရိုဘီမြို့တွင် ကီဘဲယာဟု ခေါ်သော ကမ္ဘာ့ အကြီးဆုံး ကျူးကျော်ရပ်ကွက် ရှိသည်။ ထိုကျူးကျော် ရပ်ကွက်တွင် ဒေသခံ ၁၇၀,၀၀၀[85] မှ ၁ သန်း အထိ နေထိုင်ကြသည်ဟု ယုံကြည်ရသည်။ [86]မြောက်ဘက် ဒါဘတ်ရှိ ယူအင်န်ဟိတ်ချ်စီအာရ်တွင်လည်း လူဦးရေ ၅၀၀,၀၀၀ ခန့်ကို နေရာချထားပေးသည်။[87]

ဘာသာရေး

မွမ်ဘာဆာရှိ ဟိုလီးဂိုစ့် ကက်သီဒါရယ် ဘုရားကျောင်း

ကင်ညာရှိ လူဦးရေ အများစုမှာ ခရစ်ယာန်ဘာသာဝင် (၈၃%) များ ဖြစ်ကြပြီး ၄၇.၇ ရာခိုင်နှုန်းမှာ ပရိုတက်စတင့်များ ဖြစ်ကာ ၂၃.၅ ရာခိုင်နှုန်းမှာ လက်တင်ဘုရားကျောင်းမှ အခွဲ ရိုမန်ကက်သလစ်များ ဖြစ်ကြသည်။[88] အရှေ့အာဖရိက ပရက်ဘီစတီးယန်း ဘုရားကျောင်းမှ ကင်ညာနှင့် အနီးဝန်းကျင် နိုင်ငံတို့တွင် ကိုးကွယ်သူ ၃ သန်းမျှ ရှိသည်။[89] ထို့အပြင် ကွန်ဆာဗေးတစ် ပြုပြင်ရေး ဘုရားကျောင်းများ ဖြစ်သော အာဖရိက ဧဝံဂေလိ ပရက်စ်ဘီတီးရီးယန်း ဘုရားကျောင်း၊ [90] လွတ်လပ်သော ကင်ညာ ပရက်စ်ဘီတီးရီးယန်း ဘုရားကျောင်း နှင့် အရှေ့အာဖရိက ပြုပြင်ရေး ဘုရားကျောင်း များလည်း ရှိကြသည်။ ကင်ညာနိုင်ငံသား ၆၁၂,၂၀၀ ဦးမှာ ရှေးရိုးစွဲ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။[91] မှတ်သားဖွယ်ရာ တစ်ခုမှာ ကင်ညာတွင် အကြမ်းဖက်မှုနှင့် စစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော ကွေကာ ခရစ်ယာန် ဂိုဏ်းဝင် ကမ္ဘာပေါ်တွင် အများဆုံ ဖြစ်ပြီး ၁၃၃,၀၀၀ ဦး ရှိသည်။[92]

အခြားသော ဘာသာ ယုံကြည်သက်ဝင်သူများမှာလည်း အတော်အသင့် ရှိပြီး မွတ်စလင် ၁၁.၂% ၊ ဘာသာမဲ့ ၂.၄% နှင့် အာဖရိက ရိုးရာ ကိုးကွယ်ယုံကြည်သူ ၁.၇% ရှိသည်။[88] ကင်ညာ၏ မွတ်စလင် ၆၀ ရာခိုင်နှုန်းမှာ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်ကြပြီး ထိုဒေသရှိ လူဦးရေ၏ ၅၀% ဖြစ်သည်။ မွတ်စလင် ၄ ရာခိုင်နှုန်းမှာ အာ့မဒီယာ ဖြစ်ပြီး၊ ၈ ရာခိုင်နှုန်းမှာ ရှီယာ့ ဖြစ်ကာ အခြားသော ၈ ရာခိုင်နှုန်းမှာ ဂိုဏ်းမရှိသော မွတ်စလင်များ ဖြစ်၍ ၇၃ ရာခိုင်နှုန်းမှာ ဆွန်နီ မူစလင်များ ဖြစ်သည်။[93] ကမ်းရိုးတန်း ဒေသ၏ အနောက်ပိုင်း ဒေသများမှာ ခရစ်ယာန် အများစု ဖြစ်သည်။ ကင်ညာနိုင်ငံ အရှေ့ပိုင်းဒေသ၏ အပေါ်ပိုင်းမှာ နိုင်ငံအတွင်း မူစလင် ၁၀ ရာခိုင်နှုန်း နေထိုင်ရာ ဒေသဖြစ်ပြီး ထိုဒေသတွ်င လူများစု ကိုးကွယ်ရာ ဘာသာ အဖြစ် တည်ရှိသည်။[94]ထို့အပြင် ကင်ညာတွင် ဟိန္ဒူ လူဦးရေ အများအပြား ရှိပြီး ၃ သိန်းခန့် ဖြစ်ကာ နိုင်ငံ အတွင်း စီးပွားရေးတွင် အချက်အချာ ကျသော နေရာမှ ပါဝင်ပတ်သက်နေသူများ ဖြစ်ကာ အိန္ဒိယမှ လာကြသူများ ဖြစ်သည်။ ထို့ပြင် ဗဟိုင်း ဘာသာဝင် အနည်းငယ်မျှ ရှိသည်။[95]

ကျန်းမာရေး

ကပ်ဆိုဝါရှိ အေအိုင်စီ ကပ်ဆိုဝါဆေးရုံ ပြင်ပလူနာဌာန

ကျေးလက် နှင့် ဝန်ထမ်းမလုံလောက်သော မြို့ပြရှိ ဆေးပေးခန်း၊ ကျန်းမာရေး ဌာန နှင့် ပုဂ္ဂလိက ဆေးခန်းများသို့ လာရောက် ကုသကြသော လူနာ ၈၀ ရာခိုင်နှုန်းကို သူနာပြုများက ကုသကြသည်။ ပိုမိုရှုပ်ထွေးသော ရောဂါများအတွက် ဆေးခန်း အရာရှိများ၊ ဆရာဝန်များ နှင့် အထူးကုများ ထံသို့ လွှဲပြောင်းပေးကြသည်။ ကင်ညာနိုင်ငံ အမျိုးသား စာရင်းအင်း ဗျူရို၏ မှတ်တမ်းအရ ၂၀၁၁ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ လူဦးရေ ၄၃ သန်းအတွက် အသိအမှတ်ပြု သူနာပြု ၆၅,၀၀၀ ၊ ဆေးခန်း အရာရှိ ၈,၆၀၀ နှင့် ဆရာဝန် ၇,၀၀၀ ရှိသည်။ (ထိုစာရင်းတွင် သေဆုံးသွားသူများနှင့် ကျန်းမာရေး နယ်ပယ်တွင် ဆက်လက် မလုပ်ကိုင်တော့သူများ ပါဝင်သဖြင့် စာရင်းဇယား အမှန်မှာ ထိုထက် နည်းနိုင်သည်။

ကျန်းမာရေး ကဏ္ဍတွင် ကြီးမားသော အောင်မြင်မှုများ ရရှိ သော်လည်း ကင်ညာသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လူ့သက်တမ်း ခန့်မှန်းခြေမှာ ၂၀၀၉ ခုနှစ်တွင် ၅၅ နှစ်သို့ လျော့ကျသွားပြီး ၁၉၉၀ ခုနှစ် နှင့် ယှဉ်လျှင် ၅ နှစ်မျှ လျော့ကျသွားခြင်း ဖြစ်သည်။[96] မွေးကင်းစ ကလေးသေဆုံးမှုမှာ ၂၀၁၂ ခုနှစ်တွင် ၁၀၀၀ လျှင် ၄၄ ဦးမျှ ရှိသဖြင့် မြင့်မားဆဲဟု ဆိုနိုင်သည်။[97] ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ ကလေးမွေးဖွားရာတွင် ၄၂ ရာခိုင်နှုန်းမျှသာ ကျွမ်းကျင်သော ပညာရှင်များက စောင့်ကြပ်မွေးဖွားပေးနိုင်သည်ဟု ခန့်မှန်းရသည်။[98]

ဆင်းရဲမွဲတေမှုနှင့် ဆိုင်သော ရောဂါများမှာ နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်နိုင်မှုနှင့် ကြွယ်ဝမှု ဖြန့်ဝေခြင်း စသည်တို့နှင့် တိုက်ရိုက်ပတ်သက်နေသည်။ ကင်ညာနိုင်ငံသား တစ်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်၏ အောက်တွင် နေထိုင်လျှက် ရှိကြသည်။ ကြိုတင်ကာကွယ်နိုင်သော ရောဂါများ ဖြစ်သည့် ငှက်ဖျား၊ ဟိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ နျူမိုးနီးယား၊ ဝမ်းရောဂါနှင့် အာဟာရ ချို့တဲ့ခြင်းမှာ ကြီးစွာသော ဝန်ထုတ်ဝန်ပိုး ဖြစ်ပြီး ကလေးသူငယ်များကို အဓိက သေဆုံးစေသည့် အကြောင်းအရာ ဖြစ်ကာ သေဆုံးမှုများစွာ အတွက် တရားခံဖြစ်သည်။ အများနှင့် ဆိုင်ရော ကျန်းမာရေး ကဏ္ဍတွင် ပေါ်လစီ မခိုင်မာခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ကျန်းမာရေး ဝန်ထမ်း မလုံလောက်ခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်း နှင့် ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းတို့သည် အဓိက အပြစ်တင်ရန် အချက်များ ဖြစ်သည်။ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ အိတ်ချ်အိုင်ဗွီတွေ့ရှိမှုမှာ အရွယ်ရောက်ပြီးသူများ၏ ၆.၃% အထိ ရှိသည်။[99] သို့သော်လည်း ၂၀၁၁ ခုနှစ် UNAIDS ၏ အစီရင်ခံစာ အရ အိတ်ချ်အိုင်ဗွီ ပျံ့ပွားမှု နှင့် ဆက်စပ်၍ ကင်ညာတွင် တိုးတက်မှုများ ရှိလာပြီး အိတ်ချ်အိုင်ဗွီတွေ့ရှိမှုမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် လျော့နည်းလာသည်ဟု ဆိုသည်။[100]

ကင်ညာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ အမျိုးသမီး တစ်ဦးလျှင် ကလေး ၄.၄၉ ဦးမျှ ဖြစ်သည်ဟု ၂၀၁၂ တွင် ခန့်မှန်းရသည်။[101] ကင်ညာအစိုးရ၏ ၂၀၀၈-၀၉ စစ်တမ်း အရ စုစုပေါင်း ကလေးမွေးဖွားနှုန်းမှာ ၄.၆ % ဖြစ်ပြီး လက်ထပ်ပြီး အမျိုးသမီးများတွင် ပဋိသန္ဓေ တားဆီးခြင်းမှာ ၄၆ ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။[102] မိခင် သေဆုံးမှုနှုန်းမှာ မြင့်မားပြီး အမျိုးသမီး မအင်္ဂါစေ့ ဖြတ်တောက်ခြင်း နှင့် တစိတ်တပိုင်း သက်ဆိုင်နေသည်။[64] ထို လုပ်ဆောင်မှုမှာ ယခုအခါ လျော့နည်းလာပြီး နိုင်ငံ ခေတ်မီတိုးတက်လာမှု အပြင် ၂၀၁၁ ခုနှစ် ထိုအပြုအမူကို တားမြစ် ပိတ်ပင်လိုက်ခြင်း ကြောင့်လည်း ဖြစ်သည်။ [103]

ပညာရေး

စာသင်ခန်းအတွင်းမှ ကလေးငယ်များ

လွတ်လပ်သော ကင်ညာနိုင်ငံ၏ ပထမဆုံး ပညာရေး စနစ်ကို ဗြိတိသျှ ကိုလိုနီတို့က စတင်ခဲ့ခြင်း ဖြစ်သည်။[104]၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် ကင်ညာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်တွင် အိုမင်ဒဲ ကော်မရှင်ဟု အမည်ရသော အာဏာပိုင် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသော အပြောင်းအလဲများကို စတင်ပြုလုပ်ရန် ရည်ရွယ်သည်။ ထိုကော်မရှင်မှ ထိုအချိန်တွင် အရေးပါသော ကိစ္စရပ်များ ဖြစ်သည့် ယဉ်ကျေးမှု ဆိုင်ရာ အမှတ်လက္ခဏာနှင့် စည်းလုံးညီညွတ်မှုတို့ကို အာရုံစိုက် လုပ်ဆောင်သည်။ သမိုင်းနှင့် ပထဝီတို့တွင် ပါဝင်သော သင်ရိုးများကို ပြောင်းလဲခြင်းအားဖြင့် နိုင်ငံ၏ စုစည်းမှုကို ညွှန်းဆိုနိုင်ရန် ရည်ရွယ်သည်။ ၁၉၆၄ မှ ၁၉၈၅ အတွင်း ၇-၄-၂-၃ စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ မူလတန်းတွင် ၇ နှစ်၊ အထက်တန်း အငယ်ပိုင်းတွင် ၄ နှစ်၊ အထက်တန်း အကြီးပိုင်းတွင် ၂ နှစ် နှင့် တက္ကသိုလ်တွင် ၃ နှစ် တို့ဖြစ်သည်။ ကျောင်းအားလုံးတွင် တူညီသော သင်ရိုးညွှန်းတမ်း ရှိသည်။

၁၉၈၁ ခုနှစ်တွင် သမ္မတမှ လမ်းညွှန်သော ဒုတိယ တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်မည့် အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး ဒုတိယတက္ကသိုလ် တစ်ခု ဖွင့်လှစ်နိုင်ရန် နှင့် ပညာရေး စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန် အတွက် နည်းလမ်းရှာဖွေနိုင်ရန် ရည်ရွယ်သည်။[104] ကော်မတီမှ ၇-၄-၂-၃ စနစ် အစား ၈-၄-၄ စနစ် (မူလတန်းတွင် ၈နှစ်၊ အထက်တန်းတွင် ၄ နှစ် နှင့် တက္ကသိုလ်တွ ၄ နှစ်) ကို ပြောင်းလဲ ကျင့်သုံးရန် အဆိုပြုခဲ့သည်။ ၁၉၈၅ တွင် ၈-၄-၄ စနစ်ကို အစပြုခဲ့ပြီးနောက် ၇-၄-၂-၃ စနစ်ကို မူအားဖြင့် အဆုံးသတ်ခဲ့သော်လည်း စနစ်ဟောင်းမှ နောက်ဆုံးအသုတ် ကျောင်းသား များမှ ကင်ညာ တက္ကသိုလ်များမှ ၁၉၉၂ ခုနှစ်မှသာ ဘွဲ့ရရှိခဲ့သည်။[104]

လက်ရှိ ၈-၄-၄ စနစ်ကို ၁၉၈၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။[105][106] ထိုစနစ်မှ အသက်မွေးဝမ်းကြောင်း ဘာသာရပ်များကို အလေးအနက် ထားခဲ့ပြီး စနစ်သည် အနေဖြင့် ကျောင်းမှ ထွက်သွားသူများ အနေဖြင့် ကိုယ်ပိုင်အလုပ်လုပ်နိုင်ရန် သို့မဟုတ် အရပ်ဘက် ကဏ္ဍများတွင် အလုပ်ရရှိနိုင်ရန် အတွက် ယူဆ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ကင်ညာ အစိုးရမှ မူလတန်း အခမဲ့ ပညာရေးကို ကြေငြာခဲ့သည်။ ရလဒ်အနေဖြင့် မူလတန်းတွင် ကျောင်းအပ်သူ ၇၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။ အထက်တန်းနှင့် အဆင့်မြင့်တန်း ပညာရေး အတွက်မူ ကျောင်းလခ ပေးရန် လိုအပ်နေသေးသဖြင့် ကျောင်းအပ်မှု သိသာစွာ များပြားမလာပေ။ ၂၀၀၇ ခုနှစ်တွင် အစိုးရမှ ကျောင်းလခ အားလုံးကို အကုန်ခံပြီး အထက်တန်းပညာရေးကို အထောက်အပံ့များစွာ ပေးမည်ဟု ကြေငြာခဲ့သည်။

နိုင်ရိုဘီ ကင်ယတ်တာ တက္ကသိုလ်မှ မဟာသိပ္ပံ ကျောင်းသားတစ်ဦး

ကလေးများသည် အသက် ၅ နှစ်အရွယ်အထိ မူကြိုကျောင်းများကို ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ကြသည်။ မူကြိုမှာ ၁ နှစ်မှ ၃ နှစ် (ကေဂျီ၁၊ ကေဂျီ၂၊ ကေဂျီ၃)အထိ ကြာတတ်ပြီး ယခုလတ်တလောတိုင်အောင် အစိုးရက အထောက်အပံ့ပေးမည့် ပေါ်လစီ မရှိသဖြင့် မိဘများက အခကြေးငွေ အကုန်ခံရသည်။ ကေဂျီ၃ ပြီး၍ ကလေးငယ်များ ပထမတန်းသို့ တက်ရောက်နိုင်ရန် အဆင်သင့် ဖြစ်သည့်အခါ မူကြိုကျောင်းဆင်းပွဲကို အကြီးအကျယ် ကျင်းပလေ့ ရှိကြသည်။

အခြေခံပညာ အတန်းမှာ ၆ နှစ်မှစ၍ ၁၂ နှစ်မျှ ကြာမြင့်ကာ မူလတန်းတွင် ၈ နှစ်နှင့် အထက်တန်းတွင် ၄ နှစ် ဖြစ်သည်။ အစိုးရကျောင်းများတွင် မူလတန်း ပညာရေးမှာ အခမဲ့ ဖြစ်၍ မူလတန်း ပြီးဆုံးသည့် အခါတွင် လူငယ်အတတ်သင်ကျောင်းများ သို့မဟုတ် ကျေးရွာ ပေါ်လီတက်ခနစ်များကို တက်ရောက်နိုင်သည်။ သို့မဟုတ်ပါက မိမိတို့ အစီအစဉ်ဖြင့် စက်ချုပ်၊ လက်သမား၊ ကားပြင်၊ အုတ်စီ၊ ပန်းရန် စသည့် အလုပ်များတွင် အလုပ်သင် အဖြစ် လေ့လာကြသည်။ အထက်တန်းအောင်မြင်ပါက ပေါ်လီတက်ခနစ်များ သို့မဟုတ် နည်းပညာ ကောလိပ်များတွင် ၃နှစ်မျှ ဆက်လက် တက်ရောက်နိုင်ပြီး သို့မဟုတ်ပါက တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်၍ ၄ နှစ်မျှ ဆက်လက် သင်ကြားနိုင်သည်။ ပေါ်လီတက်ခနစ် သို့မဟုတ် ကောလိပ်များမှ အောင်မြင်သူများမှာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွေ့အကြုံရှိပါက အထူးပြု အဆင့်မြင့် ဒီပလိုမာများကို ရယူနိုင်သည်။ သို့မဟုတ်ပါက တက္ကသိုလ်သို့လည်း ဆက်လက် တက်ရောက်နိုင်ပြီး သက်ဆိုင်ရာ ဘာသာရပ်များတွင် ဒုတိယနှစ် သို့မဟုတ် တတိယနှစ်မှ စ၍ တက်ရောက်နိုင်သည်။ အလုပ်ရှင် အများအပြားမှာ အဆင့်မြင့် ဒီပလိုမာ လက်မှတ်ကို ဘွဲ့လက်မှတ် အနေဖြင့် လက်ခံကြပြီး အချို့ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းသို့ တိုက်ရိုက် သို့မဟုတ် အမြန် ဝင်ရောက်ခွင့် ရရှိကြသည်။

ကင်ညာရှိ အများနှင့်ဆိုင်သော တက္ကသိုလ်များမှာ အလွန်စီးပွားဖြစ် လုပ်ဆောင်သော အဖွဲ့အစည်းများ ဖြစ်ပြီး အထက်တန်းအောင်မြင်သူထဲမှ အနည်းငယ်မျှကိုသာ အစိုးရမှ ထောက်ပံ့သော ပညာသင်ဆုဖြင့် မိမိတို့ နှစ်သက်ရာ ဘာသာရပ်ကို ဆက်လက်သင်ကြားနိုင်သည်။ အများစုမှာ ဝိဇ္ဇာဘာသာရပ်များသို့ ဝင်ရောက်ကြပြီး ထိုဘာသာရပ်များမှာ သင်ကြားပို့ချရန် အတွက် ငွေကုန်ကြေးကျ နည်း၍ ဖြစ်သည်။ သို့မဟုတ်ပါက မိမိဘာသာ အကုန်အကျ ခံပြီး ကျောင်းလခကို အပြည့်ပေး၍ တက်ရောက်နိုင်သည်။ အရည်အချင်းမှီသော်လည်း အရွေးမခံရသော ကျောင်းသားများမှာ အလယ်အလတ်တန်း ဖြစ်သော ဒီပလိုမာ ပရိုဂရမ်များကို အစိုးရ သို့မဟုတ် ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်နှင့် ပေါ်လီတက်ခနစ်များတွင် တက်ရောက်ရန် ရွေးချယ်ကြသည်။

နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ လူဦးရေ၏ ၈၅ ရာခိုင်နှုန်း ရှိသည်။ အသက် ၃ နှစ်မှ ၅ နှစ် အထိ ကလေးငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်သော မူကြိုကျောင်းများမှာ ပညာရေး စနစ် ၏ အဓိကကျသော အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ပထမတန်းသို့ တက်ရောက်ရန် အဓိကကျသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ မူလတန်း ပြီးမြောက်သည့် အခါတွင် ကျောင်းသားများမှာ ကင်ညာမူလတန်းပညာရေး အောင်လက်မှတ် (ကေစီပီအီး) အတွက် စာမေးပွဲ ဖြေဆိုကြရပြီး ထိုစာမေးပွဲမှ အထက်တန်းသို့ ဆက်လက်တက်ရောက်နိုင်မည် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်မည် စသည်တို့ကို အဆုံးအဖြတ်ပေးသည်။ မူလတန်း နေသည့် အသက်အရွယ်မှာ ၆နှစ် ၇နှစ် မှ ၁၃နှစ် ၁၄နှစ် အထိ ဖြစ်သည်။ အထက်တန်းသို့ ဆက်လက်တက်ရောက်သူများမှာ လေးနှစ်ပြီးသည့် အခါတွင် ကင်ညာအထက်တန်းပညာရေး အောင်လက်မှတ် (ကေစီအက်စ်အီး) ကို ဖြေဆိုကြရပြီး ထိုစာမေးပွဲမှ တက္ကသိုလ်သို့ ဆက်လက်တက်ရောက်နိုင်မည်၊ အသက်မွေးဝမ်းကြောင်း ပညာ သင်ကြားနိုင်မည် သို့မဟုတ် အလုပ်လုပ်နိုင်မည် စသည်တို့ကို အဆုံးအဖြတ်ပေးသည်။ ကျောင်းသားများမှာ မိမိတို့ ကြိုက်နှစ်သက်ရာ ၈ ဘာသာကို ရွေးချယ် ဖြေဆိုနိုင်သော်လည်း အင်္ဂလိပ်၊ ဆွာဟီလီ နှင့် သင်္ချာတို့မှ မယူမနေရ ဘာသာရပ်များ ဖြစ်သည်။

ပေါင်းစပ် ဝင်ခွင့် စိစစ်ရေး အဖွဲ့မှာ အစိုးရ တက္ကသိုလ်များသို့ တက်ရောက်မည့် ကျောင်းသားများကို ရွေးချယ်ရန် ဖြစ်သည်။ အစိုးရ ကျောင်းများ အပြင် နိုင်ငံ အတွင်း ပုဂ္ဂလိက ကျောင်းပေါင်းများစွာ ရှိပြီး အများစုမှာ မြို့ပြတွင် ဖြစ်သည်။ ထို့အတူ နိုင်ငံတကာကျောင်း အချို့လည်း ရှိပြီး ကင်ညာနိုင်ငံ ပြည်ပမှ ပညာရေး စနစ် အမျိုးမျိုးတို့ကို သင်ကြားပေးလျှက် ရှိသည်။

ယဉ်ကျေးမှု

ကင်ညာမှ ကောင်လေးနှင့် ကောင်မလေးများ ရိုးရာအကကို ကနေပုံ
နေးရှင်းမီဒီယာ ဂရု တည်ရှိရာ နေရှင်းမီဒီယာဟောက်စ်

ကင်ညာနိုင်ငံသည် အမျိုးမျိုး ကွဲပြားခြားနားသော ယဉ်ကျေးမှုများ ရှိသော နိုင်ငံ ဖြစ်သည်။ လူမျိုးစုစွဲဝါဒသည် ကင်ညာနိုင်ငံ၏ အဓိက ပြဿနာ တစ်ခု ဖြစ်သော်လည်း လူမျိုးစုများ၏ ပုံသေကားကျပုံစံနှင့် ဒေသအလိုက် စကားပြော အသံထွက် ကွဲပြားခြားနားမှုများမှာ တစ်နိုင်ငံလုံးတွင် ရယ်ရွှင်ကြည်နူးဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူမျိုးကို စွဲ၍ ခေါ်ဝေါ်ခြင်းကို ကင်ညာတွင် ရိုင်းစိုင်းသည်ဟု မခေါ်နိုင်ပေ။

ကင်ညာရှိ ထင်ရှားသော လူမျိုးများမှာ ကမ်းရိုးတန်းဒေသမှ ဆွာဟီလီ လူမျိုးများ၊ မြောက်ဘက်မှ တိရစ္ဆာန်မွေးသော လူမျိုးစုများ နှင့် အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အမျိုးမျိုးသော လူမျိုးများ ဖြစ်ကြသည်။ မာဆိုင်းလူမျိုးများမှာ ကင်ညာတွင် လူနည်းစု ဖြစ်သော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြောင့် လူသိများကြသည်။ မာဆိုင်းလူမျိုးများသည် သူတို့၏ ခန္ဓာကိုယ်အထက်ပိုင်းကို ကြီးကျယ်စွာ ဆင်ယင်ခြင်းနှင့် ကျောက်မျက်ရတနာ အများအပြား ဝတ်ဆင်ခြင်းတို့ကြောင့် ထင်ရှားသည်။

ကင်ညာတွင် များပြားလှသော ဂီတ၊ ရုပ်မြင်သံကြားနှင့် ပြဇာတ် များ ရှိသည်။

မီဒီယာ

ကင်ညာ၏ မီဒီယာမှာ ပုံမှန်အားဖြင့် ခိုင်မာမှု ရှိပြီး ကင်ညာနှင့် ကမ္ဘာတဝှမ်းမှ နောက်ဆုံးရ သတင်းများကို အချိန်နှင့် တပြေးညီ တင်ဆက်နိုင်စွမ်း ရှိရုံသာမက နောက်ဆုံးရ အထူးသတင်းများ၊ စီးပွားရေး သတင်းများ၊ အားကစား သတင်းများ နှင့် ဖျော်ဖြေရေး သတင်းများကိုလည်း တင်ဆက်နိုင်စွမ်း ရှိသည်။ ထင်ရှားသော သတင်းစာများတွင်

  • ဒေးလီးနေးရှင်း (နေးရှင်း မီဒီယာ ဂရု၏ အစိတ်အပိုင်းဖြစ်ပြီး ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။)
  • စတန်းဒတ်
  • စတား
  • ပီးပဲလ်
  • အရှေ့ အာဖရိက အပတ်စဉ်
  • တိုင်းဖ လီယို တို့ ဖြ်စကြသည်။

ရုပ်မြင်သံကြား ကွန်ယက်များတွင်

  • ကင်ညာ ရုပ်မြင်သံကြား ကော်ပိုရေးရှင်း (Kenya Broadcasting Corporation (KBC))
  • စီတီဇင် တီဗွီ
  • ကင်ညာ တယ်လီဗီးရှင်း နက်ဝပ် (KTN)
  • အင်န်တီဗွီ (နေးရှင်း မီဒီယာ ဂရု၏ အစိတ်အပိုင်း)
  • ကစ်စ် တယ်လီဗွီးရှင်း
  • ကေ၂၄ တယ်လီဗွီးရှင်း
  • ကျူ - တီဗွီ
  • ကက်စ် - တီဗွီ တို့ ပါဝင်သည်။

အဆိုပါ မြေပြင် ရုပ်သံလွှင် ဌာနများ အားလုံးမှာ ဒစ်ဂျစ်တယ် စနစ်ဖြင့် ထုတ်လွှင့်ကြသည်။

စာပေ

ကင်ညာ စာရေးဆရာ ဂူဂီးဝ တီအောင်ဂို

ဂူဂီးဝ တီအောင်ဂို (Ngũgĩ wa Thiong'o)သည် ကင်ညာနိုင်ငံ ရှိ စာရေးဆရာများတွင် လူသိအများဆုံး ဖြစ်သည်။ သူ၏ စာအုပ်ဖြစ်သော မငိုနဲ့ ကလေး (Weep Not, Child) စာအုပ်မှာ ဗြိတိသျှ လက်အောက်တွင် ရှိသော ကင်ညာနိုင်ငံမှ ဘဝကို ခြယ်မှုန်း ရေးသားထားသည်။ ထိုဇာတ်လမ်းမှာ မောမောတို့ကြောင့် ကင်ညာနိုင်ငံသားတို့ အပေါ် သက်ရောက်မှုများ အကြောင်းပင် ဖြစ်သည်။ ထိုစာအုပ်တွင် ကိုလိုနီစနစ်၊ ပညာရေး နှင့် အချစ်တို့ကို ရောနှော ဇာတ်လမ်း ဆင်ထားသဖြင့် အာဖရိကရှိ လူသိအများဆုံး စာအုပ်များတွင် တစ်အုပ် အပါအဝင် ဖြစ်သည်။

အမ်.ဂျီ.ဗာဆန်ဂျီ (M.G. Vassanji) ၏ ၂၀၀၃ ခုနှစ် ဝတ္ထု ဖြစ်သော ဗီကရမ်လော ကြားမှ ကမ္ဘာ (The In-Between World of Vikram Lall) စာအုပ်မှာ ၂၀၀၃ ခုနှစ် ဂေလာဆုကို ရရှိခဲ့သည်။ ထိုဇာတ်လမ်းမှာ ကင်ညာနိုင်ငံရှိ အိန္ဒိယမျိုးနွယ်မှ ဆင်းသက်လာသူ တစ်ယောက်နှင့် သူ၏ မိသားစုတို့၏ကင်ညာနိုင်ငံ ကိုလိုနီ စနစ်မှ ကိုလိုနီ ခေတ်လွန်စနစ်သို့ နိုင်ငံရေး အခင်းအကျင်း ကူးပြောင်းလာသော အခါတွင် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရမှုတို့ကို ဝတ္ထုဆန်ဆန် ရေးသားထားသော မှတ်တမ်း တစ်ခု ဖြစ်သည်။

ထို့ပြင် ၂၀၀၃ ခုနှစ်မှစ၍ စာပေဂျာနယ် တစ်ခု ဖြစ်သော ကွာနီ သည် ခေတ်ပြိုင် စာပေများကို ထုတ်ဝေလျှက် ရှိသည်။

ဂီတ

ကင်ညာမှ ထင်ရှားသော ဂီတသမား ဂျွာကာလီ

ကင်ညာတွင် ဒေသတွင်း ဘာသာစကား ၄၀ကျော်ကို အခြေခံသော ရိုးရာဂီတ အမျိုးမျိုး တို့အပြင် အမျိုးမျိုး ကွဲပြားသော ဂီတပုံသဏ္ဌန်များ ရှိသည်။[107]

ကင်ညာ၏ ထင်ရှားသောသော ဂီတတွင် ဂစ်တာသည် အဓိကကျသော တူရိယာ တစ်ခု ဖြစ်သည်။ ဂစ်တာ ရစ်သမ် မှာ အလွန်ရှုပ်ထွေးပြီး ဒေသခံ စည်းချက်များနှင့် နိုင်ငံခြား စည်းချက်များ ရောနှောနေသည်။ အထူးသဖြင့် ကွန်ဂိုသားတို့၏ ကာဗာချာ ရစ်သမ်တွင် တွေ့နိုင်သည်။ ကင်ညာ၏ ထင်ရှားသော ဂီတတွင် အစိတ်အပိုင်း တစ်ခုနှင့် တစ်ခုအကြား အပြန်အလှန် သက်ရောက်မှု နှင့် လတ်တလောတွင် ပညာပြထားသော ဂစ်တာ ဆိုလိုများလည်း ပါဝင်သည်ကို တွေ့ရသည်။ ဂျွာကာလီ အပါဝင် ဟစ်ပ်ဟော့ပ် အဆိုတော် အများအပြားလည်း ရှိသည်။

သီချင်းစာသာများမှာ အများအားဖြင့် ဆွာဟီလီ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သည်။ ကွန်ဂိုသား ဂီတသမားတို့ထံမှ ရယူထားသော လင်ဂါလာ ဘာသာစကားဖြင့် စာသားများလည်း လတ်တလော ပေါ်ထွက်လာသည်ကို တွေ့ရသည်။ သီချင်းစာသားများကို ဒေသသုံး ဘာသာစကားများဖြင့်လည်း ရေးဖွဲ့ကြသည်။ မြို့ပြ ရေဒီယိုများမှာ ပုံမှန်အားဖြင့် အင်္ဂလိပ်သီချင်းများကိုသာ ထုတ်လွှင့်လေ့ ရှိပြီး ဒေသသုံး ဘာသာစကားများဖြင့် ထုတ်လွှင့်သော ရေဒီယို အသံလွှင့်ဌာနများလည်း ရှိသည်။

ထိုမျှသာမက ကင်ညာတွင် ခရစ်ယာန် ဂေါ်စပယ် ဂီတများလည်း ပျံ့နှံ့လာသည်ကို တွေ့နိုင်သည်။ ဒေသခံ ဂေါ်စပယ် ဂီတသမားများတွင် ကင်ညာဘွိုင်းကာရယ် မှာ ထင်ရှားသည်။

၁၉၆၀ ခုနှစ် နှောင်းပိုင်းများမှ စ၍ ဘင်ဂါ ဂီတသည် ထင်ရှားလာပြီး အထူးသဖြင့် ဝိတိရိယရေကန် တဝိုက်ဒေသများတွင် ဖြစ်သည်။ ဘင်ဂါဆိုသော စကားလုံးကို ပေါ့ပ် ဂီတ မည်သည့်အမျိုးအစားကို မဆို ရည်ညွှန်းရာတွင်လည်း အသုံးပြုကြသည်။ ဘေ့စ်ဂီတာ၊ ဂစ်တာ နှင့် ပါကပ်ရှင်းတို့မှာ အသုံးများသော တူရိယာများ ဖြစ်သည်။

အားကစား

၂၀၊၂၅ နှင့် ၃၀ ကီလိုမီတာအတွက် ကမ္ဘာ့စံချိန် တင်ထားသော ကင်ညာမှ တက်ဂလာ လိုရုကို ဂျာမနီနိုင်ငံတွင် တွေ့ရစဉ်

ကင်ညာနိုင်ငံသည် အာကစား အများအပြားကို လုပ်ဆောင်ကြပြီး ၎င်းတို့ထဲတွင် ခရစ်ကက်၊ ကားပြိုင်ခြင်း၊ ဘောလုံး၊ ရပ်ဂ်ဘီ နှင့် လက်ဝှေ့တို့ ပါဝင်သည်။ သို့သော်လည်း ကင်ညာသည် တာလတ်နှင့် တာဝေးပြေး အားကစားသမားများအတွက် ထင်ရှားသည်။ ကင်ညာသည် အိုလံပစ် ကစားပွဲနှင့် ဓနသဟာယနိုင်ငံများ ကစားပွဲတို့ အတွက် အမျိုးမျိုးသော အကွာအဝေးတို့အတွက် ချန်ပီယံများကို အမြဲတစေ မွေးထုတ်ပေးလျှက် ရှိပြီး အထူးသဖြင့် မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၃၀၀၀၊ မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀ နှင့် မာရသွန် တို့ ဖြစ်သည်။ ကင်ညာ အာကစားသမားများ အထူးသဖြင့် ကာလန်ဂျင်း လူမျိုးတို့မှာ ကမ္ဘာပေါ်တွင် အပြေးပြိုင်ပွဲများအတွက် မော်ရိုကိုနှင့် အီသီယိုးပီးယားတို့၏ ယှဉ်ပြိုင်မှုကြောင့် နေရာ အရ လျော့နည်းသွားသော်လည်း နေရာ အများအပြားကို ရယူထားဆဲ ဖြစ်သည်။ ကင်ညာ၏ ထင်ရှားသော အားကစားသမားများထဲတွင် ဘော့စတွန် မာရသွန် ချန်ပီယံဆု နှစ်ကြိမ်နှင့် ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ် ရရှိထားသော ကက်သရင်း ဒရဲဘာ၊ ယခင် မာရသွန် ကမ္ဘာ့စံချိန် တင်ခဲ့သူ ပေါလ် တာဂတ် နှင့် ဂျွန်ဂူဂီတို့ ပါဝင်သည်။

ကင်ညာနိုင်ငံသည် ဘေဂျင်း အိုလံပစ်တွင် ဆုတံဆိပ် အချို့ ရရှိခဲ့ပြီး ရွှေ ၆ခု၊ ငွေ ၄ ခု နှင့် ကြေး ၄ ခု ဖြစ်ကာ ၂၀၀၈ အိုလံပစ်အတွင်း အာဖရိက၏ အအောင်မြင်ဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ အာကစား သမား အသစ်များတွင် အာရုံစိုက်မှု ခံရသူများမှာ အမျိုးသမီး မီတာ ၈၀၀ ရွှေတံဆိပ် ဆုရှင် ပန်မလာ ဂျယ်လီမို နှင့် အမျိုးသား မာရသွန်ပွဲတွင် အနို်ငရခဲ့သော ဆင်မြူရယ် ဝန်ဂျူရူ တို့ ဖြစ်ကြသည်။ ကင်ညာနိုင်ငံ၏ လက်ရှိအောင်မြင်နေသော အပြေး အားကစားကို ဦးဆောင်လမ်းပြခဲ့သူမှာ အနားယူသွားပြီဖြစ်သော ၁၉၇၀ ပြည့်နှစ်များမှ အိုလံပစ် နှင့် ဓနသဟာယ အားကစားပွဲ ချန်ပီယံဟောင်းကစ်ပ်ချိုဂ ကေနို ဖြစ်ပြီး ၎င်း၏ နောက်တွင် ဓနသဟာယ ကစားပွဲချန်ပီယံ ဟင်နရီ ရိုနို က ကမ္ဘာ့စံချိန် ပေါင်းမြောက်များစွာကို ဆက်တိုက်ရယူနိုင်ခဲ့သည်။

နောက်ပိုင်းတွင် ကင်ညာ အာကစားသမား အသိုင်းအဝိုင်းတွင် ကင်ညာကစားသမား အမြောက်အများ ဘက်ပြောင်းခြင်းဖြင့် ကြုံတွေ့နေရပြီး အထူးသဖြင့် ဘာရိန်းနိုင်ငံ နှင့် ကာတာနိုင်ငံများသို့ ဖြစ်သည်။[108] ကင်ညာ အားကစား ဝန်ကြီးဌာနက ဘက်ပြောင်းခြင်းကို တားဆီးရန် ကြိုးစားသော်လည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး နောက်ဆုံး အနေဖြင့် ဘားနတ် လာဂတ်က အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြု ယှဉ်ပြိုင်ခြင်းပင် ဖြစ်သည်။[108] ထို့သို့ ဘက်ပြောင်းချင်း အများစုမှာ စီးပွားရေး သို့မဟုတ် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဖြင့် သက်ဆိုင်နေသည်။ အချို့သော ကင်ညာ အပြေးသမားများမှာ နိုင်ငံ၏ အလွန်အားကောင်းသော ကိုယ်စားပြု အသင်းသို့ ဝင်ရောက်ရန် အရည်အချင်း မမှီနိုင်သော်လည်း အခြားနိုင်ငံများကို ကိုယ်စားပြုရန်မူ လွယ်ကူနေခြင်းကြောင့် ဖြစ်သည်။

အိုလံပစ် မီတာ ၈၀၀ ကမ္ဘာ့ စံချိန်တင် ကစားသမား ဒေးဗစ် ရူဒီရှား

ကင်ညာ၏ အမျိုးသမီး ဘော်လီဘော အသင်းမှာ အာဖရိက တွင် ထင်ရှားပြီး ကလပ်အသင်းများ နှင့် နိုင်ငံ ကိုယ်စားပြု အသင်း နှစ်ခုစလုံး ယခင် ဆယ်စုနှစ် အတွင်း အာဖရိကတိုက်၏ ချန်ပီယံ ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့သည်။ အမျိုးသမီး ဘော်လီဘော အသင်းမှာ အိုလံပစ် နှင့် ကမ္ဘာ့ ဖလားတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း သိသာထင်ရှားသည့် အောင်မြင်မှု မရရှိခဲ့ပေ။

ခရစ်ကက်မှာ အခြားထင်ရှားပြီး အောင်မြင်သော အားကစား တစ်မျိုး ဖြစ်သည်။ ကင်ညာ ခရစ်ကက် အသင်းသည် ခရစ်ကက် ကမ္ဘာ့ဖလားတွင် ၁၉၉၆ ခုနှစ် ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ သူတို့သည် ကမ္ဘာ့ အကောင်းဆုံး ခရစ်ကက် အသင်း အချို့ကို အနိုင်ရခဲ့ပြီး ၂၀၁၃ ခရစ်ကက် ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိခဲ့သည်။

ကင်ညာ၏ ရပ်ဂ်ဘီ အသင်းမှာလည်း လူကြိုက်များပြီး နှစ်စဉ်ကျင်းပသော ဆာဖာရီ ဆဲဗင်း ပြိုင်ပွဲမှာ အထူးထင်ရှားသည်။ ကင်ညာ၏ အမျိုးသား အသင်းမှာ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့ အဆင့် ၇ သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကင်ညာနိုင်ငံ၏ အမျိုးသား ဘောလုံးအသင်းမှာလည်း ဒေသအတွင်း အားကောင်းသော အသင်းတစ်သင်း ဖြစ်သည်။ သို့သော်လည်း ကင်ညာ ဘောလုံး အဖွဲ့ချုပ်အတွင်း အငြင်းပွားမှုများကြောင့် အောင်မြင်မှုကျဆင်းခဲ့ရသည်။[109]ထို့အတွက်ကြောင့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်၏ ပိတ်ပင်ခြင်းကို ခံခဲ့ရပြီး ၂၀၀၇ခုနှစ် မတ်လတွင်မှ ပြန်လည် ကစားခွင့် ရရှိခဲ့သည်။

ကားပြိုင်ပွဲများတွင်မူ ကင်ညာသည် ကမ္ဘာပေါ်တွ်င အခက်ခဲ အကြမ်းတမ်းဆုံးဟု ဆိုစမှတ်ပြုကြသော ကမ္ဘာကျော် ဆာဖာရီ ရယ်လီ ကျင်းပရာ နေရာဖြစ်သည်။ [110] ထိုပြိုင်ပွဲမှာ ကမ္ဘာ့ ရယ်လီ ချန်ပီယံ ပြိုင်ပွဲ၏ တစိတ်တဒေသအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ငွေကြေး အခက်အခဲကြောင့် ဖယ်ချန်ထားခြင်း ခံခဲ့ရသည်။ ကင်ညာမှ ကမ္ဘာ့ အကောင်းဆုံး ရယ်လီ ကစားသမားများမှာ ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ဖူးသည်။ ထိုရယ်လီ ပြိုင်ပွဲမှာ အာဖရိက ရယ်လီ ချန်ပီယံ ပြိုင်ပွဲ၏ တစိတ်တဒေသ အဖြစ် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော်လည်း လာမည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ ရယ်လီ ချန်ပီယံ ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိရန် မျှော်လင့်လျှက် ရှိကြသည်။

ဟင်းလျာများ

ကင်ညာဟင်းလျာ အတွဲအဆက် ဖြစ်သော အူဂါလီ နှင့် ဆူကူမာ ဝီကီ

ကင်ညာသားတို့သည် တစ်ရက်လျှင် သုံးနပ် စားကြပြီး မနက်ခင်းတွင် မနက်စာ၊ နေ့ခင်းတွင် နေ့လယ်စာနှင့် ညဘက်တွင် ညစာတို့ ဖြစ်ကြသည်။ ထိုအတွင်းတွင် မနက် ၁၀ နာရီ လက်ဖက်ရည်ချိန် နှင့် ညနေ ၄ နာရီ လက်ဖက်ရည်ချိန် တို့လည်း ရှိသည်။ နံနက်စာတွင် လက်ဖက်ရည် သို့မဟုတ် ယာဂုနှင့် ပေါင်မုန့် ၊ ချာပါတီ၊ မာဟာမရီ၊ အာလူးပြုတ် သို့မဟုတ် ကန်စွန်းဥပြုတ် တို့ကို စားသုံးလေ့ ရှိကြသည်။ နေ့လယ်စာနှင့် ညစာ အတွက်မူ လူ အများစုမှာ အူဂါလီ နှင့် ဟင်းသီးဟင်းရွက်၊ နို့ချဉ်၊ အသား၊ ငါး သို့မဟုတ် အခြားသော ပြုတ်ချက်စာများ ကို စားသုံးကြသည်။

ကင်ညာအနောက်ပိုင်းရှိ လူယာ၊ လူအို နှင့် ကလန်ဂျင်းလူမျိုး များမှာ ရိုးရာ အစားအစာများ အတွက် လိုင်းဟု ခေါ်သော ပြာမှ ရသော ဟင်းခတ်တစ်မျိုးကို အသုံးပြုကြပြီး မာဆစ်ဟု ခေါ်သော ရိုးရာ နို့ သောက်စရာ တစ်မျိုးကို သောက်သုံးကြသည်။ ထိုဒေသအတွင်း လည်ချောင်း ကင်ဆာ အဖြစ်များမှု အတွက် လိုင်းမှာ တရားခံ ဖြစ်သည် ဆိုသည့် အချက်ကိုမူ တိတိကျကျ မပြောနိုင်သေးပေ။

နိုင်ရိုဘီ အစရှိသော မြို့ကြီးများတွင်မူ စတီးယား၊ ကေအက်ဖ်စီ၊ [111] ဆပ်ဝေး[112] အစရှိသော အမြန်ပြင်ဆင် ချက်ပြုတ်ပေးသည့် စားသောက်ဆိုင်များ ရှိသည်။ နေ့လယ်စာအတွင်း ထုတ်ပိုးယူသွားနိုင်သည့် ထင်ရှားသော ဖစ်ရှ်အင်န်ချစ်ပ် ( ငါးနှင့်အာလူးကြော်) စားသောက်ဆိုင်များလည်း ရှိသည်။

ကိုးကား

  1. Ethiopia GDP purchasing power 2010: 86 billion. Imf.org. 14 September 2006.
  2. Kenya GDP purchasing power 2010: 66 Billion. Imf.org. 14 September 2006.
  3. Central Intelligence Agency (2012)။ Kenya The World Factbook။ 28 May 2013 တွင် ပြန်စစ်ပြီး။
  4. Kenya's first dinosaur dig yields fossil wealth, ABC News Online, 10 March 2005.
  5. Sinanthropus: Problems with “Out of Savannahstan”
  6. Not Found
  7. Ehret, C. (2002) The Civilizations of Africa: a History to 1800, University Press of Virginia, ISBN 081392085X.
  8. Ehret, C. (1980) The historical reconstruction of Southern Cushitic phonology and vocabulary, Kölner Beiträge zur Afrikanistik 5, Bd., Reimer, Berlin.
  9. Ehret, C. (1983) Culture History in the Southern Sudan, J. Mack, P. Robertshaw, Eds., British Institute in Eastern Africa, Nairobi, pp. 19–48, ISBN 1872566049.
  10. Ambrose, S.H. (1982). "Archaeological and linguistic reconstructions of history in East Africa." In Ehert, C., and Posnansky, M. (eds.), The archaeological and linguistic reconstruction of African history, University of California Press, ISBN 0520045939.
  11. Ambrose, S.H. (1986) Sprache und Geschichte in Afrika 7.2, 11.
  12. International Labour Office, Traditional occupations of indigenous and tribal peoples: emerging trends, (International Labour Organization: 2000), p. 55, ISBN 9221122581.
  13. Ehret, C. (1998) An African Classical Age : Eastern and Southern Africa in World History, 1000 BCE to 400 CE., University Press of Virginia, Charlottesville, pp. xvii, 354, ISBN 0813920574.
  14. Smith, C. Wayne (1995) Crop Production: Evolution, History, and Technology, John Wiley & Sons, p. 132, ISBN 0-471-07972-3.
  15. Wonders of the African World Public Broadcasting Service။ 16 April 2010 တွင် ပြန်စစ်ပြီး။
  16. Don Nanjira, Daniel (2010) African Foreign Policy and Diplomacy: From Antiquity to the 21st century, ABC-CLIO, p. 114 ISBN 0313379823.
  17. Hastings, James (2003) Encyclopedia of Religion and Ethics Part 24, Kessinger Publishing, p. 847
  18. شاكر مصطفى, موسوعة دوال العالم الأسلامي ورجالها الجزء الثالث, (دار العلم للملايين: 1993), p. 1360
  19. Nicolini, Beatrice and Watson, Penelope-Jane (2004) Makran, Oman, and Zanzibar, Volume 3 of Islam in Africa, BRILL, p. 62 ISBN 9004137807.
  20. Alsayyad, Nezar (30 March 2001)။ Hybrid Urbanism။ Greenwood Publishing Group။ ISBN 978-0-275-96612-6
  21. "Slavery (sociology)". Encyclopædia Britannica Online.
  22. Swahili Coast. Nationalgeographic.com.
  23. Sultan of Malinda, PBS Pbs.org။ 16 April 2010 တွင် ပြန်စစ်ပြီး။
  24. Encyclopædia Britannica
  25. R. Mugo Gatheru (2005) Kenya: From Colonization to Independence, 1888–1970, McFarland, ISBN 0786421991
  26. Jenkins, Orville Boyd။ Sikh Orvillejenkins.com။ 16 April 2010 တွင် ပြန်စစ်ပြီး။
  27. Ismaili muslim Magicalkenya.com။ 3 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2010 တွင် ပြန်စစ်ပြီး။
  28. "We Want Our Country". Time. 5 November 1965.
  29. "Kenya". Matthew Firestone (2009). p. 28. ISBN 1741047730
  30. Vickers၊ Hugo။ "Diamond Jubilee: the moment that Princess Elizabeth became Queen"၊ The Daily Telegraph၊ 29 January 2012။
  31. Maloba, Wunyabari O. (1993) Mau Mau and Kenya: An Analysis of Peasant Revolt, Indiana University Press, 0852557450.
  32. Political – Welcome to THE Kenya Document Exchange Kenyadocex.com။ 28 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 August 2010 တွင် ပြန်စစ်ပြီး။
  33. Bruce Baker, Escape from Domination in Africa: Political Disengagement & Its Consequences, (Africa World Press: 2003), p.83
  34. "The New Pastoralism: Poverty and Dependency in Northern Kenya" (1986). Africa: Journal of the International African Institute 56 (3): 319–333. doi:10.2307/1160687.
  35. "An Analysis of Kenyan Foreign Policy" (May 1968). The Journal of Modern African Studies 6 (1): 29–48. doi:10.1017/S0022278X00016657.
  36. Pike, John (1992)။ Post-Independence Low Intensity Conflict in Kenya Globalsecurity.org။ 16 April 2010 တွင် ပြန်စစ်ပြီး။
  37. Permanent Mission of the Republic of Kenya to the United Nations (2002)။ Kenya at the United Nations Consulate General of Kenya in New York။ 8 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2010 တွင် ပြန်စစ်ပြီး။
  38. Society။ Nyamora Communications Limited။ 1992။ p. 12။
  39. "Wagalla massacre: Raila Odinga orders Kenya probe"၊ 11 February 2011 14 November 2013 တွင် ပြန်စစ်ပြီး
  40. Moreno, Pedro C. (ed.)။ "Kenya"။ Handbook on Religious Liberty Around the World။ Charlottesville, VA: The Rutherford Institute။ 29 June 2010 တွင် မူရင်း အား မော်ကွန်းတင်ပြီး29 July 2014 တွင် ပြန်စစ်ပြီး
  41. "Kenya's Elections 2002 – The Dawning of a New Era?" (2003). African Affairs 102 (407): 331–342. doi:10.1093/afraf/adg007.
  42. Koech, Dennis (25 July 2011)။ Red Cross warns of catastrophe in Turkana Kbc.co.ke။ 4 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2011 တွင် ပြန်စစ်ပြီး။
  43. Kenya: schools close as famine takes hold in Turkana Indcatholicnews.com (28 July 2011)။ 7 August 2011 တွင် ပြန်စစ်ပြီး။
  44. Gettleman, Jeffrey (3 February 2012) U.N. Says Famine in Somalia Is Over, but Risks Remain. New York Times.
  45. Transparency International: CPI Transparency International။ 29 May 2013 တွင် ပြန်စစ်ပြီး။
  46. Business Corruption in Kenya Business Anti-Corruption Portal။ 4 April 2014 တွင် ပြန်စစ်ပြီး။
  47. A short history of the 2010 Kenya constitution. kenyaconstitution.org
  48. "Africa | Free secondary schools for Kenya"၊ BBC News၊ 11 February 2008 26 February 2013 တွင် ပြန်စစ်ပြီး
  49. K'telwa, Kipkirui (26 October 2007) ECK sets poll date as Raila maintains lead The Standard.
  50. Kenya election violence threatens its economic gains. chinadaily.com.cn (7 January 2008).
  51. "Up to 1,000 killed in Kenya crisis – Odinga". Reuters. 7 January 2008.
  52. "Kenya death toll hits 693: report". IOL: News for South Africa and the World. 13 January 2008.
  53. Samir Elhawary (2008) Crisis in Kenya: land, displacement and the search for 'durable solutions' Overseas Development Institute
  54. Agreement on the Principles of Partnership of the Coalition Government Kenya National Dialogue & Reconciliation 3 June 2013 တွင် ပြန်စစ်ပြီး။
  55. 'Hope is back' for Kenya. CNN.com (29 February 2008)
  56. Kenyan MPs pass power-share law. Al Jazeera English (18 March 2008)
  57. "Kenya MPs opt to scrap prime minister position"၊ BBC News၊ 28 January 2010 16 April 2010 တွင် ပြန်စစ်ပြီး
  58. "Kenyans back change to constitution in referendum"၊ BBC၊ 5 August 2010 6 August 2010 တွင် ပြန်စစ်ပြီး
  59. Gettleman၊ Jeffrey။ "Kenyans Approve New Constitution"၊ The New York Times၊ 5 August 2010 11 August 2010 တွင် ပြန်စစ်ပြီး
  60. Epatko, Larisa, "Why Obama Is Visiting Senegal, South Africa and Tanzania But Not Kenya", PBS NewsHour, 25 June 2013. Retrieved 18 August 2013.
  61. Raghavan, Sudarsan, "In snub to Washington, Kenyan president visits China, Russia first", Washington Post, 17 August 2013. Ambassador Liu's comments at capitalfm.co.ke linked to here . Retrieved 18 August 2013.
  62. Kenya Roads Board Constituency funding under the RMLF
  63. Kenya’s economic growth prospects hang on exports, says World Bank – Money Markets Archived 28 November 2014 at the Wayback Machine.. businessdailyafrica.com. Retrieved on 9 August 2013.
  64. Country Profile: Kenya Federal Research Division Library of Congress (June 2007)။ 23 April 2011 တွင် ပြန်စစ်ပြီး။
  65. Fengler, Wolfgang (5 December 2012)။ Kenya Economic Update The World Bank။
  66. Pigeonpea in Eastern and Southern Africa. ICRISAT Posted 10 October 2012. Downloaded 26 January 2014.
  67. Towards Achieving Food Security in Kenya. Joseph Kinyua, Permanent Secretary, Ministry of Agriculture, Kenya; 1 April 2004, Kampala, Uganda
  68. McGregor, Sarah (20 September 2010) Kenya Aims to Build a Nuclear Power Plant by 2017. bloomberg.com.
  69. Kenya From Nowhere Plans East Africa’s First Oil Exports: Energy. bloomberg.com.
  70. Kenya plans strategic oil reserve. Reuters (10 November 2011).
  71. Kenya joins mineral exporters as first titanium cargo leaves port :: Kenya - The Standard
  72. NEWS: Kenya’s National Climate Change Action Plan is officially launched, Climate & Development Knowledge Network, 28 March 2013
  73. BBC News – Kenya oil discovery after Tullow Oil drilling. Bbc.co.uk. 26 March 2012.
  74. Barber၊ Lionel။ "China's scramble for Africa finds a welcome in Kenya"၊ Financial Times၊ 10 August 2006 27 June 2008 တွင် ပြန်စစ်ပြီး
  75. Country profile report – Kenya United Nations (2009)။
  76. Suda, Collette (2001). "The Invisible Child Worker in Kenya: The Intersection of Poverty, Legislation and Culture". Nordic Journal of African Studies 10 (2): 163–175.
  77. Asongu, J. J. and Marr, Marvee (2007)။ Doing Business Abroad: A Handbook for Expatriates။ Greenview Publishing Co.။ pp. 12 & 112။ ISBN 0979797632CS1 maint: multiple names: authors list (link)
  78. Okoth, A. and Ndaloh, A. (2006) Peak Revision K.C.P.E. Social Studies, East African Publishers, pp. 60–61 ISBN 9966254501.
  79. "Why a new president may slow population growth". Csmonitor.com. 14 January 2008.
  80. Zinkina J., Korotayev A. Explosive Population Growth in Tropical Africa: Crucial Omission in Development Forecasts (Emerging Risks and Way Out). World Futures 70/2 (2014): 120–139.
  81. "Exploding population". The New York Times. 7 January 2008.
  82. Proquest Info & Learning (COR) (2009)။ Culturegrams: World Edition။ Proquest/Csa Journal Div။ p. 98။ ISBN 0977809161
  83. Brown, E. K.; Asher, R. E. and Simpson, J. M. Y. (2006)။ Encyclopedia of language & linguistics, Volume 1, Edition 2။ Elsevier။ p. 181။ ISBN 0080442994CS1 maint: multiple names: authors list (link)
  84. Languages of Kenya. Ethnologue.com.
  85. Karanja၊ Muchiri။ "Myth shattered: Kibera numbers fail to add up"၊ Daily Nation၊ 3 September 2010 4 September 2010 တွင် ပြန်စစ်ပြီး
  86. World Water Day Focus on Global Sewage Flood News.nationalgeographic.com (22 March 2010)။ 10 February 2012 တွင် ပြန်စစ်ပြီး။
  87. The UN Refugee Agency. Unhcr.org.
  88. Wycliffe Ambetsa Oparanya (31 August 2010) 2009 Population & Housing Census Results 13 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 August 2014 တွင် ပြန်စစ်ပြီး။. Ministry of State for Planning. knbs.or.ke
  89. Address data base of Reformed churches and institutions. Reformiert-online.net. Retrieved on 16 April 2013.
  90. The World Reformed Fellowship – Promoting Reformed Partnerships Worldwide – News Archived 16 April 2013 at Archive.is. Wrfnet.org. Retrieved on 16 April 2013.
  91. Kenya Oikoumene.org (3 February 2008)။ 11 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2013 တွင် ပြန်စစ်ပြီး။
  92. Finding Quakers Around the World Archived 15 December 2010 at the Wayback Machine.. FWCC. GIF map
  93. Pew Forum on Religious & Public life. 9 August 2012. Retrieved 16 November 2013.
  94. Kenya: International Religious Freedom Report 2008 U.S. Department of State (2008)။ 16 April 2010 တွင် ပြန်စစ်ပြီး။
  95. Largest Baha'i Communities Adherents.com။ 26 June 2010 တွင် ပြန်စစ်ပြီး။
  96. UNICEF Statistics: Kenya. Unicef.org.
  97. Infant Mortality ranks. CIA World Factbook
  98. WHO Health-Related Millennium Development Goals Report 2011.
  99. CIA World Factbook: HIV/AIDS – Adult Prevalence Rate Rankings. Cia.gov. Retrieved on 23 April 2012.
  100. UNAIDS World AIDS Day Report 2011.
  101. Forecast provided by International Futures and hosted by Google's Public Data Explorer
  102. Kenya – Kenya Demographic and Health Survey 2008–09. Kenya National Data Archive (KeNADA)
  103. Boseley၊ Sarah။ "FGM: Kenya acts against unkindest cut"၊ London: The Guardian၊ 8 September 2011 7 January 2012 တွင် ပြန်စစ်ပြီး
  104. Education Ministry of Information and Communications Government of Kenya။ 23 April 2011 တွင် ပြန်စစ်ပြီး။
  105. Ferre, Celine (February 2009). "Age at First Child: Does Education Delay Fertility Timing? The Case of Kenya" (4833). World Bank.
  106. Eshiwani, G.S. (1990). "Implementing Educational Policies in Kenya" (85). World Bank.
  107. On the Beat – Tapping the Potential of Kenya's Music Industry, WIPO Magazine (July 2007).
  108. IAAF: Changes of Allegiance 1998 to 2005 Archived 9 May 2013 at the Wayback Machine..
  109. New Vision, 3 June 2004: Wrangles land Kenya indefinite FIFA ban Archived 10 January 2008 at the Wayback Machine.
  110. The Auto Channel, 21 July 2001: FIA RALLY: Delecour takes points finish on Safari Rally debut
  111. Fast food finds fans in sub-Sahara Africa, where obesity problem is growing – World News Worldnews.nbcnews.com (24 October 2012)။ 26 February 2013 တွင် ပြန်စစ်ပြီး။
  112. US fast food chain to open first Kenya outlet in August – Money Markets Archived 23 October 2018 at the Wayback Machine.. businessdailyafrica.com. Retrieved on 9 August 2013.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.