မြန်မာအမျိုးသမီးများနေ့

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပကြခြင်းဖြစ်ပါသည်။ မျက်မှောက်ကာလတွင် မြန်မာအမျိုးသမီးများသည် မောင်တစ်ထမ်း မယ်တစ်ရွက်နှင့် အိမ်ထောင်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြပါသည်။ မြန်မာအမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအားပြုစုပျိုးထောင်ရေးသည်လည်း မဖြစ်မနေဆောင်ရွက်ပေးရမည့်အလုပ် ဖြစ်သည်။ တစ်ဖက်တွင် အဆိုပါအမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရမည်ဖြစ်သလို အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များ၏ ပညာရေးကျန်းမာရေးစီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးများကလည်း မိမိတို့၏ အမျိုးသမီးဂုဏ်ရည်ကို ထိန်းသိမ်းမြင့်တင်ကြရပေမည်။ မြန်မာအမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ ငယ်ရွယ်အမျိုးသမီးတို့၏ဂုဏ်ရည်များ မပျက်ယွင်း၊ မချို့တဲ့စေရအောင် မိမိတို့၏ အမျိုးသမီးများဘဝကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အစဉ်အမြဲလေ့ကျင့်ပျိုးထောင်ပေးနေရမည်ဖြစ်သည်။ သို့ဖြစ်ရာ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်မြင့်မားတိုးတက်စေရေးအတွက် ယခုလို မြန်မာအမျိုးသမီးများနေ့တွင် တိုက်တွန်းနှိုးဆော်မှုများပြုခြင်းနှင့်အတူ အနာဂတ်အမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာရန်အတွက် ဆက်လက်လုပ်ဆောင်သွားကြရန် ဆန္ဒပြုပါသည်။ [1]

ကိုးကား

  1. ကြေးမုံစာတည်းရှုထောင့် ၃-၇-၂၀၁၄၊ ကြာသပတေးနေ့ သတင်းစာမှ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.