တောင်ပြုန်းပွဲတော်
တောင်ပြုန်းပွဲတော် (အင်္ဂလိပ်: Taungbyone Festival) သည် မြန်မာနိုင်ငံ၌ အထင်ရှားဆုံး ပွဲတော်များအနက် တစ်ခုဖြစ်ပြီး တောင်ပြုန်းရွာ၏ တောင်ပြုန်းနတ် မင်းနှစ်ပါးကို နှစ်စဉ် ပူဇော်ပသသောအနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။ သို့သော် တကယ့်ပွဲတော်မှာ အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်ဘုရားနှင့် နောက်ပိုင်းမှ တည်ဆောက်ထားသော ဆုတောင်းရဘုရားပွဲတော်ဖြစ်သည်။ ဘုရားပွဲတော်ကို နှစ်ရက်တာကျင်းပကြကာ ဝါခေါင်လဆန်းရှစ်ရက်မှ ဆယ်ရက်အထိကျင်းပကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားပွဲနှင့်အတူ နတ်ပွဲကိုလည်းကျင်းပကြသည်။[1]
တောင်ပြုန်းပွဲသည် နိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် အလွန်စည်ကား၏။ ရိုးရာဓလေ့တစ်ခုစီကို တစ်ရက်စီ၌ ကျင်းပကြကာ ပွဲတော်ရက်အတွင်း နတ်ကနား(အက)သည် ပွဲတော်၏ အဓိလက္ခဏာဖြစ်သည်။
ပွဲတော်သည် ဗုဒ္ဓဘာသာအဝန်းဝိုင်းအတွင်းရှိ နတ်ကိုးကွယ်ယုံကြည်သူများအတွက်သာမက ပျော်ပါးရန်လာရောက်သူများအတွက်လည်း ဖြစ်ပေသည်။ ရိုးရာဇာတ်ပွဲများ၊ နတ်ကနားများကြည့်ရှုနိုင်သလို လောင်းကစား၊ သွားလာပျော်ပါးခြင်းနှင့် အရက်သေစာသောက်စားခြင်း စသည့် အခွင့်အရေးများလည်း ရရှိနိုင်ပေသည်။[2]
တည်နေရာ
အပြင်နတ် (၃၇)ပါးတွင် ပါဝင်သော တောင်ပြုန်းညီနောင် နတ်နှစ်ပါးကို ပူဇော်ပသသောအားဖြင့် ပွဲတော်ကို နှစ်ဉ် ကျင်းပကြသည်။ မန္တလေးခရိုင်၊ မတ္တရာမြို့နယ် တွင်ရှိ၍ တောင်ပြုန်းရွာသည် မန္တလေးမြို့မြောက်ခြမ်းမှ မြောက်ဖက်သို့ (၁၅) ကီလိုမီတာ အကွာတွင်တည်ရှိ၏။[3][4] မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသောကြောင့် တောင်ပြုန်းသည် ပူအိုက် ခြောက်သွေ့၍ ဖုန်ထူသည်။ ၂၀၁၉ မတ္တရာမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအရ ရွာနေထိုင်သူ သုံးထောင်ကျော်ရှိသည်။[5]
ပွဲတော်ကျင်းပရာနေရာ
ပွဲတော်ရက်အတွင်း ရွာ၏ လွတ်နေသောနေရာများသည် ယာယီတဲ၊ ယာယီအဆောက်အအုံများ[6] (သို့) ကြီးမားသည့် ယာယီဈေးတန်းကြီး ဖြင့် ပြည့်နှက်သွားကာ ဈေး၌ အစားအစာ၊ သစ်သီး၊ ပန်း၊ အရုပ်၊ အဝတ်အထည်၊ ကိရိယာတန်ဆာပလာများ၊ လက်မှုထည်၊ အပေါစား လက်ဝတ်တန်ဆာများရောင်းချကြသည့် ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်၊ ဆပ်ကပ်ကဲ့သို့ ပွဲရုံများ၊ ပြဇာတ်နှင့် အငြိမ့်တို့အတွက် ပြဇာတ်ရုံများရှိလေသည်။ ပွဲတော်အရပ်တွင် စားသူ၊ ဈေးဝယ်သူ လောင်းကစားသူ၊ မူးရူးအော်ဟစ်သူ၊ ကနေသူ စသည့်လူများဖြင့် ပြည့်နှက်လေ့ရှိသည်။ လူပေါင်းထောင်ချီ၍ လာရောက်ကြသောကြောင့် ရဲ၊ကြက်ခြေနီ၊ မီးသတ်စသည့် လုံခြုံရေးနှင့် အရေးပေါ်အဖွဲ့အစည်းများကိုလည်း ချထားပေး၏။ လူငယ်လူရွယ် သောက်စားသူကြား မကြာခဏဆိုသလို ရန်ပွဲများဖြစ်တတ်သောကြောင့်ဖြစ်သည်။[7][6][1]
နေရာအကျဉ်းဖော်ပြချက်
ဆုတောင်းပြည့် နှင့် ဆုတောင်းရ စေတီနှစ်ဆူသည် တောင်ပြုန်းနတ်နှစ်ပါး နတ်နန်း၏ မြောက်ဖက်တွင် တည်ရှိသည်။ နတ်နန်းကို ပြသာဒ်နှစ်ခုဖြင့်ဖွဲ့စည်းထား၍ ပထမပြသာဒ်တွင် နတ်ရုပ်အချို့တည်ရှိရာ တောင်ပြုန်းမင်းရုပ်တုနှစ်ခု၊ မနှဲလေးရုပ်တုနှင့် မန္တလေးဘိုးဘိုးကြီးရုပ်တုတို့ ဖြစ်သည်။ ယနေ့ခေတ်၌ ဒုတိယပြသာဒ်သည် ချိုးရေတော်သုံးပွဲအတွက် အသုံးပြုကြသည်။ ဤနတ်နန်းနှင့် ပရဝုဏ်ကို နတ်ထိန်းဟုခေါ်သော မိသားစုတစ်စုမှ ပိုင်ဆိုင်သည်။
ပင်မမဟုတ်သော နတ်နန်းများလည်း တည်ရှိကြသည်။ ရိုးရာအရ အဓိကနတ်နန်းကို ဝင်ခွင့်မရသော နတ်ကတော်များအတွက် ထိုနတ်နန်းများကို ၁၉၈၀နှစ်များအလယ်လောက်မှ စတင်၍ တည်ဆောက်ခဲ့ကြသည်။[မှတ်စု 1].[8]
ရာဇဝင်ဇာတ်လမ်း
အနော်ရထာ၏ စစ်တပ်တွင် အမှုထမ်းခဲ့သော တောင်ပြုန်းညီနောင်နှင့်ပတ်သက်သော အကြောင်း နှင့် သေဆုံးပုံကို မှန်နန်းရာဇဝင်တွင် အတိုချုပ်ဖော်ပြထားသည်။[9] ဆွဲဆောင်စိတ်ဝင်စားဖွယ်ရှိသော ဇာတ်လမ်းကို ဒဏ္ဍာရီဆန်ဆန် ဖွဲ့နွဲ့ရေးသားချက်များဖြင့် ရိုးရာပုံပြင်များ အထူးသဖြင့် နတ်သမိုင်းတို့တွင် ဖော်ပြထားကြသည်။ အကျိုးဆက်အနေဖြင့် ထိုရေးသားဖွဲ့နွဲ့မှုများသည် ဒဏ္ဍာရီတစ်ခုကို သက်ဝင်လှုပ်ရှားစေပြီး လူအများအား ထိုဒဏ္ဍာရီသို့ စိတ်ဝင်စားစေကာ လက်ရှိလုပ်ဆောင်နေကြသော ရိုးရာဓလေ့၌ ထိုဇာတ်လမ်းကို ပြန်လည်ဖော်ထုတ် အသက်သွင်းဖော်ပြကြသည်။[10]
ဇာစ်မြစ်
ရှေးသထုံနေပြည်တော်အနီး မွတ်စလင်ကုန်သည်များ ခရီးနှင်လာသော သင်္ဘောပျက်၍ ထိုအထဲမှ ညီအကိုနှစ်ဦးသည် ပျဉ်တစ်ချပ်ကို တွယ်ဖက်ရင်း သထုံသို့ မြော၍ရောက်ရှိလာသည်။ ထိုညီအကိုနှစ်ဦးမှာ ဗျတ်ဝိနှင့် ဗျတ္တ ဖြစ်၏။[မှတ်စု 2] ကမ်းသို့ကပ်သော် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခိုလှုံနေထိုင်ကြ၏။ ထိုကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ သထုံဘုရင် မနူဟာမင်း ကိုးကွယ်သော် ဆရာတော်ကြီးလည်း ဖြစ်သည်။ ဆရာတော်သည် ညီနောင်နှစ်ဦးကို သံယောဇဉ်ရှိ၍ စောင့်ရှောက်ကာ အပါးတွင် ထားလေ့ရှိသည်။
တစ်ရက်တွင် ဆရာတော်မရှိခိုက် ညီနောင်နှစ်ဦးသည် ဇော်ဂျီအသေတစ်ကောင်၏ အလောင်းကို ချက်ပြုတ် စားသောက်ခဲ့သည်။ ထိုဇော်ဂျီအသေကို တောအုပ်အတွင်း၌ မမျော်လင့်ပဲ ဆရာတော်နှင့် ညီအကိုနှစ်ဦးတို့က ရှာတွေ့ခဲ့ကြ၍ ဆရာတော်က ဆေးဖော်ရန် ထိန်းသိမ်းထားခဲ့သည်။ ဇော်ဂျီကို စားလျှင် အသက်ရှည်၍ အံ့မခန်းစွမ်းအားများ ရရှိနိုင်သည်ဟု ယူဆကြသည်။ ညီအကိုနှစ်ဦး စားသောက်ပြီးသောအခါ သဘာဝလွန်စွမ်းအားများရရှိခဲ့ကြရာ ထိုသတင်းမှာ တစ်ဆင့် တစ်ဆင့်ဖြင့် ဘုရင့်ရွှေနားတော်ထိရောက်ရှိသွားပြီး ဘုရင်မှာ လွန်စွာ စိုးရိမ်သွားသည်။ သို့ဖြစ်၍ မင်းချင်းများကို ထိုညီနောင်အားဖမ်းဆီးရန် အမိန့်ပေးခဲ့လေသည်။ မင်းချင်းများက အကိုဖြစ်သူအားဖမ်းမိသွား၍ မြို့ရိုးပတ်ပတ်လည်တွင် မြို့ကို တိုက်ခိုက်ရန်ပြုနိုင်သည့် ရန်သူများကို အကာကွယ်ဖြစ်စေရန် အဆောင်အယောင် သဘောဖြင့် အကိုဖြစ်သူ၏ ခန္ဓကိုယ်ကို တစ်စဆီပြု၍ မြှုပ်နှံထားခဲ့သည်။
ညီဖြစ်သူ ဗျတ္တသည် ပုဂံသို့ထွက်ပြေးနိုင်ခဲ့၍ အနော်ရထာမင်းထံ ခိုလှုံအမှုထမ်းရွက်သည်။ ဗျတ္တ၏ ထူးကဲသော စွမ်းအားများကြောင့် ပန်းတော်ဆက် ရာထူးခန့်အပ်၍ တောင်ဖက် မိုင်သုံးဆယ်ခန့်ကွာသော ပုပ္ပါးတောင်မှ နေပြည်တော်သို့ နေ့စဉ် ပန်းဆက်စေသည်။[12][9][13]
တောင်ပြုန်းညီနောင်
ဗျတ္တနှင့် မယ်ဝဏ္ဏဟုအမည်တွင်သော (ရာဇဝင်၊ နတ်သမိုင်းများတွင် ပန်းစားဘီလူးဟု ရေးသား) မိန်းမပျိုတစ်ဦးတို့ တွေ့ဆုံချစ်ကြိုက်ကြ၍ နောင်သော် သားနှစ်ဦးဖွားမြင်သည်။ ရွှေဖျဉ်းညီနောင်ဟု ခေါ်ဝေါ်ကြသည်။ အရွယ်ရောက်သော် အနော်ရထာမင်းထံတွင် အမှုထမ်း၍ အနော်ရထာ၏ တရုတ်ပြည်ရှိ ဂန္ဓလရာဇ်နယ်သို့ ဗုဒ္ဓစွယ်တော် ပင့်သည့်ခရီးစဉ်တွင် ပါဝင်အကျိုးဆောင်ခဲ့သည်။ အပြန်ခရီးတွင် ဘုရင်စီးလာသော ဆင်တော်သည် နေရာအရပ်တစ်ခု၌ ရပ်တန့် ဒူးညွတ်သောကြောင့် ထိုအရပ်၌ အနော်ရထာက ဆုတောင်းပြည့် စေတီတည်စေသည်။ စေတီတည်ရာတွင် မင်းချင်းအမှုထမ်းအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်အားပေးရန် အမိန့်တော်ပြန်၏။
ဘုရားစေတီပြီးလျှင် အနော်ရထာက စစ်ဆေးကြည့်ရှုရာ စေတီ၌ အုတ်နှစ်ချပ်လပ်သည်ကို မြင်၍မေးလေရာ မင်းချင်းတို့က ရွှေဖျဉ်းညီနောင်မှာ ဘုရားတည်ရန် လုပ်အားအကူမပေးဘဲ a game of marbles ကစားနေကြောင်း လျောက်တင်ကြသောအခါ ပြစ်ဒဏ်အနေဖြင့် ညီနောင်နှစ်ဦးကို ကြိမ်ဖြင့် ရိုက်စေသည်။ သို့သော် ကြိမ်တုတ်ဖြင့် ရိုက်မည့်အစား ဝါးရင်းတုတ်ဖြင့် ရိုက်ကြသည်။ ဖခင်ဖြစ်သူထံမှ စွမ်းအားများရရှိထားသောကြောင့် ထိုတုတ်ရိုက်ချက်များက အန္တရာယ်မဖြစ်ပေ။ နောက်ဆုံးတွင် ဝှေးစေ့ဖောက်ထုတ်၍ သတ်သည်ဟုလည်း အချို့စာများက ဖော်ပြကြသည်။
ရိုးရာနတ်သမိုင်းများတွင် ဝါးရင်းတုတ်ကြောင့် သေသည်ဟု ရေးသားကြကာ မှန်နန်းရာဇဝင်တွင် ဝါးရင်းတုတ်ရွာ၌ အနော်ရထာမင်းက ၎င်းတို့ကို မယုံကြည်၍ သတ်သည်ဟု ဖော်ပြရေးသားသည်။
သေလွန်ပြီးသည်နှင့် ရုတ်တရက်ဆိုသလို နတ်ဆိုးများဖြစ်သွား၍ အနော်ရထာမင်းစီးနေသော ဖောင်တော်ကို တားလေသည်။ အနော်ရထာမင်းရှေ့ကိုယ်ထင်ပြပြီး အမှုထမ်းဆောင်ရွက်ခဲ့သည့်အတွက် နေထိုင်ခိုလှုံစရာ နေရာတောင်းခံရာ တောင်ပြုန်းရွာတွင် ၎င်းတည်ထားခဲ့သော ဘုရားဘေးတွင် နတ်နန်းဆောက်လုပ်စေ၍ ထိုနေရာပတ်ဝန်းကျင်ရှိ နေရာလယ်ကွက်အချို့ကို ပေးသနားလေသည်။ သို့မှသာ နတ်ဆိုးဘဝမှ အပူဇော်ခံနတ်များဖြစ်လာခဲ့ကြသည်။ နှစ်စဉ်ကျင်းပသောပွဲတော်ကို ၎င်းတို့နှစ်ဦးအား ရည်ရွယ်၍ ထိုမှစတင်ကာ ကျင်းပလာခဲ့ကြသည်။[9][13]
ရိုးရာဓလေ့ အစီအစဉ်များ
တောင်ပြုန်းနတ်နှစ်ပါးကို ရည်ရွယ်၍ နှစ်စဉ် ပွဲအခမ်းအနားသုံးခုကျသ်းပလေ့ရှိသည်။ ၎င်းတို့မှာ နတ်တော်တွင် စစ်ထွက်၊ တပေါင်းတွင် စစ်ပြန် နှင့် ဝါခေါင်တွင် ကန်တော့ခံ ဟူ၍ဖြစ်သည်။ နောက်ဆုံးဖော်ပြထားသော ကန်တော့ခံ အခမ်းအနားမှာ အရေးပါ၍ လူသိန်းချီလာရောက်ကြကာ လာရောက်သူများထဲတွင် နတ်ကတော်များ အပါအဝင် မိရိုးဖလာအရာ မဖြစ်မနေလာရောက်သူများ၊ ပူဇော်ပသရန်လာရောက်သူများနှင့် အပျော်အပါးအတွက် လာရောက်သူများ ဟူ၍ မိမိရည်ရွယ်ချက်နှင့် မိမိလာရောက်သူများဖြစ်ကြသည်။[6] [10] ပွဲတော်ကို ဝါခေါင်လဆန်း ရှစ်ရက်မှသည် လပြည်နေ့ (သို့) လပြည့်ကျော်တစ်ရက်နေ့အထိကျင်းပကြရာ ပွဲတော်ရက်မှာ စုစုပေါင်း ၈ရက် (သို့) ၉ ရက်ကြမြင့်သည်။ ပွဲတော်ရက်အရ အစီအစဉ်များမှာ :
- ပထမ နှင့် ဒုတိယရက်များ - ကန်တော့ခံပွဲ (ဝါခေါင်လဆန်း ၈၊ ၉)
- တတိယရက် - ညညီလာခံပွဲ (ဝါခေါင်လဆန်း ၁၀ )
- စတုတ္ထရက် - ချိုးရေတော်သုံးပွဲ (ဝါခေါင်လဆန်း ၁၁)
- ပဉ္စမရက် - နန်းတက်ပွဲ (ဝါခေါင်လဆန်း ၁၂)
- ဆဋ္ဌမရက် - ယုန်ထိုးပွဲ (ဝါခေါင်လဆန်း ၁၃)
- သတ္တမရက် - ထိမ်ခုတ်ပွဲ (ဝါခေါင်လဆန်း ၁၄)
- အဋ္ဌမရက် - ပခန်းမင်းပို့ပွဲ [မှတ်စု 3] (ဝါခေါင်လပြည့်)
- နဝမရက် - ရွှေဘုံဆင်းပွဲ (ဝါခေါင်လပြည့်ကျော် ၁) [မှတ်စု 4][15]
အဖွင့်ရိုးရာဓလေ့များ
နတ်ပွဲကို ဖွင်ရာတွင် နတ်များကို ကန်တော့ တိုင်တည်၍ ပြုလုပ်ကြပြီး ရက်အားဖြင့် ပထမနှင့် ဒုတိယရက်များတွင်ဖြစ်သည်။ အစီအစဉ်ကြေငြာသူအဖြစ် တာဝန်ယူသော နတ်ကတော်မှ နတ်သီချင်းများသီဆို၍ နတ်နှစ်ပါး၏ အထုပ္ပတ္တိများ ရွတ်ဆိုသည်။ ဆိုင်းဝိုင်းမှ တီးမှုတ်ကာ နတ်ဝင်ပူးသည်ဟု ထင်ဟန်ရှိသော နတ်ကတော်မှ သီချင်းဂီတအလိုက် ကပြသည်။[16] နတ်ကနားအကမှာ ပွဲတော်၏ အဓိကအခြင်းအရာဖြစ်ကာ ပွဲတော်အစအဆုံး ကျင်းပကပြကြသည်။ တတိယနေ့သည် တရားဝင်အားဖြင့် ပွဲတော်၏ အစနေ့ဟူ၍ဆိုကြသည်။ ယင်းနေ့၏ ညပိုင်းတွင် 'ညညီလာခံပွဲ'ကို ကျင်းပ၍ ဆိုင်ရာ ရိုးရာဓလေ့များ လုပ်ဆောင်ကြပြီး နတ်ကနားများကပြကြသည်။[17]
ချိုးရေတော်သုံးပွဲ
စတုတ္ထနေ့၌ ကျင်းပသည်မှာ ချိုးရေတော်သုံးပွဲဖြစ်၍ တောင်ပြုန်းနတ်နှစ်ပါး၏ နတ်ရုပ်တုနှစ်ခုကို ရေချိုးပေးခြင်းဖြစ်သည်။ ယေဘုယျအစီအစဉ်မှာ နတ်ရုပ်တုနှစ်ခုကို နတ်နန်းမှ ရေချိုးဆေးကြောပေးမည့်နေရာသို့ ခေါ်ဆောင်ခြင်းဖြစ်၍ ချိုးမည့်နေရာတွင် နတ်ရုပ်တုနှစ်ခုနှင့်တကွ ကွမ်းအစ် စသည့်အသုံးအဆောင်တို့ကို ဆေးကြောသန့်စင်ကြသည်။ အထူးဆောက်လုပ်ထားသော ဝေါတော်ကို စစ်ဝတ်တန်ဆာများဝတ်ဆင်ထားသော သူများကထမ်း၍ သယ်ဆောင်ကြသည်။ နတ်ထိန်းမှ ဦးဆောင်၍ လှည့်လည်သည်။ ယင်းနောက် နတ်နှင့်ပတ်သက်သော ဆိုင်ရာလူကြီးများ၊ တီခတ်ရန် ဂီတအဖွဲ့နှင့် နောက်မှနေ၍ ဘုရင့်စစ်တပ်ပုံစံနှင့်တူရန် ဝတ်စားထားသော မင်းချင်းများ ရှိသည်။ ချိုးရေတော်ပွဲလုပ်မည့် ပြဿဒ်သို့ရောက်လျှင် ဝေါတော်ကို အဝင်ဝ၌ထားရစ်၍ နတ်ထိန်းများက စင်တွင် ချိူးရေတော်အမှုဆောင်ရွက်သည်။ ယင်းနောက် နတ်ရုပ်များ၏ အဝတ်များလဲလှယ်ပေးကြ၍ အဖျော်ယမကာနှင့် အခြားပစ္စည်းများကို ပသကြသည်။ နတ်နန်းသို့ အပြန်တွင် တောင်ပြုန်ညီနောင်၏ ဘုရားကန်တော့သည့် အခမ်းအနားကို လုပ်ဆောင်ကြရာ ဝေါတော်ကို ဘုရားစေတီသို့ မျက်နှာမူ၍ အကြိမ်အချို့ ဦးတိုက်ကြ၏။ဤနေ့သည် အစီကားဆုံးနေ့ဟူ၍လည်း ဆိုကြသည်။[18]
ပဉ္စမနေ့တွင် နန်းတက်ပွဲကျင်းပသည်။ နတ်နှစ်ပါး ချိုးရေတော်သုံးပွဲနေ့၌ နတ်နန်းသို့ ပြန်ရောက်ပြီးဖြစ်၍ ဤသို့ခေါ်ဝေါ်ခြင်းဖြစ်သည်။[19][20]
ယုန်ထိုးပွဲ
ယုန်ထိုးပွဲသည် တောင်ပြုန်းညီနောင်နှစ်ဦး အသက်ရှိစဉ်က ယုန်လိုက်သည်ကို အစွဲပြု၍ ကျင်းပသော ရိုးရာပွဲဖြစ်သည်။ ထိုနှစ်ဦးသည် ယုန်လိုက်အမဲပစ်ရင်း ရွာတစ်ရွာမှ အိမ်တစ်အိမ်သို့ ရောက်ရှိလာကာ ထိုအိမ်၌ ခေတ္တနားနေကြသည်။ ထိုစဉ် အဖိုးအိုတစ်ဦးက[မှတ်စု 5] ၎င်းတို့ကို ယုန်ကင်နှင့် ထန်းရည်တို့ဖြင့် ဧည့်ခံခဲ့သောကြောင့် အပြန်အလှန်အားဖြင့် အဖိုးအိုကို ၎င်းတို့ရှိရာ တောင်ပြုန်းသို့ လာရောက်ရန် အလည်ခေါ်ခဲ့သည်ဟု ဇာတ်လမ်းပုံပြင်များက ဆိုကြသည်။ ထိုမှသ၍ အဖိုးအို၏ မျိုးဆက်များ (အခြားဖြစ်နိုင်သည်မှာနတ်ရေကုန်းရွာမှ ရွာသားများ ) က ယုန်ကင် ပသရန် လာရောက်ခဲ့ကြသည်မှာ ယနေ့တိုင်အထိဖြစ်၏။[19]
ဝါခေါင်လဆန်း (၁၃)ရက်တွင်[မှတ်စု 6] ကျင်းပကြကာ ပွဲတော်ရက်အားဖြင့် ခြောက်ရက်မြောက်နေ့ဖြစ်သည်။ ထိုနေ့တွင် နတ်ရေကုန်းရွာမှ ရွာကာလသားတစ်စုကို ရွာခံလူငယ်တစ်ဦးက ဦးဆောင်လာ၍ တင်လှူရန် ယုန်ကင်နှစ်ကောင်ကို ဘယ်တစ်ဖက် ညာတစ်ဖက်ကိုင်ဆောင်လာကာ နတ်နန်းသို့ ရိုးရာဓလေ့စီစဉ်မှုဖြင့် ပသသည်။ ယင်းအစီစဉ်တွင် ထိုအုပ်စုသည် နတ်နန်းကို လက်ဝဲရစ် ခုနှစ်ကြိမ်လှည့်လည်၍ ထိုသို့လှည့်လည်နေစဉ် မကြားဝံ့မနာသာ စကားများ အော်ဟစ်ဆဲဆိုကြ၏။ ထိုသူများဖြတ်သွားစဉ် နတ်ကတော်များမှာ ဆိုင်ရာအဆောင်အခန်းများမှ တံခါးများကို ပိတ်လေ့ရှိသည်။
နတ်ရေကုန်းရွာသားတစ်စုသည် ထိုသို့ မကြားဝံ့မနာသာဆဲရေးမှုများလုပ်ဆောင်ခြင်း၊ တောင်ပြုန်းမင်းနှစ်ပါး၏ တော်လှန်ပုန်ကန်သော ပုံစံကို ပြုမူခြင်းများဆောင်ရွက်ကြသည်မှာ အရေးပါသောအနေအထားဖြစ်၍ ထိုသူများအဖို့ တောင်ပြုန်းညီနောင်နှစ်ဦးသည် အရက်သေစာကျူးသူ၊ ဗရုတ်သုတ်ခနေသူများအဖြစ် သိရှိကြသောကြောင့်ဖြစ်သည်။ ထိုအဆင့်လုပ်ဆောင်ပြီးနောက် အရိပ်တစ်ခု၌ ရပ်တန့်ကြပြီး ယုန်ကိုင်ဆောင်သော လူငယ်သည် နတ်နှစ်ပါးရှိရာဘက်သို့ ယုန်ကို ခုနှစ်ကြိမ် ရှေ့နောက်လွှဲယမ်းကာ ယုန်ကို ပြဿဒ်၏ အကြီးအကဲဆိုသူတို့ထံပေးသည်။ ပြဿဒ်မှလူကြီးများက နတ်နန်းလှေကားမှ ဆင်းလာပြီး ထိုအရိပ်ရှိရာသို့ သွားရောက်ယူငင်သည်။ ထို၌လည်း ယခင်လူငယ်ပြုသကဲ့သို့ ယုန်ကို ရှေ့နောက် ခုနှစ်ကြိမ် လွှဲသည်။ ထို့နောက် လှေကားသို့တက်၍ နတ်နန်းထဲသို့ ဝင်ရောက်သွားကြ၏။ စာရေးဆရာ မဲလ်ဖော့ စပိုင်းရိုက လှေကားဆင်း၊ လှေကားတက်ကိုလည်း ခုနှစ်ကြိမ်ပြုကြသည်ဟု ရေးသားထားသည်။ ယုန်ကင်ကို နတ်နန်းမှ နတ်နှစ်ပါးကို တင်လှူသည်။
စကစ်မော တည်းဖြတ်သော စာအုပ် 'Burma At The Turn Of The Twenty-first Century' ၌ ယုန်ကင်ကို နတ်နန်း၏ ဆိုင်ရာလူကြီးများက အသုတ်လုပ်၍စားသောက်ကြသည်ဟု ဖော်ပြကာ ထိုသို့စားသောက်ခြင်းဖြင့် နတ်နှစ်ပါး၏ စွမ်းအားများ၊ ကဖျက်ကရက်လုပ်တတ်ခြင်းတို့ ရရှိကြောင်း ပြယုတ်တစ်ခုဖြစ်သည်ဟုလည်း ဖော်ပြထားသေးသည်။ [20][21]
ထိမ်ခုတ်ပွဲ
ရာဇဝင်ပုံပြင်များအရ အနော်ရထာမင်းကို ကံကန်တော်မူစေသည်မှာ ထိမ်ပင်ကိုစောင့်သော နတ်ဖြစ်သည်ဟုဆိုကြ၍ တောင်ပြုန်းမင်းညီနောင်နှင့်တကွ ဒေသခံများက ထိုထိမ်ပင်စောင့်နတ်ကို မကျေနပ်ကြောင်းပြသသည့်သဘောဖြင့် ထိမ်ခုတ်ပွဲကို ကျင်းပကြသည်။ ပွဲသည် တနည်းဆိုသော် ထိမ်ပင်စောင့်နတ်အား ကလစားချေသည့် ပြယုတ်ကို တင်ပြခြင်းဖြစ်သည်။[22] အပင်ကိုလည်း အသားမာပင်တစ်မျိုးဖြစ်သော ထိမ်ပင် (Nauclea parviflora) ဟူ၍ယူဆကြသည်။[မှတ်စု 7]. မှန်နန်းရာဇဝင်တွင် ရန်သူဖြစ်သော လိမ်ပင်စောင့်နတ်က သတ်သည်ဟူ၍ ဖော်ပြသည်။
ထိမ်ခုတ်ပွဲဟူ၍ အစဉ်အဆက်သုံးစွဲခဲ့ကြပြီး ဝါခေါင်လဆန်း (၁၄)ရက်တွင် ကျင်းပသည်။ သို့ရာတွင် တကယ့်ခုတ်သည့်အရာမှာ သစ်ပင်မဟုတ်ပေ။ သစ်ကိုင်းကြီးကြီးနှစ်ကိုင်းကို နတ်နန်းပရဝုဏ်၌ ကြိုတင်စိုက်ထား၍ ဆောင်ရွက်မည့်နေ့တွင် သစ်ကိုင်းပတ်လည်ရေလောင်းထားကာ နတ်နန်းမှ သက်ဆိုင်သူလူကြီးများက ဓါးကိုင် ထွက်ရှိလာ၍ ထိုကိုင်းများကို လှည့်ပတ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် နတ်အုပ်မှ တစ်ဦးတည်းရပ်နေပြီး ရုတ်တရက်သစ်ကိုင်းကြီးထိပ်ဖျားမှ ကိုင်းသေးတစ်ခုကို ခုတ်ကာ ခုတ်ထားသော ကိုင်းသေးကို ကိုင်ဆောင်ရင်း ခပ်သုတ်သုတ်ဖြင့် နတ်နန်းထဲသို့ ပြေးဝင်သွားသည်။ လူအုပ်ကြီးကလည်း ရုတ်တရက်ဆိုသလို ကျန်ရှိနေသော သစ်ကိုင်းအပေါ် ခုန်ဝင်ကြပြီး ကိုင်းတစ် ရိုးတံတစ်ချောင်းလောက်ရစေရန် လုယက်ကြသည်။ သစ်ကိုင်းမှာ တမဟုတ်ချင်း အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွား၍ ထိုနေရာ၌ မရှိတော့ပေ။ ထိုလု၍ရသော သစ်ကိုင်းစသည် လာဘ်ကောင်းသည်ဟု အယူရှိကြပြီး လယ်ကွင်းတွင် မြှုပ်နှံပါက အထွက်ကောင်းသည်ဟုလည်း ယုံကြည်ကြသည်။[24][22]
နောက်ဆုံးနေ့ အခမ်းအနားများ
သံဃာတော်အပါးနှစ်ရာကို ဖိတ်ကြား၍ လပြည့်နေ့တွင် ဆွမ်းကပ်သည်။ ထိုအတွက် ကုန်ကျစရိတ်မှာ တောင်ပြုန်းနတ်နှစ်ပါးပိုင်ဆိုင်သော လယ်ကွင်းများမှ ရရှိသော ငွေကြေးဖြင့် ကျခံသုံးစွဲသည်။[22][1]
ပွဲတော်၏ နောက်ဆုံးအခမ်းအနားဟုဆိုနိုင်သော ပွဲကို ပခန်းမင်းပို့ဟု ခေါ်ကြကာ ယင်းည၌ ကျင်းပကြသည်။ မင်းကျော်စွာနတ် ခေါ် ပခန်းမင်း ကိုကြီးကျော်ကို ပြန်လည်ပို့ဆောင်သောအားဖြင့် ကျင်းပကြ၏။[15] ကိုကြီးကျော်နတ်သည်လည်း အပြင်မင်း (၃၇)ပါးတွင် ထင်ရှားသောနတ်တစ်ပါးဖြစ်ပြီး နတ်ကနားတွင် ၎င်း၏ ထင်ရှားလူကြိုက်များသော 'ကြက်တိုက်ကကွက်' ဖြင့် ကပြကြ၍ ၎င်း၏ သီသန့်ပွဲတော်ကို မကွေးတိုင်းဒေသကြီး ပခန်းနယ်ရှိ ကူနီကျေးရွာတွင် တပေါင်းလ၌ ကျင်းပကြသည်။
ပခန်းမင်းပို့ပွဲပြီးနောက် ပွဲတော်အဆုံးသတ်သည်ဟု ဆိုနိုင်၍ နောက်တစ်ရက် လပြည့်ကျော်တစ်ရက်မနက်တွင် ရိုးရာအရ နောက်ဆုံးအခမ်းအနားဖြစ်သော ရွှေဘုံဆင်းပွဲအဖြစ် တောင်ပြုန်းနတ်ရုပ်တုနှစ်ခုအား ရွှေချကြသည်။[20]
ပွဲစီစဉ်သူများနှင့် ပါဝင်ဆင်နွှဲသူများ
မြန်မာနိုင်ငံတွင် ကျင်းပသောနတ်ပွဲများ၌ ဤနတ်ပွဲသည် အရေးပါဆုံးဖြစ်၍ အခြားနတ်ပွဲများအတွက် စံနမူနာတစ်လည်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဤနတ်ပွဲသည် ဒေသခံအဆင့်ကို ကျော်လွန်၍ နိုင်ငံ၏နယ်အနှံ့မှ လူပေါင်းများစွာ လာရောက်ကြသော ပွဲတော်မျိုးဖြစ်သည်။[4] ထို့ကြောင့် ကြီးမား၍ စနစ်ကျသည့် ဖွဲ့စည်းစီမံမှုမျိုး လိုအပ်သည်။ ပွဲတော်ကျင်းပရာ၌ အဓိက နယ်ပယ်နှစ်ခုရှိရာ 'စေတီနှစ်ဆူ' နှင့် နတ်နန်းတို့ဖြစ်ကြသည်။ ဘုရားဂေါပကများက နေရာအချို့နှင့် ဈေးဆိုင်၊ ဇာတ်ရုံကဲ့သို့သော ယာယီအဆောက်အအုံများများ၊ ဘုရားပုရဝုဏ် စသည်တို့ကို စီမံကွပ်ကဲသည်။
စေတီများဘေးအနီးတွင် နတ်နန်းရှိ၍ နတ်နန်း၏ ဘေးပတ်လည်သည် နေရာအလွတ်များဖြစ်ကြ၏။ နတ်နန်းကို နတ်ထိန်းများမှ ကိုင်တွယ်ကြ၍ ၎င်းတို့သည် အနော်ရထာမင်းက နတ်နန်းကို စောင့်ရှောက်ရန် ခန့်အပ်ထားသော တရုတ်မင်းသမီးနှစ်ပါး၏ မျိုးဆက်များဟု ဆိုကြသည်။ ထို့ကြောင့် ဤမိသားစုသည် နတ်နှင့်သက်ဆိုင်သော နယ်မြေ၊ နယ်ပယ်ကို ပိုင်ဆိုင်ကြသည်။ နတ်ပွဲမှရရှိသော ဝင်ငွေများကို ဤမိသားစုဝင်များက ရရှိကြ၏။ ရိုးရာဓလေ့ထုံးတမ်းနှင့်ပတ်သက်၍ အကြီးအကဲဆိုသည့် ရာထူးတစ်ခုရှိရာ ထိုရာထူးကို 'နတ်အုပ်' ဟုခေါ်ဆိုကြ၍ နတ်အုပ်ကို အရေးပါသော အနေအထားရှိသည့် နတ်ကတော်များက ဓလေ့ထုံးတမ်းများဆောင်ရွက်ရာတွင် ကူညီကြရသည်။ ဤနတ်ကတော်များသည် အမြင့်ဆုံး အရေးပါသော (ပွဲတော်) လူကြီးသဘောမျိုးဖြစ်ပြီး ၎င်းတို့တွင် ဆိုင်ရာ ဘွဲ့များရှိကြ၏။ ဗောင်းဟုခေါ်သော ဦးထုတ်တစ်မျိုးကို ဆောင်းသောသူများကို 'ဗောင်းဆောင်းအမတ်'ဟု ခေါ်တွင်ကာ 'သိုး' ဟုခေါ်သော ခေါင်းအဝတ်တန်ဆာကို ဝတ်ဆင်သောသူကို 'သိုးဆောင်းမိဖုရား' ဟူ၍ သုံးစွဲခေါ်ဝေါ်သည်။ အမတ်နှင့် မိဖုရားအရေအတွက်မှာ ကျင်းပခဲ့သည့် ပွဲတော်သမိုင်းတလျှောက် အတည်တကျမရှိပေ။ ရှေးခေတ်အခါက မိဖုရားလေးဦးနှင့် အမတ်တစ်ဦးရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်မှ ၁၉၈၈ အထိ မိဖုရားလေးဦးနှင့် အမတ်လေးဦးထားရှိကြကာ ၁၉၉၅တွင် ထိုအရေအတွက်မှာ တက်သွားပြီး စုစုပေါင်း (၁၈) ဦးအထိရှိလာခဲ့သည်။ ထို့နောက်ပိုင်းတွင် အရေအတွက်မှာ ပြန်လည်လျော့နည်းလာခဲ့လေသည်။[25]
နတ်ကတော်အမျိုးအစားများစွာရှိကြပြီး အနည်းစုသာလျှင် အဓိကနတ်နန်းတွင် ပါဝင်ကပြခွင့်ရှိ၏။ အများစုသော နတ်ကတော်များမှာ ထိုသို့အခွင့်အရေးမရကြဘဲ နတ်နန်းပရဝုဏ် အပြင်၌သာ နေထိုင်တည်းခိုရန် ရှာဖွေကြရသည်။[25]
ရိုးရာအစဉ်အဆက်အရ နတ်နန်းကို ချဉ်ကပ်ခွင့်မရသော သူများအတွက် နတ်နန်းငယ်များကို ၁၉၈၅ ခုနှစ်ခန့်မှ စတင်တည်ဆောက်ခဲ့ကြ၍ အခြား (၃၇) နတ်များကို ကိုယ်စားပြုရန်ဖြစ်ပေသည်။
စည်ကားမှု
ပွဲတော်ကာလတွင် စည်ကားလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဆိုင်ခန်းကြီး ငယ်ဖွင့်လှစ်ရောင်းချသူများသည် ဝါခေါင်လဆန်းမှစ၍ ရောက်ရှိလေ့ရှိကာ မတ္တရာနယ်ရှိ အုန်း၊ ငှက်ပျောခြံရှင်များမှ တောင်ပြုန်းပွဲတော်တွင် တိုက်ရိုက်လာရောက် ရောင်းချသူများနှင့် တစ်ဆင့် ဖောက်သည်ယူ ရောင်းသူများလည်း ရှိကြသည်၏။ အရောင်းရဆုံး ငှက်ပျောအမျိုး အစားမှာ ရိုးရာအရ ဖီးကြမ်းနှင့် ငှက်ပျောချဉ်များ ဖြစ်သည်။ တောင်ပြုန်းလက်ဆောင်အဖြစ် ထင်ရှားသော ကရေကရာ၊ စလူမုန့် စသော အညာမုန့်များကို စစ်ကိုင်းနယ်မှ လာရောက်ရောင်းချပြီး တောင်ပြုန်း ဆွဲကြိုး၊ လက်ကောက်များကို မြောက်ဥက္ကလာပမှ ထုတ်လုပ်ရောင်းချ ကြပါသည်။
တောင်ပြုန်းပွဲသည် မြန်မာပြည် အနှံ့ ပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်ကြီး ဖြစ်သည့်အပြင် အနယ်နယ်အရပ်ရပ် နတ်ပွဲများထက်လည်း ကြီးကျယ် ထင်ရှားသည့် နတ်ပွဲတော်ကြီး ဖြစ်သည်။ တောင်ပြုန်းပွဲသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး အရှင်၂ပါး မစ၍ စီးပွား လာဘ်လာဘ တက်သည်ဟု ယုံကြည်သူများ၊ အခက်အခဲများ အဆင်ပြေစေရန် သွားရောက် ကိုးကွယ်သူများ၊ အပျော်သဘော သွားရောက်သူများဖြင့် ကြက်ပျံမကျ စည်ကားလေ့ရှိသည်။
မှတ်စု
- အချို့သော နတ်ကတော်များမှာ အဓိကနတ်နန်းတွင် ပါဝင်ကပြခွင့် မရကြပေ။
- စာရေးဆရာ မဲလ်ဖော့ စပိုင်းရိုက ၎င်း၏ Burmese Supernaturalism စာအုပ်တွင် ဗျတ်ဝိ၊ ဗျတ္တကို အေဘရာဟမ်းနှင့် အီဘရာဟမ်း ဟူ၍ မွတ်ဆလင်အမည် ဖော်ပြထားသည်။[11]
- အချို့သော သတင်းရင်းမြစ်များတွင် ဤပွဲကို ပွဲတော်အစီအစဉ်တွင်ထည့်သွင်းဖော်ပြခြင်းမရှိပေ။[1][14]
- ရုပ်တုများရွှေချသည့် ရွှေဘုံဆင်းပွဲကို ပွဲတော်အစီအစဉ်တွင် ထည့်သွင်းခြင်းမပြုကြသော်လည်း ရိုးရာဓလေ့ဆောင်ရွက်မှုအဆင့်၏ အပိုင်းတစ်ပိုင်းဖြစ်၏။ ပွဲတော်အစီအစဉ်တွင် ဤပွဲကို ထည့်သွင်းရေတွက်ပါက ပွံတော်ကြာချိန်မှာ (၉)ရက်တာဖြစ်သည်။
- 'Burma at the turn of the twenty-first century' စာအုပ်တွင် အမယ်အို ဟူ၍ ရေးသားထားသည်။
- 'Burma at the turn of the twenty-first century' စာအုပ်တွင် လဆန်း (၁၄)ရက်ဟုဖော်ပြထားသည်။
- မြန်မာဘာသာစကားကော်မရှင်က ထိမ်ပင်ကို Nauclea parviflora အဖြစ် ပြဆိုထားသည်။[23]
ကိုးကား
ကိုးကားအညွှန်းများ
- ကိုးကွယ်ယုံကြည်သူတို့ရဲ့ပွဲတော်တောင်ပြုံး (in my) (16 August 2013)။
- Taungbyon Spirit Festival။
- Google map of Kuthodaw pagoda situated in the north of Mandalay to Taungbyone Railway station
- Skidmore 2005, p. 65.
- မတ္တရာမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။
- Skidmore 2005, p. 71.
- Spiro 1996, pp. 118-119.
- Skidmore 2005, pp. 71-76.
- Pe Maung Tin & Gordon H Luce (1923)။ Glass Palace Chronicle (first Ed.)။ Oxford University Press။ pp. 77–84။
- Spiro 1996, p. 116.
- Spiro 1996, p. 113.
- Shwe Mann Maung။ The Taung Byone Nat Festival။ Perspective (August 1997)။ 17 July 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-11 တွင် ပြန်စစ်ပြီး။
- Spiro 1996, pp. 113-115.
- Phyo Wai Kyaw (27 July 2016)။ တောင်ပြုန်းပွဲ ဩဂုတ်လဆန်း စတင်မည်။ (in my)။
- တောင်ပြုန်းပွဲတော် ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကား (in my) (15 August 2019)။
- Spiro 1996, p. 121.
- Skidmore 2005, p. 78.
- Skidmore 2005, pp. 80-82.
- Phyo Wai Kyaw။ "တောင်ပြုန်းပွဲ၏ အစည်ကားဆုံး ချိုးရေတော်သုံး အခမ်းအနားကျင်းပ" (in my)၊ The Myanmar Times၊ 12 August 2019။
- Skidmore 2005, p. 82.
- Spiro 1996, p. 124.
- Spiro 1996, p. 125.
- The definition of 'Htein' can be found in the Myanmar Wiktionary referencing Myanmar language commission (1993)
- Skidmore 2005, pp. 83-84.
- Skidmore 2005, pp. 71-75.
ယေဘုယျ ကိုးကားချက်ရင်းမြစ်
- Monique Skidmore (2005)။ Burma At The Turn Of The Twenty-first Century။ University of Hawaii Press။ ISBN 978-0-8248-2857-8။
- Melford E. Spiro (1 January 1996)။ Burmese Supernaturalism။ Transaction Publishers။ ISBN 978-1-4128-1901-5။