အင်္ဂပူမြို့
အင်္ဂပူမြို့ သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းတွင် တည်ရှိပြီး အင်္ဂပူမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ငဝန်မြစ်အတွင်းသို့ စီးဝင်သော ကညင်ချောင်း၏ လက်ယာဘက်ကမ်းပေါ်၌ တည်ရှိသည်။ ဟင်္သာတ-ကြံခင်း မီးရထားလမ်းမြို့တစ်မြို့ ဖြစ်ပြီးလျှင် ဟင်္သာတမြို့နှင့် ၂၄ မိုင်ဝေးကွာလေသည်။ အင်္ဂပူမြို့နယ်သည် ၆၃၂ စတုရန်းမိုင် အကျယ်အဝန်းရှိ ပြီးလျှင် သူကြီးတစ်ပိုင် နယ်ပေါင်း ၈၂ခု ပါဝင်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်တစ်ခုလုံး၏လူဦးရေသည် ၂၁၄,၃၈၄ ယောက်[1] ဖြစ်ပြီး မြို့ပေါ်လူဦးရေမှာ ၁၃,၃၂၀ ဖြစ်သည်။
သမိုင်းကြောင်း
အင်္ဂပူမြို့သည် ရှေးရာဇဝင်သမိုင်းဝင်မြို့ဖြစ်သည်။ ပုသိမ်ဘုရင် သမုဒ္ဒဃောသ၏မိဘုရား ဥမ္မာဒန္တီနှင့်စပ်လျဉ်း၍ ရှေးကထင်ရှားခဲ့လေသည်။ မူလက ကျေးရွာစုငယ်တစ်ခုမျှသာ ဖြစ်ခဲ့ရာ မြို့တစ်မြို့အခြေအနေသို့ ရောက်ခဲ့သည့် အချိန်ကာလသည် ခရစ် ၁ဝ ရာစုနှစ်အတွင်းဖြစ်မည်ဟု ခန့်မှန်းကြလေသည်။
ယခု အင်္ဂပူမြို့တည်ရှိရာအရပ်ဒေသသည် မြန်မာမင်းများလက်ထက်က အုတ်ဖိုဟုတွင်ခဲ့သည်။ မြို့လယ်ကိုဖြတ်၍ စီးသွားသော အုတ်ဖိုချောင်း၏အဖျားတွင် ရှေးက ရာမညတိုင်း ပုသိမ် ၃၂ မြို့၌ အပါအဝင်ဖြစ်ခဲ့သော အင်္ဂပူရမြို့တည်ရှိခဲ့လေသည်။ ကုန်းဘောင်ဆက်ပထမဆုံးမင်းဖြစ်သော အလောင်းမင်းတရားကြီးလက်ထက်တွင် ရာမညတိုင်းအားလုံးကို သိမ်းရုံးအောင်မြင်သောအခါ အင်္ဂပူရမြို့ကို အုပ်ချုပ်လျက်ရှိသော သီဟဗိုလ်မင်းသည် မင်းတရားကြီး၏ ဘုန်းတော်ရိပ်အောက်သို့ ခိုလှုံခဲ့ရသည်။ မင်းတရားကြီးသည် သီဟဗိုလ်မင်းကို တိုက်သူကြီး၏ အဆောင်အယောင်ပေး၍ ဆက်လက် သူကောင်းပြုသည်။
သီဟဗိုလ်၏မြေးတော် စိတ္တဗိုလ်၏လက်ထက်တွင် ယခု အင်္ဂပူမြို့တည်ရာအရပ်ကို ရွှေ့ပြောင်း၍ ရုံးစိုက်ခဲ့သည်။ ထိုအရပ်ကို အုတ်ဖိုဟု ခေါ်ဝေါ်ကြသည်။ ယင်းတို့ခေါ်တွင်ခြင်းမှာ ဥမ္မာဒန္တီမိဖုရားသည် ရွှေဆံတော်စေတီကို တည်စဉ်အခါက အုတ်များဖုတ်လုပ်ခဲ့သည့် အုတ်ဖိုကြီးရှိသောကြောင့်ဖြစ်သည်။ ဥမ္မာဒန္တီမိဖုရားသည် ဟံသာဝတီပြည့်ရှင် မွန်ဘုရင်တစ်ပါးက သိမ်းပိုက်ရန်ကြံရွယ်ခဲ့သဖြင့် ပုသိမ်မှထွက်ပြေး တိမ်းရှောင်ခဲ့ရာ လမ်းတစ်လျှောက်တွင် ဘုရားစေတီများ တည်ခဲ့သည်အနက် ရွေဆံတော်စေတီသည် အထင်ရှားဆုံးဖြစ်ခဲ့လေသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ခရစ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်မင်းတို့၏ လက်အောက်သို့ ကျရောက်သောအခါ ရန်ကုန်-ပြည် မီးရထားလမ်းရှိ အုတ်ဖိုနှင့်ခွဲခြားနိုင်စေရန် မူလမြို့ဟောင်း အင်္ဂပူရ၏ အမည်ကိုယူ၍ အင်္ဂပူမြို့ ဟုခေါ်တွင်စေခဲ့လေသည်။
ထင်ရှားသောနေရာများ
မြို့ပေါ်တွင်ထင်ရှားသော အဆောက်အအုံများမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာရုံးများ၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ ပြည်သူဆေးရုံ၊ ဈေး၊ မင်းတဲ၊ အစိုးရ အထက်တန်းကျောင်းနှင့် ဟင်္သာတမြို့မှ အရေးပိုင်ဟောင်း ဦးဘိုးကြူး ဆောက်လုပ်လှုဒါန်းခဲ့သော သူအိုရုံစသည်တို့ဖြစ်သည်။
သာသနိက အဆောက်အအုံများအနက် ဥမ္မာဒန္တီမိဖုရား စတင်တည်ထားခဲ့သော ရွှေဆံတော်စေတီသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ရန်ကုန်မှ ရွှေတိဂုံဆံတော်ရှင်နှင့် ပုသိမ်မှ ရွှေမုဋ္ဌောဘုရားတို့မှလွဲလျှင် ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူအပါအဝင်ဖြစ်ခဲ့လေသည်။ ရွှေဆံတော်စေတီတော်အပြင် အင်္ဂပူမြို့၏ ထင်ရှားသောအခြားစေတီတစ်ဆူမှာ စက်စက်ယိုစေတီဖြစ်လေသည်။
မြို့ပေါ်ရှိလူဦးရေတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က အများဆုံးပါဝင်သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အရေးကြောင့် ထိန်တောတိုက်နယ်မှလူများ၊ ရွှေတောင်တိုက်နယ်မှလူများသည်ပင် အင်္ဂပူမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ရာ ထိုသူများနေထိုင်ရာအရပ်ကို ထိန်တောတန်း၊ ရွှေတောင်တန်းစသဖြင့် ယခုတိုင် ခေါ်တွင်နေသည်။ဆည်ကြီး၃ခု ရှိပါသည်။ နန်ကသူဆည်၊ကညင်ဆည်၊မမြဆည်တို့ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
ရှေးအခါက ကညင်ချောင်းအားဖြင့် အင်္ဂပူမြို့အထိ သင်္ဘောများ သွားလာနိုင်ခဲ့၍ အရောင်းအဝယ် ဖွံ့ဖြိုးစည်ကားသောမြို့တစ်မြို့ဖြစ်ခဲ့လေသည်။ မြို့နယ်အတွင်း ခရီးလမ်းပန်း အဆက်အသွယ်များမှာ ဟင်္သာတ-ကြံခင်း မီးရထားလမ်းဖြင့် ထိုမီးရထားလမ်း တစ်လျှောက် မြို့ရွာများသို့ သွားရောက်နိုင်သည်။ ဧရာဝတီမြစ်ကြောင်းအားဖြင့် မြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ ရွာများသို့ မြစ်ရိုးတစ်လျှောက် စုန်ဆန်သွားလာနိုင်သည်။ ခြေလျင်ကုန်းလမ်းအားဖြင့် မဲဇလီကုန်းမှ ကွင်းကောက်သို့လည်းကောင်း၊ အင်္ဂပူမှ ဆုံကုန်းသို့လည်းကောင်း၊ အင်္ဂပူမှ ထူးကြီးသို့ လည်းကောင်း သွားလာနိုင်သည်။ မိုးရာသီအခါ၌ နောက်မီးချောင်း၊ ဆင်ပုံချောင်း၊ နံဂတ်သူချောင်းနှင့် ကညင်ချောင်းရိုးတို့တွင် လှေများဖြင့် ကူးသန်းသွားလာနိုင်ပေသေးသည်။
စီးပွားရေး
အင်္ဂပူမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် လယ်နှင့်ကိုင်းလုပ်ငန်းကို လုပ်ကိုင်ကြ၍ ထန်းလျက်ချက် သည့်လုပ်ငန်းလည်းလုပ်ကိုင်ကြသည်။ အနောက်ဘက်ခြမ်းတွင် လယ်ယာ လုပ်ကိုင်ကြသည်။ အင်္ဂပူမြို့နယ်အတွင်း၌ မဲဇလီကုန်းနှင့် ထူးကြီးရွာတို့သည် စီးပွားရေးအခြေအနေ အကောင်းဆုံးသော ဒေသများ ဖြစ်ကြသည်။ ထိုရွာကြီးများ၏ အဓိကလုပ်ငန်းမှာ ရက်ကန်းရက်ခြင်းနှင့် ဆန်စပါးလုပ်ငန်းတို့ ဖြစ်သည်။ စောင်တန်းရွာကြီးသည်မူ ရက်ကန်းလုပ်ငန်းဖြင့် ရှေးကစ၍ ယခုတိုင်ထင်ရှားသည်။ ချည်လုံချည်၊ စောင်၊ စားပွဲခင်း၊ လက်သုတ်ပုဝါ၊ လွယ်အိတ်၊ ကုလားထိုင်ဖျင်များကို ရက်လုပ်သည်။ အင်္ဂပူမြို့နယ်အတွင်း ကရင်အမျိုးသား အများအပြားနေထိုင်သော ရွာတစ်ရွာလည်းဖြစ်ပေသည်။
ဟင်္သာတ-ကြံခင်း မီးရထားလမ်း ဖေါက်လုပ်လိုက်သောကြောင့် တစ်ကြောင်း၊ ကညင်ချောင်း၏ လက်တက်တစ်ခုဖြစ်သော ဝက်သေချောင်းကြောင့် အနည်အနှစ်ပို့ချမှုများလာသဖြင့် ကညင်ချောင်းရေတိမ်လာသောကြောင့်တစ်ကြောင်း အင်္ဂပူမြို့တွင် အရောင်းအဝယ် ဆုတ်ယုတ်လာခဲ့လေသည်။ အင်္ဂပူမြို့နယ်၏ ထွက်ကုန်များကို မီးရထားအားဖြင့်သာ သယ်ယူပို့ဆောင်မှု များပြားခဲ့လေသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၆၈။