မြန်အောင်မြို့

မြန်အောင်မြို့သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ရှိ မြန်အောင်မြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ ကြံခင်းမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ကွာတွင် တည်ရှိသည်။ အထက်အောက် မြန်မာနိုင်ငံသို့ သွားလာ သော သင်္ဘောများ ဆိုက်ကပ်ရာမြို့နှင့် ဟင်္သာတ-ကြံခင်း မီးရထား လမ်းပေးရှိ ဘူတာရုံမြို့လည်းဖြစ်သည်။

မြန်အောင်မြို့
မြို့
မြန်အောင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°17′13″N 95°19′04″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဟင်္သာတခရိုင်
မြို့နယ်မြန်အောင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြန်အောင်မြို့သည် ဟင်္သာတခရိုင်တွင် ဒုတိယအစည်ကား ဆုံးမြို့ဖြစ်လျက် ဆေးရုံ၊ အစိုးရရုံးများ၊ ပြည်သူ့ရဲစခန်းနှင့် နိုင်ငံတော် အထက်တန်းကျောင်းများ ရှိသည်။ ၁၈၈၆ ခုနှစ် ကစ၍ မြူနီစီပယ်အဖွဲ့ကို ဖွဲစည်းတည်ထောင်ကာ မြို့ရွာ စည်ပင်သာယာရေးကို စီမံဆောင်ရွက်ခဲ့သည်။

မြန်အောင်မြို့ကို ခရစ်နှစ် ၁၂၅ဝ ပြည့်လောက်ကပင် မွန်လူမျိုးတို့ တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ ထို အခါက ဂူထွတ်ဟု အမည်တွင်၍ နောင်အလောင်းဘုရားလက်ထက် (ခရစ်နှစ် ၁၇၅၄)သို့ ရောက်သောအခါမှ မြန်အောင်ဟု အမည်သစ် ခေါ်တွင်စေခဲ့လေသည်။ မြန်အောင်မြို့သည် ဂူထွတ်ဟု အမည်တွင်ခဲ့စဉ်အခါက မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော မြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ မွန်နှင့် မြန်မာတို့ စစ်ထိုးခဲ့ကြရာတွင် ဂူထွတ်မြို့၌ ထင်ရှားသော ရေကြောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။ ထိုအခါက မွန်တို့၏ ခံတပ် မြို့တစ်မြို့ လည်း ဖြစ်ခဲ့ဘူးလေသည်။

မြန်အောင်မြို့၏ အဓိကထွက် ကုန်မှာ ဆန်စပါးဖြစ်သည်။မြန်အောင်မြို့သည် အနုပညာသည်နှင့် သဘင်ပညာသည်များ နိုင်ငံကျော်စာရေးဆရာများ ထွက်ရှိရာဒေသဖြစ်သည်။ မြန်အောင်မြို့နယ်တွင် တန်ခိုးကြီးသမိုင်းရှေးဟောင်းဘုရားပုထိုးစေတီများစွာရှိသည်။ မြန်အောင်တာဝတိံသာဘုရားပွဲမှာ တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်ထိဖြစ်၍ အောက်မြန်မာပြည်တွင် သက်တမ်းအရင့်ဆုံးနှင့် အရှည်ကြာဆုံးဘုရားပွဲဖြစ်သည်။ မြန်အောင်မြို့နယ်သည်အောက်မြန်မာပြည်နှင့် အလယ်ပိုင်းတို့ ဆက်သွယ်ရေးတွင် ရေကြောင်း၊ ကုန်းကြောင်း​ဖြင့် အရေးပါလျက်ရှိသည်။ ၁၉၆၄ ခုနှစ်တွင် မြန်အောင်မြို့နယ် အတွင်း၌ ရေနံတူးဖော် တွေ့ရှိသဖြင့် တွင်ကျယ်စွာ လုပ်ကိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ ၁၉၆၃ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ မြန်အောင်မြို့တွင် လူဦးရေ ၁၂၁၂၆ ယောက်ရှိလေသည်။

[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.