ညောင်တုန်းမြို့
ညောင်တုန်းမြို့သည် မအူပင်ခရိုင်၊ ညောင်တုန်းနယ်အပိုင်၊ ညောင်တုန်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာအရပ်တွင် တည်ရှိ၍၊ မအူပင်မြို့၏ မြောက် ဘက်ကျသည်။ ညောင်တုန်းမြို့နယ်အပိုင်တွင် ညောင်တုန်းမြို့ နယ်နှင့် ဓနုဖြူမြို့နယ်တို့ ပါဝင်သည်။ ညောင်တုန်းမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၃၁ မိုင်မျှ ရှိသည်။ ၁၉၅၃ ခုနှစ် သန်ကောင်စာရင်းအရ လူဦးရေ ၁၅၂၄၅ယောက် ရှိသည်။
မူလက ညောင်တုန်းသည် အိမ်ခြေ ၁ဝဝ မျှသာရှိသော ရွာဖြစ်သည်။ ညောင်တုန်းနှင့်တစ်ဘက်ကမ်းဖြစ်သော ရန်ကင်း စံရာသည် ယခုအခါ ရွာပင်ဖြစ်နေသော်လည်း၊ ညောင်တုန်းမြို့ မစည်ကားစဉ်က မြစ်ကြောင်း ဆိပ်ကမ်းအဖြစ်ဖြင့် ထင်ရှားခဲ့ သည်။ ခရစ် ၁၈၅၂ ခုနှစ်လောက်တွင် ညောင်တုန်းမြို့နေရာ၌ အိမ်ခြေ ၁ဝဝ ရှိသော ရွာကလေးသာ ရှိသည်။ ထိုနောက် အင်္ဂလိပ်အစိုးရလက်ထက်တွင်မှ စည်ကားတိုးတက်လာသည်ဟု အမှတ်အသားရှိသည်။ ထိုခေတ်ကစ၍၊ အညာကုန်နှင့် အောက် ကုန် လဲလှယ်ရောင်းချရာ ဧရာဝတီဆိပ်ကမ်း မြို့ကြီးအဖြစ်သို့ တစ်စတစ်စ တိုးတက်လာခဲ့သည်။ အောက်ကုန်များမှာ အများ အားဖြင့် ငပိသာဖြစ်သောကြောင့် ညောင်တုန်းမြို့တွင် ငပိ လှောင်ခြင်း၊ ပြုပြင်ခြင်း၊ ရောင်းချခြင်းအလုပ်သည် များစွာ တွင်ကျယ်လာလေရာ၊ ညောင်တုန်းမြို့မှငပိထွက်သည်ဟု ဆိုစမှတ်ပြုကြသည်၊ အကယ်စင်စစ်ကား၊ ညောင်တုန်းမြို့၏ အဓိကထွက် ကုန်မှာ ငပိမဟုတ်ချေ။ ဆန်စပါးနှင့် ကိုင်းကုန် များဖြစ်သည်။ ငပိမှာ အောက်မြို့ကျေးရွာများမှ ညောင်တုန်းမြို့ သို့ မြန်မာနိုင်ငံအထက်ပိုင်းအတွက် ရောင်းချစေရန်တင်ပို့သော ကုန်စည်ဖြစ်သည်။
ညောင်တုန်းမြို့ကျွန်းထိပ်ရပ်သည် ငပိအရောင်းအဝယ်ဖြင့် စည်ကားသော ရပ်ကွက်ဖြစ်ခဲ့သည်။ သို့ရာတွင် ၁၉၂ဝ ပြည့် နှစ်လွန်လာသောအခါ၊ ညောင်တုန်းမြစ်ဆိပ်၌ သောင်ထွန်းလာ သောကြောင့် ဧရာဝတီမီးသင်္ဘော မကပ်နိုင်ဖြစ်ခဲ့သည်။ ဤသို့ လျှင် တစ်စတစ်စဖြင့် ဆိပ်ကမ်းနေရာကော၍သွားခြင်းကြောင့်၊ ညောင်တုန်းမြို့၏ ငပိ အရောင်းအဝယ်လုပ်ငန်းသည်လည်း ဆုတ်ယုတ်သွားခဲ့လေသည်။ သို့သော် ထိုလုပ်ငန်းမှာ အစဉ် အလာအားဖြင့် ယနေ့တိုင် အနည်းငယ်ကျန်ရစ်သေးသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)