ကျောင်းကုန်းမြို့
ကျောင်းကုန်းမြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ပါဝင်သော [[ကျောင်းကုန်းမြို့နယ်] ဖြစ်သည်။ မီးရထားလမ်းမြို့တစ်မြို့ မဟုတ်ငြားသော်လည်း ပုသိမ်မြို့နှင့် ဟင်္သာတမြို့များသို့ အသုတ်မြို့မှ တစ်ဆင့် မီးရထားလမ်း ပေါက်သည်။ ပုသိမ်မြို့ နှင့် ရေကြောင်းသင်္ဘောလမ်းလည်း ဆက်သွယ်လျက် ရှိသည်။ မော်တော်ကားလမ်းအားဖြင့်မူ ဟင်္သာတမြို့မှ ကျောင်းကုန်းမြို့သို့ မိုင် ၆ဝ ခန့် ဝေး၍ ကျုံပျော်မြို့ ၊ ရေကြည်မြို့ ၊ အသုတ်မြို့ များကို ဖြတ်သန်းသွားရသည်။ ကုန်လမ်း ရေလမ်း ရှိသည့်ပြင် ဆန်စပါးအမြောက်အမြားထွက်ရာ ဒေသဖြစ်သည့် အလျောက်၊ ကျောင်းကုန်းမြို့သည် တစ်နေ့တခြား စည်ကား တိုးတက်လျက် ရှိလေသည်။
ကျောင်းကုန်းမြို့ | |
---|---|
မြို့ | |
ကျောင်းကုန်းမြို့ | |
ကိုဩဒိနိတ်: 17°06′28″N 95°11′25″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ဧရာဝတီတိုင်းဒေသကြီး |
ခရိုင် | ပုသိမ်ခရိုင် |
မြို့နယ် | ကျောင်းကုန်းမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျောင်းကုန်းမြို့ကို ဒကချောင်းက တောင်နှင့်မြောက် ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ ချောင်း၏ လက်ဝဲဖက်ကမ်း မှာ စည်ကားရာမြို့၏ အချက်အခြာ ရပ်ကွက်ဖြစ်သည်။ လက်ယာဘက်ကမ်းတွင် တရုတ်ကုန်း ရပ်ကွက်ရှိ၍ လက်ဝဲ ဘက်ကမ်းကဲ့သို့ မစည်ကားချေ။ မြို့၏အလျားမှာ ၁ မိုင်ခန့် ရှိ၍ အနံမှာ ၃ ဖာလုံခန့် ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင် စာရင်းအရ ကျောင်းကုန်းမြို့တွင် လူဦးရေ ၄၃၈၄ ယောက် ရှိသည်။ မြို့၏မြောက်ဖက်တွင် မြောက်ပိုင်းဘုရားဟု ထင်ရှား သော မိုးကောင်းဘုရားနှင့် စဉ့်ကူးဗိုလ်တည်ထားခဲ့သည်ဆိုသော ဘုရားတစ်ဆူရှိသည်။ တောင်ပိုင်းတွင် ပြည်လုံးချမ်းသာဟု ထင်ရှားသော ဘုရားဆင်းတုတော်တစ်ဆူ ရှိသည်။ မိုးကောင်း ဘုရားနှင့် ပြည်လုံးချမ်းသာဘုရားပွဲတော်များကို နှစ်စဉ် တန်ဆောင်မုန်းလအတွင်းတွင် ကျင်းပလေ့ရှိသည်။ မြောက်ပိုင်း ဘုရားပွဲတော် ကျင်းပစဉ်တွင် မိုးရွာသွန်းလေ့ရှိသဖြင့် ထိုဘုရား ကို မိုးကောင်းဘုရားဟု ခေါ်ကြသည်။ ကျောင်းကုန်းမြို့ တောင်ဖက် ၂ မိုင်ခန့်အကွာ ရေကလုပ်ရွာတွင် ရေကလုပ် ဘုရားဟု ထင်ရှားသော ရှေးဟောင်းဘုရားတစ်ဆူ ရှိသည်။ ထိုဘုရားကို ပုသိမ်ဘုရင် သမုဒ္ဒဃောသ၏ မိဖုရား ဥမ္မာဒန္တီ တည်ထားခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
ကျောင်းကုန်းမြို့နယ်တွင် သူကြီးပိုင် ၆ဝ ခန့် ပါဝင်၍ ရေတက်ရေကျရှိသော ချောင်းငယ်မြောင်းငယ်များ ကွန်ချာ သဖွယ် ဖြတ်သန်းစီးဆင်းလျက်ရှိသဖြင့် မြေဩဇာ အလွန် ကောင်းမွန်သည်။ ထို့ကြောင့် ဤမြို့နယ်သည် ပုသိမ်ခရိုင်၌ ဆန်စပါးအထွက်ဆုံး မြို့နယ် ဖြစ်သည်။ နှစ်စဉ် စပါးတန်ချိန် ၁၅ဝဝဝဝဝ ခန့် ထွက်သည်။ ပြုတ်ဆန်ကောင်းကောင်း ထွက်သော မြို့နယ်လည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီက စတီးဘရားသား၊ အေ ဘီ စီ၊ စသော နိုင်ငံခြားကုမ္ပဏီကြီးများက အဝယ်ဒိုင်များ ဖွင့်လှစ်ထားခဲ့သည် သာမက အိန္ဒိယနိုင်ငံမှ ဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီကြီး ၅ ခု၏ ကိုယ်စားလှယ်များ တိုက်ရိုက်စေလွှတ်ကာ ဆန်စပါးများ ဝယ်ယူစုဆောင်းခဲ့သည်။ ကျောင်းကုန်းမြို့တွင် ဆန်စက် ၈ လုံး ရှိ၍ ဆန်စပါးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်း သူ ပေါများသည်။ ကျောင်းကုန်းမြို့ အနီးအနားတွင် ငှက်ပျော နှင့် ပြောင်းဖူးများကိုလည်း အသင့်အတင့် စိုက်ပျိုးလုပ်ကိုင်ကြ လေသည်။
ကျောင်းကုန်းမြို့ပေါ်တွင် အထက်တန်းကျောင်း၊ ဆေးရုံနှင့် စာပို့တိုက်များရှိသည့်အပြင် မိခင်နှင့်ကလေးများ စောင့်ရှောက် ရေးအဖွဲ့ တစ်ခုလည်း ရှိသည်။ ပြည်တော်သာစီမံကိန်းအရ ကျောင်းကုန်းမြို့ သင်္ဘော ဆိပ်ဘောတံတားကို အသစ်ပြုလုပ် ပြီးစီးသည့်အပြင် အဝီစိတွင်းများလည်း တူးလျက်ရှိသည်။ မြို့ပေါ်တွင် ဦးပေသီးအထိမ်းအမှတ် စာကြည့်တိုက် ပိဋကတ် တိုက်အမည်ဖြင့် စာကြည့်တိုက်တစ်ခုရှိခဲ့ရာ ယင်းမှာ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ဦးပေသီး၏သားမြေးများက ထိုပုဂ္ဂိုလ်ကြီးကို ရည်စူး၍ လှူဒါန်းထားသော အခမဲ့စာကြည့်တိုက် ဖြစ်သည်။
မြို့ပေါ်တွင် နေထိုင်သူတို့မှာ ဗုဒ္ဓအယူဝါဒီ ဗမာအများ ဆုံး ဖြစ်၍ ဗမာမွတ်စလင် အတော်အသင့် ရှိသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)