ဝါးခယ်မမြို့

ဝါးခယ်မမြို့သည် ဧရာဝတီတိုင်းမြောင်းမြခရိုင် အတွင်းတည်ရှိ၍ ဝါးခယ်မခရိုင်ခွဲ၏ ရုံးစိုက်မြို့ဖြစ်သည်။ ဝါးခယ်မခရိုင်ခွဲတွင် ပါဝင်သော အခြားမြို့နယ်တစ်ခုမှာ မော်လမြိုင်ကျွန်းမြို့နယ် ဖြစ်သည်။ ဧရာဝတီမြစ်၏ မြစ်ခွဲများဖြစ်ကြသော ရွှေလောင်းမြစ်နှင့် ပြန်မလော့မြစ်တို့ကို ဆက်သွယ်ထားသည့် အလျား ၂၃ မိုင် ရှိသော ဝါးခယ်မမြစ်၏ ကမ်းပါးပေါ်၌ မြို့တည်ထားလေသည်။

အမည်ဆင်းသတ်လာပုံနှင့် သမိုင်း

မြန် မာ့စွယ်စုံကျမ်း အမှတ် ၁၂ တွင်မူ ဝါးခယ်မ ဟူသောအမည်သည် ဝါးကြုယ်မ ဟူသောစကားလုံး မှ ရွေ့လျားလာခြင်း ဖြစ်ပြီး အဓိပ္ပါယ် ဝါး = ကွင်း ကြုယ်= မျိုးစေ. ထို့ကြောင့် မျိုးစေ့များကြဲချစိုက်ပျိုးရာကွင်း ဖြစ်ပါသည်ဟု ရေးသားပါသည်။


စာဆိုတော် ဦးလူငယ်၏ ကုမာရန္တီ လင်္ကာတွင်မူ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ဝါးခယ်မမြို့နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခ၀တီ မြို့ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ဝါးခယ်မ ကဝဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ဝါးခယ်မမြို့တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ဝါးတောကြီးများ အကူအညီကြောင့် သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင် ခြင်း ကိုအကြောင်းပြုပြီး ဝါးပင်များ ကယ်မသောနေရာ ဝါးကယ်မ ထိုမှ ဝါးခယ်မ ဖြစ်လာသည်ဟု ပါရှိပါသည်။(ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်း၀မြို့တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို့သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည်)


သို့ရာတွင် ဦးသိန်းဝင်း ပြုစုသော သော်ကစေတီတော်သမိုင်း စာအုပ်တွင်မူ သမုဒ္ဒဃောသ မင်းတို့ မုခ၀တီ မြို့တည် နန်းစံခဲ့သည် ကိုလက်မခံပါ။ သူကထောက်ပြသည်မှာ ထိုမင်းနှင့် မိဖုရား လက်ထက်တွင် တိုးတက်စည်ကားခဲ့သော ပုသိမ် ၃၂ မြို့ စာရင်းတွင် မုက္ခ၀တီမြို့ ဟူ၍ မပါပါ။ ပုသိမ်ရာဇဝင် စာမျက်နှာ ၉၁ မှ ၉၈ တွင်ပါသော ပုသိမ် ၃၂ မြို့ စာရင်းတွင် အမှတ်စဉ် (၇) ကျိုက်အမွန်- ဆိပ်ကြီး- ကျိုက်ပွန်မြို့ - မြောင်းမြမြို့ ဟုလည်းကောင်းအမှတ်စဉ် ၂၉ တွင် ကျိုက်တည် မုဠော - သမြင်တုံမြို့ - ပန်းတနော်ဟု လည်းကောင်းပါပါသည်။ မုက္ခ၀တီသည် အမှန်မြို့ဖြစ်ခဲ့ပါက ဤ စာရင်းတွင်ပါရမည်ဖြစ်ပါသည်။ ဖြစ်နိုင်သည်က ထိုမင်းမိဖုရား နှစ်ပါးတို့ မြောင်းမြနှင့် ပန်းတနော်မြို့များသို့ ကူးလူး သွားလာခိုက် သရွတ်မြိုက် ဒေသအရောက် ရွှေစာရံနှင့် ရွှေစာပျံစေတီများ တည်ခိုက်ယာယီစံနန်းဖြင့် စံမြန်းခဲ့ခြင်းသာဖြစ်နိုင်သည် ဟူသောအယူအဆကလည်း လက်ခံနိုင်ဖွယ်ရာပင်။ ထို့မှအနားတဝိုက်လှည့်လည်ခိုက် သော်ကပန်းမြေခသောနေရာတွင် သော်ကစေတီတော် တည်ခြင်း ဟင်းချက်ကောင်းသောဒေသဖြစ်သဖြင့် ထော်ကနွတ် (ရွှေယောင်းမ )အမည်တွင်စေခြင်း တို့ကလည်း အထောက်အထားများပင်။ ထိုအထောက်အထားများအရ မင်းမိဘုရားနှစ်ပါးတို့ စေတီတည်ချိန် ဝါးခယ်မဝန်းကျင်ရောက်ချိန်က မြန်မာသက္ကရာဇ် ၆၃၀ နှင့် ၆၄၀ ကြားဟု ခန့်မှန်းပါသည်။


မြို့၏ သမိုင်းစဉ်အရ မြို့တစ်ဖက်ကမ်း ထော်ကနွတ် ရပ်ကွက်အနီး ကျေးရွာများတွင် မွန်လူမျိုးများနေထိုင်ခဲ့ရာ ဘုရင်နှင့် မိဖုရားတို့သည် မုခ၀တီနန်းမြို့မှ ထိုဒေသသို့ ရောက်ရှိခိုက် အချက်အပြုတ်ကောင်းမွန်လှသော ရွာသူရွာသားများ၏ ပြုစုမှုကြောင့် ထော် (ရွှေ)ကနွတ် (ယောင်းမ) မှ ယခုလက်ရှိ ထော်ကနွတ် ယခုလက်ရှိနာမည်ရရှိလာခြင်းဖြစ်သလို ဘုရင်ရောက်ရှိနေခိုက် အထက်အညာစလေရပ်မှ လှေကြီးများ စုန်ဆင်းလာပြီး ပြောင်းရွှေ့ရောက်ရှိလာခြင်းကို ဟိုဝါးပင်အောက်က ဘယ်သူတွေလဲ ဟုမေးမြန်းရာ ဝါးပင်အောက်က ခ မ (မြန်မာ ) တွေပါ ဟုပြောရာမှ ဝါးခယ်မဖြစ်လာခြင်းဟာလည်းဆိုကြသည်။ ထို့အပြင် ယခုလက်ရှိ ထော်ကနွတ် အရပ်ရှိ မွန်တို့ကတစ်ဖက်ကမ်းတွင် ဗမာလူမျိုးများ နေထိုင်ကြသည်ကို ဗမာစု မွန်ဘာသာဖြင့် ဝိုင်းခမိုင်း ထိုမှ ဝေါခမော နောက်ဆုံး ဝါးခယ်မဖြစ်လာရသည်ဟု လည်းတွေ့ရှိရပါသည်။

ရှေး လူကြီးများ၏ အပြောအရမူ ဝါးခယ်မသည် စလေသား ဆင်ဖြူကျွန်းသား အများစု ပါသောအညာသူ အညာသားများ စုပေါင်းနေထိုင်ခဲ့သောမြို့ဖြစ်ကြောင်း ဌာနေများက ဗမာများ နေထိုင်ရာဖြစ်၍ ဗမာ့ကွင်း ဟု မွန်ဘာသာဖြင့်ခေါ်ရာမှ ဝါးခယ်မ ဖြစ်လာကြောင်း ယခင်က ဆင်ဖြူကျွန်းပိုင်း စလေပိုင်း (ယခုမြသိန်းတန်) ပွဲစားတန်း မင်းပိုင်း လှေကျင်းကုန်း ဟုခွဲခြား ထားခဲ့ကြကြောင်း ထိုစဉ်က ဝါးခယ်မတွင် အိမ်ခြေ ၁၀၀၀ မပြည့်၍ မြူနီစပယ် အဖွဲ့ မဖွဲ့နိုင်သဖြင့် ထော်ကနွတ် ရွာသစ် တရုတ်တန်း သော်က စသည်တို့ကို မြို့နယ် နယ်နမိတ်အတွင်း သွတ်သွင်း ခဲ့ရကြောင်း ဝါးခယ်မမြို့သည် မြောင်းမြ ခရိုင်အတွင်း အလည်ဗဟိုဖြစ်၍ ဒီစတြိတ် မြို့သတ်မှတ်၍ အရေးပိုင် ရုံးစိုက်ဖူးကြောင်း ထောင်ပိုင်ဆရာဝန် ပြောင်းလာသောအခါ ရေတွင်း ရေကန်ကောင်းကောင်း မရှိ မြေနိမ့် မြေပျော့ဖြစ်၍ ခရိုင်ရုံး ထောင်စသည်တို့ပြုလုပ်ရန် မဖြစ်ကြောင်း တင်ပြ ငြင်းဆိုသဖြင့် မြောင်းမြကို ခရိုင်ရုံးစိုက်ရာ မြို့အဖြစ် ပြောင်းရွေ့ခဲ့ရကြောင်း မှတ်သားရပါသည်။

ပိနန်ဆရာတော်ကြီး ဦးပညာဝံသ ကမူ လွန်ခဲ့သော နှစ် ၂၀၀ နီးပါးက မြစ်၀ကျွန်းပေါ်ဒေသတွင် မူရင်းနေထိုင်သူအလွန်နည်းပါးကြောင်း ဆင် ကျား မျောက် ငှက် သားရဲ တိရစ္ဆာန် များကျက်စားနေထိုင်သော သစ်ဝါးနွယ် ကြိမ်ပင်များ ပေါများသည်. တောနက်များသာဖြစ်ကြောင်း နေရာအနှံ့အပြားမှ လူများ လာရောက်အခြေချ နေထိုင်ရာမှ ကျေးရွာ ကြီးများအဖြစ်ပြောင်းလဲလာကြောင်း ထိုစဉ်က ကူးသန်းရောင်းဝယ်ရာ အချက်အခြာ မြို့မှာ ရွှေလောင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ကမ်းမြေပြိုခြင်းတို့ကြောင့် ဝါးခယ်မတည်ရာသို့ ရွေ့ပြောင်း၍ မြို့တည်ကြောင်း ဆိုပါသည်။ စာပေကျမ်းဂန်နှံ့စပ်လှသော ဟင်္သာတ မြစ်ကွေ့တိုက်ဆရာတော်က အမျိုးသား ပညာဝန် ဦးဖိုးကျားထံ မြို့အမည်နှင့်ပတ်သက်၍ ဝါးဟဲ့ခယ်မ ကိုလည်းကောင်း ဝါးရုံနှင့် ခဲပြား ခဲမ များ ရှိသည် နှင့်လည်းကောင်း ဆက်စပ်မှု ရှိ/ မရှိ၁၂၉၉နတ်တော်လပြည်.ကျော်၆ ရက် (၁၉၃၇ ခန်.)က စာရေး မေးမြန်းရာ ဦးဖိုးကျားက ၂၉ .၁၂ . ၁၉၃၇ ရက်စွဲဖြင့် ဝါးခယ်မဟာ မွန်စကားရင်း ဖြစ်ဟန်ရှိပါသည်။ မြန်မာသံနှင့် ကြံတော်မမူပါနှင့် ဘုရားဟု ပြန်လည်ဖြေကြား လျှောက်ထား ဖူးကြောင်းလဲ မှတ်သားရပါသည်။

ဝါးခယ်မသမိုင်း၏ အထောက်အထားတစ်ခုဖြစ်သော ကုမာရန္တီလင်္ကာ

မွန်တို့မင်းမျိုး အောက်မြန်စိုးတွင်

မြတ်နိုးနီးဝေး ပုသိမ်ပြေးဟု

ဘုန်းမွှေးကျော်ဇော တံခိုးပြောသား

သမုဒ္ဒဃောသ မင်းရာဇနှင့်

ကုမာရန္တီ ခေါ်သမည်ဖြင့်

ပသီမင်းသမီး ရှုမငြီးသည်

လှထီးနတ်မျှ ဥမ္မာဒတို့

မုခ၀တီ နန်းသိင်္ဂီမှ

ရွှေညီ ဝန်းခ ဖောင်တော်ကြွ၍

ရွှင်ပြချိုကြည် ကြွကာလည်တွင်

မျှော်ရည်နိဗ္ဗာန် ဥမ္မာဒန်၏

ဓိဌာန်တရာ ရှစ်ခုသာတည့်

ဗုဒ္ဓတည်မှု အကြောင်းပြုလျှက်

ပံသုကေမှ ပန်းသော်ကလည်း

လေခမြေတက် ပျံကာတက်ကြောင့်

လှမြတ်နတ်တူ တည်တော်မူသည်

မဉ္ဓူသော်က မြတ်ဗုဒ္ဓကို

ထိုလင်္ကာ ကိုအစအဆုံးရှာဖွေတွေ့ရှိခြင်းမဟုတ်ပဲ စာရေးဆရာကြီးသတိုးသောင်းဖော်ထုတ်ခဲ့သော အပိုင်းအစတစ်ရပ်အဖြစ်သာတွေ့ရပါသည်။ စာဆိုဦးလူငယ်ဆိုသည်မှာ သီပေါမင်း၏ ကျောက်ရစ်စင်တော်ကြီး၏ စာဆိုတော်ဟုသိရပါသည်။

တည်နေရာနှင့် အကျယ်အဝန်း

ဧရာဝတီမြစ်ဝကျွန်းပေါ် မြို့တစ်မြို့ဖြစ်သဖြင့် တည်ရာအရပ်သည် ပြန့်ဖြူးသော မြေနိမ့်ဒေသဖြစ်သည်။ ဝါးခယ်မမြို့သည် ဧရာ၀တီတိုင်း ဒေသကြီး ၏ ခရိုင် ၆ ခု(နာဂစ်မတိုင်မှီက ၅ ခု) အနက် မြောင်းမြခရိုင်အတွင်းတွင် ပါဝင်ပြီး မြို့နယ်အဆင့်ရှိ မြို့တစ်ခုဖြစ်ပါသည်။ မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၀၆ မိနစ် မှ ၁၈ ဒီဂရီ ၅၀ မိနစ်အတွင်း အရှေ.လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၁ မိနစ်မှ ၉၅ ဒီဂရီ ၃၀ မိနစ် အတွင်း တည်ရှိပါသည်။မြောက်ဘက်နှင့် အရှေ့မြောက် ဘက်တွင် ပန်းတနော်မြို့နယ်နှင့် မအူပင်မြို့နယ် အရှေ့ဘက်တွင် ကျိုက်လတ်မြို့နယ် အရှေ့ တောင်ဘက်တွင် မော်လမြိုင်ကျွန်း မြို့နယ် တောင်ဘက်တွင် လပွတ္တာ မြို့နယ် အနောက်ဘက်တွင် မြောင်းမြမြိုနယ် အနောက်မြောက်ဘက်တွင် အိမ်မဲမြို့နယ်တို့ ရှိပါသည်။ မြို့၏အကျယ်အဝန်းမှာ ၁ဝ၈၉ ဧက (စတုရန်းမိုင် ၄၂ဝ ခန့်) ဖြစ်၍ အလျားမှာ နှစ်မိုင်၊ အနံမှာ အနောက်ဘက်၌ တစ်မိုင်ရှိ၍ အရှေ့ဘက်၌ ခြောက်ဖာလုံရှိရှိ၍ ကျေးရွာအုပ်စုပေါင်း ၁၃၅ ရှိသည်။ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းထိ ၄၄ မိုင်ခန့်ရှိပြီး အရှေ့ ဘက်စွန်းမှ အနောက်ဘက်စွန်းထိ ၁၉ မိုင်ခန့် ရှိပါသည်။ မြန်မာ လူမျိုးနှင့် ကရင်လူမျိုးများ အများဆုံးနေထိုင်လျှက်ရှိပြီး ၁၉၈၄ ခုနှစ်တွင် လူဦးရေ ၂၄၃၀၄၈ ရှိ ကာ ယခုအခါ လူဦးရေ စုစုပေါင်း ၃၉၄၉၂၅ ဦး နေထိုင်လျှက်ရှိပါသည်။ အပူပိုင်း မုတ်သုန်ရာသီဥတု ကို ခံစားရပါသည်။


မြို့၏စည်ပင်သာယာရေးကို မြူနီစီပယ်အဖွဲ့က ဆောင်ရွက်သည်။ မြို့ပေါ်ရှိ အစိုးရအဆောက်အအုံများမှာ နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲစခန်း၊ စာတိုက်နှင့် ကြေးနန်းဌာန၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ သစ်တောအကောက်ဌာန၊ ဆေးရုံ စသည်တို့ဖြစ်၍ အစိုးရအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်းနှင့် မူလတန်းကျောင်း ခုနစ်ကျောင်းလည်း ရှိလေသည်။

လူဦးရေ

အရောင်းအဝယ်စည်ကားသော မြို့ ဖြစ်၍ မြို့ပေါ်ရှိ လူဦးရေမှာ (၁၉၇၁-ခုနှစ်) ၂၁၆,ဝဝဝ ယောက်ဖြစ်၍ ဗုဒ္ဓဝါဒီ မြန်မာလူမျိုးတို့သည် အများစုဖြစ်သည်။ မြို့ပေါ်နေ ပြည်ထောင်စုတိုင်းရင်းသားများထဲမှ ဒုတိယအများဆုံးသည် ကရင်လူမျိုးဖြစ်သည်။ မြို့နေ တိုင်းတစ်ပါးသားများတွင် တရုတ်အမျိုးသားသည် အများဆုံးဖြစ်၍ ဒုတိယအများဆုံးသည် အိန္ဒိယ တိုင်းရင်းသားများဖြစ်ကြလေသည်။

ဘာသာရေး

မြို့၏ ကျက်သရေဆောင် သာသနိကအဆောက်အအုံများအနက် သကျမဟာသီရိ ရုပ်ပွားတော်ကြီးသည် အဓိကရဖြစ်၍ ယင်းဆင်းတုတော်ကြီးကို နှစ်သစ်ကူးချိန်တွင်တစ်ခါ၊ သီတင်းကျွတ်တွင်တစ်ကြိမ် တခမ်းတနား ရောင်တော်ဖွင့်ပွဲကျင်းပလေ့ရှိကြသည်။ ဝါးခယ်မမြို့ တစ်ဖက်ကမ်းရှိ သော်ကစေတီကို နှစ်စဉ် တပေါင်းလပြည့်၌ စည်ကားသိုက်မြိုက်စွာ ပွဲတော် ကျင်းပသည်။ မြို့ပေါ်နှင့် ဆင်ခြေဖုံးတွင် ဘုန်းကြီးကျောင်းပေါင်း ၃ဝ ကျော်ရှိ၍ သာသနာ့ရိပ်သာနှင့် ဟံသာဝတီရိပ်သာ အမည်ရှိ ကမ္မဋ္ဌာန်း ရိပ်သာနှစ်ခုလည်းရှိလေသည်။

စီးပွားရေး

မြို့နယ်လူထု၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးခြင်း ဖြစ်သည်။ မြေနုကျွန်းပေါ်ဒေသဖြစ်သည့်ပြင် မိုးလည်းကောင်စွာရရှိသဖြင့် ဝါးခယ်မမြို့နယ်မှ ဆန်စပါး အထွက်ကောင်းသည်။ ဆန်စပါးကို အဓိက စိုက်ပျိုးကြ၍ မြေပဲနှင့် ဂုံလျှော်ကိုလည်း အများအပြား စိုက်ပျိုးလုပ်ကိုင်ကြသည်။ ၁၉၆၅-၆၆ ခုနှစ် မြေပဒေသာစီမံကိန်းအရ စပါး၊ မြေပဲ၊ ဂုံလျှော်၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန် စသည်တို့အပါအဝင် လယ်ယာကိုင်းကျွန်းသီးနှံ ၁၇ မျိုးအတွက် ဧကပေါင်း ၁၈၄,၈ဝဝ စိုက်ပျိုးလုပ်ကိုင်ရန် လျာထားသည်။ ဆိုခဲ့သော စိုက်ပျိုးမည့် ဧကများအနက် စပါးအမျိုးမျိုး အတွက် ဧက ၁၆၃,ဝဝဝ၊ မြေပဲအတွက် ၄,၉ဝ၁ ဧက၊ ဂုံလျှော်အတွက်ဧက ၁၁,၂၅ဝ ဟူ၍ သီးသန့်ထားလေသည်။ ဝါးခယ်မမြို့ပေါ်နှင့် ဆင်ခြေဖုံးတွင် ဆန်စက် ၁ဝ လုံးခန့်ရှိသည်။ ထို့ပြင် နယ်သုံးအတွက် ဆီစက်နှစ်စက်နှင့် သစ်စက်လည်းရှိပေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  1. ပါရဂူ - ပြည်သူ့စစ်အောင်ပွဲ လက်ကမ်းစာစောင်
  2. ဦးသိန်းဝင်း (အခွန်ဦးစီးအရာရှိ) - ပြည်လုံးချမ်းသာ သော်ကစေတီတော်မြတ်ကြီးသမိုင်းစာအုပ်
  3. ဒေါ်အေးကြော၊ ခင်ကိန္နရီတိုးတို့၏ ရွှေရတု မဂ္ဂဇင်းပါ ဆောင်းပါးများ.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.