ငတပါး​မင်း​

သာသနာတော်သက္ကရာဇ် ၄၃၃ ခု "ပထမ သရေခေတ္တရာမင်းဆက်တွင် (သာသနာနှစ်-၄၄၆) (BC-98)ဟု ဖော်ပြသည်။" တွင် ငတပါးမင်း ဖြစ်တော်မူ၏။ ငတပါးမင်း အကြောင်းကား ထိုပြည်တွင်နေသော သူတစ်ယောက်သည် မိမိသားကို ဆရာရဟန်းထံအပ်၍ ငယ်စဉ်ကပင် သာမဏေပြုစေ၏။ ဆရာလည်း သနားတော်မူ၍ ပိဋကတ်၊ ဗေဒင်တို့ကို တတ်အောင်သင်ပေး၏။ ထိုသာမဏေလည်း ဆရာအား သိမ်မွေ့စွာ လုပ်ကျွေးပြုစု၏။ တစ်နေ့၌ ဆရာမွေးသော ကြက်ဖသည် အခါခပ်သိမ်း တွန်သမျှမှာ ’ငါ့ဦးခေါင်းစား ငတပါးမင်း ဖြစ်လတ္တံ’ ဟူ၍သာတွန်စမတ်ပြုသဖြင့် ယင်းတိရစ္ဆာန်ဖြစ်လျက် ဤသို့ဖြစ် အခြင်းအရာကို တွန်သည်ဟူ၍ နှလုံးထားပြီးသော် ရှင်သူငယ်ကိုခေါ်၍- “မောင်ရှင်ငယ်၊ ဤကြက်သည် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို တွန်သည်ဖြစ်သောကြောင့် ဤကြက်ကို ချက်ပြုတ်၍ ငါ့ကိုကပ်လော့” ဟု မိန့်တော်မူ၏။


မောင်ရှင်ငယ်လည်း ဆရာဆိုသည့်အတိုင်း ချက်ပြုတ်ပြီးလေ၏။ ထိုသို့ ချက်ပြုတ်ပြီးသောအခါ ကြက်ကို အိုးကဆယ်ယူရာတွင် ကြက်ဦးခေါင်း မီးဖို၌ ပြုတ်ကျလေသည်။ ရှင်သူငယ်လည်း မသန့်ပြီဟု ယူဆ၍ ဆရာတော်အား မကပ်တော့ဘဲ ကြက်ဦးခေါင်းကို ဆေးကြော၍ စားလေသည်။ ဆရာတော်သည် ကြက်ဦးခေါင်း မပါ၍ မေးလေသော် ဆယ်ရာတွင် ပြုတ်ကျ၍ မသန့်သောကြောင့် မထည့်ဘဲ ကျွန်ုပ်စားလိုက်သည် ဆိုလျှင် ဆရာလည်း ၎င်းကြက်ဖတွန်သည် မှန်၊ မမှန်ကို သိလိုသောကြောင့် တပည့်ရှင်ငယ်ကို အထူးထူးသော ဓမ္မဝတ်၊ ရာဇဝတ်တို့ကို တတ်အောင်သွန်သင်ပြီးမှ လူထွက်စေသည်။ ထို့နောက် စစ်သူကြီးထံ အပ်နှံသည်။ အမတ်စစ်သူကြီးလည်း ထိုသူငယ်ကို သားပြုလေသည်။ ထိုသူငယ်လည်း အရောင်အဆင်း၊ ဘုန်းပညာလက္ခဏာ ကြီးငယ်ပြည့်စုံသည်ဖြစ်၍ ထိုသူနှင့်ထိုက်တန်သော အဆင်တန်ဆာတို့ကို ဆင်စေသည်။ ထို့နောက်သွားလေရာ မပြတ်ခေါ်၍ သွားလေသည်။


တစ်နေ့၌ မင်း၏နန်းတော်သို့ ခေါ်၍သွားလေရာ သီရိရာဇ်မင်းကြီးလည်း ထိုသူငယ်အမူအကျင့် ကျစ်လျစ်၍ မင်းခွင်စိုးရာနှင့် ပြည့်စုံသည်ကို မြင်တော်မူလေရာ အလွန်နှစ်သက်တော် မူသည်ဖြစ်၍ ၎င်းတွင်လည်း သားတော်မရှိသည်နှင့် စစ်သူကြီးထံတောင်း၍ သားတော်ပြုလေသည်။ ထိုသူငယ်လည်း ထိုအချိန်မှစ၍ မင်းတကာတို့ ကျင့်စဉ်တရားတို့ကိုလည်းကောင်း၊ ပြည်ထဲအရေး၌ ကွပ်ညှပ်စီရင်ရသော အမှုတို့ကိုလည်းကောင်း အလွန်လျှင် တတ်သိလိမ္မာ၏။ ခမည်းတော် မင်းကြီးကိုလည်းအလွန်ခယ ရိုသေစွာ လုပ်ကျွေးပြုစု၏။ မင်းစသော အမတ် ဗိုလ်ပါ ပြည်သူ လူရဟန်းတို့သည်လည်း လွန်စွာချစ်နှစ်လိုလား ကုန်၏။ မင်းကြီးလည်း ထိုသူငယ်အား အိမ်ရှေ့အရာပေး၍ နန်းလျာထား၏။ ၎င်းသူငယ် အသက်(၁၅)နှစ်ရှိသောအခါ ခမည်းတော်မင်းကြီး လွန်လေသောကြောင့် ခမည်းတော်အရာ မင်းဖြစ်လေသည်။ ထိုမင်းကို ရာဇဝင်ဆရာတို့က ဒွတ်တပေါင်မင်းဆက်၏ အမျိုးအနွယ်မဟုတ်ဘဲ တစ်ပါးကမင်း ဖြစ်သောကြောင့် ’ငတပါးမင်း’ဟူ၍ ခေါ်တွင်ခဲ့ကြသည်။


ငတပါးမင်းသည် ရတနာသုံးပါး၌လည်း ရိုသေ၏။ ပညာရှိ ရဟန်းပုဏ္ဏားတို့နှင့် အမြဲတိုင်ပင်ဆွေးနွေး၏။ ပဥ္စသီ၊ အဋ္ဌဒသီ၊ ဒသသီ သီတင်းကိုလည်း မပြတ်ဆောက်တည်တော်မူ၏။ မင်းကျင့်တရား(၁၀)ပါး၊ မင်း၏သဂြိုဟ်ခြင်း (၄)ပါးနှင့်လည်းပြည့်စုံတော်မူ၏။ ပြည်သူတို့ကိုလည်း ရင်ဝယ်သားကဲ့သို့ သနားကြင်နာ လေးမြတ်တော်မူ၏။ ရဟန္တာမြတ်(၅၀ဝ)တို့ကိုလည်း မင်းဆရာဖြစ်၏။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟိရီ၊ ဩတ္တပ္ပ၊ ပညာတည်းဟူသော သူတော်ကောင်းတရား (၇)ပါးနှင့်လည်း ပြည့်စုံကုံလုံ၏။ ငတပါးမင်းသည် ’ရတနာပုထိုးကြီးဘုရား’ ကိုတည်တော်မူသည်။ ထိုဘုရားကြီးပြီး ရေစက်ချ သာဓုခေါ်သောအခါ မြေကြီးလှုပ်၏ ဟုဆိုသည်။ ငတပါးမင်းသည် အိမ်နိမ့်(၁၅)နှစ်၊ ရွှေနန်းစည်းစိမ်(၅၁)နှစ်၊ အသက်(၆၆)နှစ် သာသနာနှစ်(၄၈၄)ခုနှစ်တွင် နတ်ရွာစံခဲ့လေသည်။ ငတပါးမင်း၏ နံတော်ကား အင်္ဂါသားတည်း။ ထိုမင်း၏ မိဖုရားကား သီရိရာဇ်မင်းကြီး၏ သမီးတော်ဖြစ်ပြီး ပါပိရန်မင်းသား ထွန်းကားခဲ့သည်။ ပါပိရန်မင်းသားသည် ငတပါးမင်းမရှိလျှင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံတော် မူခဲ့သည်။

ကျမ်းကိုးစာရင်း

    • (က)ဆရာလွန်း၊မှန်နန်းရာဇဝင်တော်သစ်၊ရန်ကုန်၊ပြည်ကြီးမဏ်ဍိုင်ပိဋကတ်ပုံနှိပ်တိုက်၊ပကြိမ်၊၁၂၈၄ခုနှစ်၊စာ၂၁၊၂၁။
    • (ခ)ဟံသာဝတီဦးဘရင်၊မြန်မာရာဇဝင်မှတ်တမ်း၊ရန်ကုန်၊ကျော်ဦးစာပေ၊ပကြိမ်၊၁၉၆ဂခုနှစ်၊စာ-၅၆။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.