မော်လမြိုင်ကျွန်း

မော်လမြိုင်ကျွန်းမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးလပွတ္တာခရိုင် တွင် ပါဝင်သော မော်လမြိုင်ကျွန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြို့နယ် လူဦး ရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေ ၈၉,၅၉၃ ယောက်ခန့် ရှိသည်။ မော်လမြိုင်ကျွန်းမြို့ကို အရပ်ထဲ၌ မော်ကျွန်းဟု ခေါ်လေ့ရှိကြသည်။မော်လမြိုင်ကျွန်းမြို့သည် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခု ဖြစ်သော ရာဇူဒိုင်မြစ်နှင့် တုံးလဲချောင်းတို့ဆုံရာ ကျွန်းငယ် တစ်ခုပေါ်တွင် တည်ရှိသည်။ မြို့သည် အလျား ၂ မိုင်၊ အနံ ၁. ၅ မိုင်ခန့်ရှိ၍ ၁. ၂၂၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။

မော်လမြိုင်ကျွန်းမြို့
Mawlamyinegyun
Moulmeingyun
နာမည်ပြောင်(များ): မော်ကျွန်း
မော်လမြိုင်ကျွန်းမြို့
မော်လမြိုင်ကျွန်းမြို့တည်နေရာပြမြေပုံ(မြန်မာနိုင်ငံ)
ကိုဩဒိနိတ်: 16°23′N 95°16′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်လပွတ္တာခရိုင်
မြို့နယ်မော်လမြိုင်ကျွန်းမြို့နယ်
လူဦးရေ (၁၉၅၆)၈၉,၅၉၃
  လူမျိုးများဗမာကုလားဗမာကရင်
  ကိုးကွယ်ယုံကြည်မှုအစ္စလာမ်ခရစ်ယာန်ဗုဒ္ဓဘာသာ
အချိန်ဇုန်MST (UTC+6.30)

သမိုင်းကြောင်း

ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတွင် ပဲခူးနယ်ဟုခေါ်သော အောက်မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီဘဝရောက်ရှိခဲ့ရသည်။ အောက်မြန်မာနိုင်ငံတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ပါဝင်သည်။

ကိုလိုနီတစ်ခေတ်လုံး မော်လမြိုင်ကျွန်းမြို့သည် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်အတွင်း တည်ရှိခဲ့သည်။ သို့သော်လည်း ၁၈၅၂ခုနှစ်အချိန်က မော်လမြိုင်ကျွန်းမရှိသေးပေ။ ထိုအချိန်က မြို့နေရာတွင် သစ်လုပ်ငန်းလုပ်ကိုင်သူများ၊ ကြိမ်လုပ်ငန်းလုပ်ကိုင်သူများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ နေထိုင်ရာ တံငါရွာကလေးသာရှိပြီး ပတ်ဝန်းကျင်၌ ထူထပ်လှသော သစ်တောကြီးများသာ ရှိသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး ၂၈ နှစ်အကြာတွင်မှ မော်လမြိုင်ကျွန်းပေါ်ပေါက်လာခဲ့သည်။ ထိုသို့ပေါ်ပေါက်ခဲ့သောအချိန်ကား ၁၈၈၀ပြည့်နှစ်ဖြစ်သည်။ သို့သော် ထိုအချိန်ကမြို့အသွင်၊ မြို့အဆင့်သို့ ပီပီပြင်ပြင်ရောက်ရှိမလာခဲ့သေးပေ။

မြို့အသွင်သို့ ပီပီပြင်ပြင်မရောက်သေးသော်လည်းထိုအချိန်က မော်လမြိုင်ကျွန်းသည် အောက်မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော ဝန်ရှင်တော်မင်းကြီးရုံးစိုက်ရာ ရန်ကုန်မြို့ နှင့်လည်းကောင်း၊ မန္တလေးစာပို့သင်္ဘောကြီးဆိုက်ကပ်ရာ၊အညာကုန်များ ဖြန့်ဖြူးရာအထက်ဘက် ညောင်တုန်းမြို့နှင့်လည်း ကောင်း၊ မော်လမြိုင်ကျွန်းအောက်ဘက်လှိုင်းဘုန်းနှင့်လည်းကောင်း၊ အနောက်ဘက်ရှိ ခရိုင်ဝန်ရုံးစိုက်ရာ မြောင်းမြနှင့်လည်းကောင်း ရေကြောင်းခရီးဖြင့်ဆက်သွယ်သွားလာရန်လွယ်လည်းလွယ်ကူသည်။လမ်းဆုံလည်းကျသည်။သို့ဖြင့်အညာကုန်၊ အောက်ကုန်များရောင်းဝယ်စည်ကားလာခဲ့သည်။

ထို့ကြောင့် မြို့အသွင်သို့မရောက်ရှိသေးမီ ၁၈၉၅ခုနှစ်မှာပင် မော်လမြိုင်ကျွန်း၌ပထမဆုံးဈေးရုံကြီး(ယခုမြို့မဈေး) ကိုတည်ဆောက်ခဲ့သည်။ မော်လမြိုင်ကျွန်း၏အရှေ့ဘက်တွင် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သော ရာဇူဒိုင်မြစ်ရှိသည်။ မော်လမြိုင်ကျွန်းသည် ရာဇူဒိုင်မြစ်ကိုမျက်နှာမူကာ ရာဇူဒိုင်မြစ်နှင့်တုံးလှဲချောင်းဆုံရာ ကျွန်းထိပ်တွင်တည်ဆောက်ထားသောမြို့ဖြစ်သည်။ ရာဇူဒိုင်မြစ်ကိုမျက်နှာမူကာ တုံးလှဲချောင်းကိုထောင့်မှန်ထားပြီး မြောက်ဘက် (၁)လမ်းမှ တောင်ဘက် (၁၅)လမ်းထိအကွက်ရိုက်တည်ဆောက်ထားသောကြောင့် မြို့အနေအထားမှာ အကွက်အကွင်းကျသည်။ မြို့၏တောင်ဘက်စွန်းကျသော(၁၅)လမ်းမှာ တုံးလှဲချောင်းကမ်းနဖူးတွင် တုံးလှဲချောင်းနှင့် မျဉ်းပြိုင်ဖောက်လုပ်ထားသောလမ်း ဖြစ်သည်။

၁၈၉၉ခုနှစ်တွင် မော်လမြိုင်ကျွန်းသည် မြို့အသွင် မြို့အဆင့်သို့ ရောက်ရှိလာခဲ့သောလည်း မြို့နယ်အဆင့်ထိ သီးခြားဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ဝါးခယ်မမြို့နယ်နှင့် ပူးပေါင်းဖွဲ့စည်းနေရသော အဆင့်သာရှိသေးသည်။ ထို့နောက် ၁၉၀၃ ခုနှစ်ကျမှ သာလျင် မော်လမြိုင်ကျွန်းသည် ဝါးခယ်မမှ ခွဲထွက်ကာ သီးခြားမြို့နယ်တစ်နယ်အဖြစ် တည်ဆောက်ခဲ့သည်။ ထိုအချိန်က မြောင်းမြခရိုင်အတွင်း၌လည်း မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့် မော် လမြိုင်ကျွန်းဟူ၍ မြို့နယ်လေးခုသာရှိသေးသည်။ မြို့အသွင်သို့ ပီပီပြင်ပြင်ရောက်ရှိလာပြီးနောက် ၃နှစ်အကြာ ၁၉၀၁ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့၌ ကျေးရွာပေါင်း ၁၂၉ ရွာရှိလာသည်။ မြို့နယ်လုံးရှိ လူဦးရေမှာလည်း ၆၇၉၃၁ ယောက် ရှိလာသည်။ သို့သော် မြို့အသွင် မြို့အဆင့်သို့ ရောက်ရှိလာသည့်တိုင်အောင် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ လူဦးရေမှာကား ၁၇၈၂ ယောက်မျှသာ ရှိသေးသည်။

အမည်ရင်းမြစ်

မော်လမြိုင်ကျွန်းဟူသောအမည်မှာ ယခင်က မြို့တည်နေရာတွင် ဒေါင်းများနေထိုင်သည်ကိုအစွဲပြု၍ "မောရမြိုင်ကျွန်း" ဟုခေါ်ဆိုခဲ့ရာမှ ခေတ်ကာလရွေ့လျောရာတွင် မော်လမြိုင်ကျွန်းဖြစ်လာခဲ့သည်ဟု ဆိုကြသည်။

စီးပွားရေး

မြို့အဆင့်သို့ မရောက်ရှိသေးသည့် ၁၈၉၉ ခုမတိုင်မီက မော်ကျွန်းမြို့၏ တောင်ဘက်အချို့ဒေသများ၌ တောကြီးများ ဖုံးအုပ်လျက်ရှိသော်လည်း တောကြီးများကို တစ်စတစ်စခုတ်ထွင်ကာ စပါးစိုက်ပျိုးလုပ်ကိုင်လာကြသည်။ ထို့ကြောင့်လည်း ၁၉၀၃/၁၉၀၄ခုနှစ်တွင်မူ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း စပါးစိုက်ပျိုးမှုဧရိယာမှာ ၂၇၃မိုင်ကျယ်ဝန်းလာခဲ့ပါသည်။ ယင်းမှရရှိသောလယ်ခွန်တော်ငွေပေါင်းမှာလည်း ၂၈၅၀၀၀/ ဖြစ်သည်ဟု ဧရာဝတီတိုင်းမင်းကြီးက သူ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ မော်လမြိုင်ကျွန်းမြို့သည် သမိုင်းဦးအချိန်ကာလကပင် မြောင်းမြခရိုင်အတွင်း ကူးသန်းရောင်းဝယ်ရန်သွားလာဆက်သွယ်ရေးအတွက်လမ်းဆုံကျသောမြို့ဖြစ်သော်လည်း အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှာ နှမ်းထွက်နှုန်းမြင့်မားမှုကြောင့်၁၉၈၃ ခုနှစ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ချီးမြှင့်သည့်ဆုကိုပင် ဆွတ်ခူးရရှိခဲ့သည်။

ပညာရေး

မော်လမြိုင်ကျွန်းမြို့မ ကျောင်းကြီး(ယခု အထက-၁)ကို မြို့အဆင့်သို့ရောက်ရှိပြီး ၃၄နှစ်အကြာ၁၉၃၃ခုနှစ်တွင်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် စိန်ရတုကာလပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။

တည်နေရာ

ယခင်က ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်အတွင်း တည်ရှိသော်လည်း ၂၀၀၈ခုနှစ်၊ နာဂစ်လေမုန်တိုင်းကြီးတိုက်ခတ်ပြီးချိန်တွင် လပွတ္တာခရိုင်အတွင်းသို့ ပြောင်းခဲ့သောမော်လမြိုင်ကျွန်းမြို့သည် အရှေ့ဘက်ရာဇူဒိုင်မြစ်နှင့် တောင်ဘက်တုံးလှဲချောင်းတို့မှ မြို့၏လေးဘက်လေးတန်အားရစ်ခွေစီးဆင်းနေသည်။

အထင်ကရနေရာများ

မော်လမြိုင်ကျွန်းမြို့၏ တန်ခိုးကြီး တာဝတိံသာမြတ်စွာဘုရားကြီးအပါအဝင် လောကသကျမာရဇိန်ကြေးဆင်းတုဘုရားကြီး၊ နှစ်ကျိပ်ရှစ်ဆူဆုတောင်းပြည့်ဘုရားကြီးတို့ကို ဖူးမျှော်နိုင်ပါသည်။ မော်လမြိုင်ကျွန်းမြို့၏ တာဝတိံသာမြတ်စွာဘုရား ဝါကျွတ်ပွဲတော်သည်လွန်စွာစည်ကားသောအထင်ကရပွဲတော်တစ်ခုဖြစ်ပါသည်။ ပွဲတော်ကျင်းပသောရက်မှာ နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အထိဖြစ်ပြီး ဘုရားပွဲတော်သို့ အမြို့မြို့အနယ်နယ်မှ ဇာတ်အဖွဲ့များ၊ဈေးသည်များ အပြင် ဘုရားဖူးဧည့်သည်များလာရောက်ကြသဖြင့် လွန်စွာစည်ကားသောပွဲတော်တစ်ခုပင်ဖြစ်သည်။[1] [2]

ကိုးကား

  1. အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်ကျွန်းမြို့၊ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်းမှ
  2. Hla Oo's Blog: Tha-din-gyut in Mawgyun & Buddhist Crocodiles
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.