လိုင်လင်းပီမြို့

လိုင်လင်းပီမြို့ သည် ချင်းပြည်နယ်မတူပီမြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။

သမိုင်းကြောင်း

လိုင်လင်းပီမြို့ကို တော်လှန်ရေးကောင်စီလက်ထက် ခရစ်နှစ် ၁၉၆၇ခုနှစ်တွင် မရာကျေးရွာအုပ်စုများအား စုစည်း၍ အုပ်ချုပ်နယ်မြေအဖြစ် မြို့နယ်ခွဲကိုဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲများကြောင့် ၁၉၇၄တွင် မြို့နယ်ခွဲကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ ကျေးရွာအုပ်စုအဆင့်သို့ ရပ်တည်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက် နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လိုင်လင်းပီမြို့ဖွဲ့စည်းပေးရန် အတည်ပြုဆုံးဖြတ်ခဲ့သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ (၄၀၀/၂၀၁၆)အရ လိုင်လင်းပီကျေးရွာအုပ်စုအား လိုင်လင်းပီမြို့အဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ၊ ၂၁ရက် နေ့တွင် ဖွင့်လှစ်‌ပေး‌ခဲ့သည်။

ဆင်းသက်လာပုံ

လိုင်လင်းပီမျိုးနွယ်စုသည် ချင်းပြည်နယ်ဖလမ်းမြို့နယ် (ဆုံတလာရွာ) အနီး လိုင်းလွန် နေရာ၌ နေထိုင်ခဲ့စဉ် ဝမ်းရောဂါကျရောက်၍ လူအမြောက်အများသေဆုံးခဲ့သည်။ ဝမ်းရောဂါဘေးကြောင့် ရာစုနှစ် (၁၃)ခန့်တွင် ၎င်းလိုင်လွန်နေရာမှ တစ်နေရာသို့ ရေကြည်ရာမြက်နုရာ ရှာဖွေလျက် ဟားခါးမြို့နယ်ထန်တလန်မြို့နယ်များတွင် နှစ်ပေါင်းကြာရှည်စွာ ရွာတည်၍ နေထိုင်လာခဲ့သည်။

(၁၇)ရာစုနောက်ပိုင်း လက်ရှိနေရာသို့ ရောက်ရှိလာကာ လိုင်လင်းပီဟူသောအမည်ဖြင့် ရွာတည်နေထိုင်ခဲ့သည်။ လိုင်လင်းပီကျေးရွာ စတင်တည်လာသည့်နှစ်မှစ၍ ယနေ့အထိ နှစ်ပေါင်း (၃၀၀)ကျော်ပြီ ဖြစ်သည်။

အမည်ရင်းမြစ်

လိုင်လင်းပီမြို့သည် မရာမျိုးနွယ်စုတစ်ခုဖြစ်သော လိုင်လင်းမျိုးနွယ်စု၏ အမည်နာမကို အစွဲပြု၍ "လိုင်လင်းပီ" ဟူ၍ခေါ်ဝေါ်ခြင်းဖြစ်သည်။ "လိုင်လင်း" သည် မရာမျိုးနွယ်စုတစ်စု၏ အမည်ဖြစ်၍ "ပီ" ဆိုသည်မှာ အကြီးဆုံးကို ဆိုလိုခြင်းဖြစ်သည်။ လိုင်လင်းရွာမှ ရွာငယ်ကလေးများ (၈)ရွာ ခွဲထွက်လာသောအခါ ယနေ့လိုင်လင်းပီသည် အကြီးဆုံးရွာဖြစ်သဖြင့် လိုင်လင်းပီကျေးရွာဟု ပေါ်ပေါက်လာသည်။

တည်နေရာနှင့်အကျယ်အဝန်း

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်မတူပီမြို့နယ်တွင် တည်ရှိသည်။ မြောက်လတ္တီကျူး ၂၁° ၃၅' နှင့် ၂၂° ၃၅' ကြားတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရေဇွာမြို့နှင့် ထန်တလန်မြို့နယ်၊ အရှေ့ဘက်တွင် မတူပီမြို့၊ တောင်ဘက်တွင် ပလက်ဝမြို့၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်နှင့် ထိစပ်လျက်ရှိသည်။

လိုင်လင်းပီမြို့၏ အကျယ်အဝန်းမှာ အရှေ့မှအနောက်သို့ (၂)မိုင်ရှိ၍ တောင်မှ မြောက်သို့ (၃)မိုင်ရှိပြီး စတုရန်း (၆)မိုင် ကျယ်ဝန်းသည်။ လိုင်လင်းပီမြို့ကို အခြေခံသော မရာကျေးရွာအုပ်စုများ၏ အကျယ်အဝန်းမှာ ၁,၄၄၅ စတုရန်း ကီလိုမီတာ (၅၅၈ စတုရန်းမိုင်) ရှိသည်။

စီးပွားရေး

မရာလူမျိုးသည် များသောအားဖြင့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများ ဖြစ်ကြသည်။ တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးကိုသာ ကျင့်သုံးလျက်ရှိသည်။ ထိုမှတဆင့် စနစ်တကျ မွေးမြူနိုင်ရေးအတွက် နေရာနယ်မြေများ လုံလောက်စွာ ရှိနေခြင်းကြောင့် အထူးသဖြင့် နွားနောက်မွေးမြူရေး၊ နှစ်ရှည်သီးနှံအဖြစ် လိမ္မော်နာနတ်သံပုရာ၊ နှစ်တိုသီးနှံအဖြစ် နှမ်းများကို စနစ်တကျ မွေးမြူစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိသည်။

လူမှုရေး

လူမျိုး

လိုင်လင်းပီမြို့တွင်နေထိုင်သော လူမျိုးများသည် မီရမ်ခေါ် မရာတိုင်းရင်းသားလူမျိုးများ ဖြစ်သည်။

လူဦးရေနှင့် အိမ်ခြေ

လိုင်လင်းပီမြို့သည် ၂၀၁၈ခုနှစ်အထိ အိမ်ခြေ (၅၃၀)စု၊ လူဦးရေ (၂၄၁၈)ဦး ရှိသည်။ နှစ်စဉ်နှစ်တိုင်း ရွာနီးချင်းကျေးရွာ အိမ်ထောင်စု ပြောင်းရွှေ့လာသူ များပြားသဖြင့် အိမ်ခြေ၊ လူဦးရေ တိုးပွားလျက်ရှိသည်။ အိမ်ခြေ (၁၀၀၀)ခန့် မြို့မြေနေရာကို လျာထား သတ်မှတ်ပြီးဖြစ်သည်။

ပညာရေး

လိုင်လင်းပီမြို့တွင် ခရစ်နှစ် ၁၉၄၂ ခုနှစ်မှ မူလတန်းကျောင်း၊ ၁၉၅၆ ခုနှစ်တွင် အလယ်တန်းကျောင်း၊ ၁၉၉၂ ခုနှစ်တွင် အထက်တန်းကျောင်း ရရှိခဲ့သည်။ လက်ရှိတွင် အထက်တန်းကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်း ရှိသည်။

၂၀၁၀ ခုနှစ်တွင် လိုင်လင်းပီမြို့၌ ဆယ်တန်း စာစစ်ဌာန ရရှိဖွင့်လှစ်ခဲ့သည်။

ကျန်းမာရေး

ခရစ်နှစ် ၁၉၅၆ ခုနှစ်တွင် လိုင်လင်းပီမြို့၌ ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်သည်။ ၁၉၉၀ ခုနှစ်တွင် တိုက်နယ်ဆေးရုံအဖြစ် တိုးမြင့်ဖွင့်လှစ်သည်။

ဘာသာရေး

လိုင်လင်းပီမြို့နှင့် မရာဒေသတစ်ခုလုံးသည် အများအားဖြင့် ခရစ်ယာန်ဘာသာဝင်များ နေထိုင်ကြသည်။ မရာနယ်မြေသည် ခရစ်ယာန်ဘာသာဝင်များသာဖြစ်ပြီး လိုင်လင်းပီမြို့သည် ခရစ်ယာန်ရုံးတစ်ရုံး စိုက်သည့်မြို့ဖြစ်သည်။[1]

ကိုးကား

  1. အ.ထ.က၊ လိုင်လင်းပီမြို့၏ (၇၅)နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ် မဂ္ဂဇင်း


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.