မတူပီမြို့

မတူပီမြို့သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်ခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ မတူ = မတူချင်းလူမျိုး၊ ပီ = ကြီးသည်ဟု အဓိပ္ပာယ်ရသည်။ မတူပီအနီးရှိရွာကလေးများကို မတူသဲဟု ခေါ်သည်။ သဲ = ငယ်သည်ဟု ဆိုလိုသည်။

မတူပီမြို့
မြို့
မတူပီမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°35′N 93°26′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ချင်းပြည်နယ်
ခရိုင်မင်းတပ်ခရိုင်
မြို့နယ်မင်းတပ်မြို့နယ်
လတ္တီကျု(၂၁)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု(၉၃)ဒီဂရီ၊ (၅၉)မိနစ်
လူဦးရေ (၂၀၁၄)၈,၆၂၂[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၉ ခုနှစ် တွင်မှ နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်လာပေသည်။ မတူပီမြို့သည် မင်းတပ်မြို့၏ အနောက်ဘက် မိုင် ၇ဝ ခန့်ကွာ ဝေး၍ ပလက်ဝမြို့၏ အရှေ့ဘက် ၇၅ မိုင်ကွာလှမ်းသည်။ အရှေ့ပါကစ္စတန်ပြည်နယ်စပ်နှင့်သော်ကား မိုင် ၁ဝဝ မျှသာဝေးသည်။ မတူပီနယ်တွင် လူဦးရေ ၂၅ဝဝဝ ကျော်ရှိသည်။ မတူပီမြို့သည် ၂ မိုင်ပတ်လည် ကျယ်သည်။

ပထဝီဝင်

မတူပီမြို့သည် အမြင့်ပေ ၄ဝဝဝ ရှိ၍ ကျယ်ပြန့်သော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ တောကြီးတောင်ကြီးများဝိုင်းရံလျက်ရှိသည်။ ထို့ပြင် လေးမြို့ချောင်းနှင့် ကောင်ဝါချောင်းများ ရစ်ဝိုင်းလျက်ရှိသည်။ တောတွင်းဝယ် တောငှက်သားရဲတိရစ္ဆာန်များ ပေါများသည့်အလျောက် ထိုဒေသရှိ မတူလူမျိုးသည် တောလည်ခြင်းကို နှစ်သက်ကြသည်။ နွေရာသီ၌ ခြောက်သွေ့ကြွေကျနေသည့် သစ်ရွက်များကို မီးရှို့၍ အစုလိုက် အပြုံလိုက် တောလိုက်ထွက်ကြသည်မှာ ဓလေ့ပင် ဖြစ်နေပေသည်။ တောကြီးများမှာ အလွန်နက်၍ ကျယ်ပြန့်သောကြောင့် စစ်မဖြစ်မီက တောတွင်း၌ တောဆင်ရိုင်းများ၊ ကြံ့များပင် ရှိသည်ဆို၏။ အချို့သူတို့သည် အားလပ်ချိန်မျာတွင် ချောင်းကမ်းဘေး၌ ပျော်ပွဲစား ထွက်ခြင်း၊ ငါးမျှားခြင်းတို့ကို လူစုလူဝေးနှင့် တစ်ပျော်တစ်ပါး ပြုလုပ်လေ့ရှိကြသည်။ ဤသို့တောတောင်ရေမြေ တင့်တယ်သည်တွင် တောင်ယာလယ်ကွက်များမှာလည်း ရှုမျှော်ခင်းတစ်ရပ် ဖြစ်၏။

လမ်းပန်းဆက်သွယ်ရေး

မတူပီမြို့သည် ချောင်အကျအဆုံးမြို့ဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးမှာ ကောင်းမွန်တိုးတက်ခြင်း မရှိသေးချေ။ မင်းတပ်နှင့် ပလက်ဝသို့ဆက်သွယ်သော ကားလမ်း တစ်ပိုင်းတစ်စမျှသာ ရှိသေးသည်။ ကားလမ်းဖောက်လုပ်ပြီးစီးသောအခါမှ လမ်းပန်းအဆက်အသွယ် အဆင်ပြေနိုင်ဖွယ်ရှိသည်။ အခြားတစ်နေရာနှင့် တစ်နေရာသို့သွားနိုင်ရန် ၆ ပေလမ်းခေါ် လူသွားလမ်းများသာ ရှိသည်။

ရေကြောင်းနှင့် လေကြောင်းခရီး လုံးဝ မရှိသဖြင့် ထုတ်ကုန်သွင်းကုန်ဟူ၍ မရှိသလောက်ပင်။ အချို့လူကုံထံများမှအပ ကျန်နယ်သူ နယ်သားတို့သည် မိမိတို့လက်ဖြစ် အဝတ်အစားများကိုသာ ဝတ်ဆင်ကြသည်။ နယ်သူနယ်သားများမှာ များသောအားဖြင့် တောင်ယာစပါးကို စိုက်ပျိုးကြသည်။ အချို့လည်း မင်းတပ်နယ်နှင့် ဟားခါးနယ်များသို့ သွားရောက်၍ လမ်းအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းကြသည်။

လူမှုပထဝီဝင်

မတူပီနယ်သည် မည်မျှပင် ချောင်ကျစေကာမူ ဆန်စပါး လုံလောက်စွာ ရရှိသောကြောင့် ဝတ်စားနေထိုင်မှု ဖူလုံသည်ဟု ဆိုရပေမည်။မတူပီနယ်တွင် ချင်းလူမျိုး ၃ မျိုးနေထိုင်ကြပေရာ ယင်းတို့မှာ မတူလူမျိုး၊ ဇိုးလူမျိုးနှင့် မေရန်လူမျိုးများ ဖြစ်ကြသည်။ ဇိုးလူမျိုးမှာ အများစုဖြစ်၍၊ မတူပီမြို့၌ ချင်းလူမျိုးသာ နေထိုင်ကြရာ များသောအားဖြင့် မိရိုးဖလာ နတ်ကိုးကွယ်သူများဖြစ်၍ ခရစ်ယာန် အယူဝါဒီ အနည်းငယ်မျှရှိသည်။

ဗုဒ္ဓအယူဝါဒီဟူ၍ ပြောပလောက်အောင် မရှိသေးပေ။ သို့သော် ယခုခါ မတူပီမြို့တွင် တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း တစ်ကျောင်းရှိ၍ သာသနာပြု ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးလျက်ရှိသည်။နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆက်တိုက် ဆိုသလိုပင် ယူဆုတ်ပွဲနှင့် အွေပီပွဲ ခေါ် ကောက်ရိတ်သိမ်းပွဲတော်များကို လည်းကောင်း၊ နတ်ကြီး တက်ပွဲကို လည်းကောင်း မြို့ပေါ်ရော နယ်တွင်ပါ ကျင်းပလေ့ရှိသည်။ နေဝင်ချိန်မှ မိုးလင်းသည့်တိုင် နွားနောက်သား၊ ဝက်သားများကို ချက်ပြုတ် စားကာ ခေါင်ရေကို သောက် လျက် ပျော်ရွှင်မြူးထူးကြ၏။ တစ်အိမ်နှင့် တစ်အိမ် ထင်းရှူးမီးများဖြင့် ကူးသန်းသွားလာကြ၏။ ညအချိန်တွင် တစ်ညလုံးလိုပင် မအိပ်ကြဘဲ မီးပုံကြီးများ ပြုလုပ်၍ လူငယ်လူရွယ် အမျိုးသမီး အမျိုးသားတို့သည် ကောက်သိမ်းခြင်းအကြောင်း ဖွဲ့နွဲ့သီကုံးထားသော သီချင်းများကို သံပြိုင်သီဆိုကြ၏။

မတူပီနယ်တွင် အင်္ဂလိပ်များ အုပ်စိုးစဉ် အခါက အစိုးရ စာသင်ကျောင်းဟူ၍ မရှိခဲ့ချေ။ ယခုအခါမူကားအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနှင့် မူလတန်းကျောင်း ၃၃ ကျောင်းရှိသည်။ ထို့ပြင် ပြည်တော်သာ စီမံရေးအရ ချောင်းကူးတံတားများ ဆောက်လုပ်ပြီးစီးပြီ ဖြစ်၏။

မတူပီမြို့တွင် ရှေးအထက်ကျော်ကာရီက လူနေအိမ်ခြေ ၁ဝဝဝ ကျော်ပင်ရှိသည်ဟု သိရသည်။ မတူ ဆိုသည်မှာ မတူလူမျိုးကို ဆိုလို၍ ပီ ဆိုသည်မှာ ကြီးသည်ဟု အဓိပ္ပာယ်ရရှိလေသည်။ မတူပီနှင့် ကပ်လျက် ရှိသည့် ရွာကလေးများကို မတူသဲဟု ခေါ်ကြသည်။ သဲ ဟူသော စကားသည် ငယ်သည် ဟု အဓိပ္ပာယ် ရသည်။ မတူပီဆိုသည်မှာ မတူပီလူမျိုး အကြီးအကဲများနေထိုင်ရာ ဒေသဟုပင် ဆိုလိုသလော၊ သို့တည်းမဟုတ် မတူပီနယ်၏ အကြီးဆုံးမြို့ရွာကြီးဟုပင် ဆိုသလောဟူ၍ကား အတိအကျ မသိရပေ။[2]

စီးပွားရေး

မတူပီမြို့နယ်သည် ကုန်လမ်းသာရှိပြီးလမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မြို့နယ်ဖြစ်သောကြောင့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်း နှင့် အ‌ခြားဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြသည်။အဓိကထွက်ကုန်မှာ ဝဉ၊ဂမုန်းဖြစ်ပြီး ပြည်မ သို့သာ အများဆုံး တင်ပို့ရောင်းချပါသည်။

ကျန်းမာရေးကဏ္ဍ

မတူပီမြို့နယ်၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်− (၁) မြို့နယ်ဆေးရုံ၊မတူပီမြို့ (၂) တိုက်နယ်ဆေးရုံ၊လုံငိုး

ကျေးလက် ကျန်းမာရေးဌာန/ဌာနခွဲများ

ကျေးလက် ကျန်းမာရေးဌာန (၁) ဆဘောင်းပီ (၂) လုံငိုး (၃) ရှာတလိုင်း (၄) တန်ကူ (၅) မားဒူ (၆) စန်တပ် (၇) ငလိုင် (၈) တိန်ဆီး ကျေးလက် ကျန်းမာရေးဌာနခွဲ − ၃၁ ဌာန ခွဲ ရှိပါသည်။ ထင်ရှားသည့်တောင်များ (၁) လုံတိန်းတောင်တန်း (၂)အောတရော့တောင်တန်း (၃)ကိုင်ဆီးတောင်တန်း (၄)ကောင်လောင်တောင်တန်း (၅)လုံပဲလ်တောင်တန်း တို့ ဖြစ်ပြီး လုံတိန်းတောင်တန်းသည်ပင်လယ်ရေမျက်နှာပြင်အထက်(၈၉၆၁)ပေမြင့်ပြီးမြို့နယ်၏အမြင့်ဆုံးတောင် ဖြစ်သည်။

ထင်ရှားသည့် မြစ်ချောင်းများ

(၁)ဘွေနူးချောင်း (၂)လည်မျိုချောင်း

ထင်ရှားသည့်ရေတံခွန်

(၁) ဘုံတလာ ရေတံခွန်

ရပ်ကွက်/ကျေးရွာ အုပ်စုအရေအတွက်

(၁)ရပ်ကွက် (၄)ရပ်ကွက် (၂)ကျေးရွာ (၁၅၀)ရွာ (၃)အုပ်စု (၆၂)အုပ်စု

အိမ်ခြေ၊အိမ်ထောင်စု၊လူဦးရေ ကျား/မ စာရင်း

(၁)အိမ်ခြေ (၁၇၆၇) (၂)အိမ်ထောင်စု (၁၈၁၄) (၃)လူဦးရေ ကျား(၄၂၃၁) မ(၄၂၁၄) စုစုပေါင်း (၈၄၄၅)

တိုင်းရင်းသား လူမျိုးစုအလိုက် လူဦးရေ

မတူပီမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်သား တိုင်းရင်း သားလူမျိုးစုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (က) ချင်း (၅၈၀၄၇)ဦး (ခ) ဗမာ (၁၂၈)ဦး (ဂ) ရခိုင် (၅)ဦး

ဘာသာရေးကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ

(က) ကိုးကွယ်သည့်ဘာသာ မတူပီမြို့နယ်အတွင်း နေထိုင်ကြသူများတွင် (၁) ဗုဒ္ဓဘာသာ (၇၆)ဦး (၂) ခရစ်ယာန် (၅၂၈၆၂)ဦး [3]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  3. မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ခုနှစ်၊ဇန်နဝါရီလ အထိ ပြုစုထားသော ဒေသဆိုင်ရာအချက်အလက်များ မှတ်တမ်းစာအုပ် http://www.gad.gov.mm/sites/default/files/final_27.pdf
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.