ဟားခါးမြို့နယ်
ဟားခါးမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ ဖြစ်သည်။
ဟားခါးမြို့နယ် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | |
ဟားခါးမြို့နယ် | |
ကိုဩဒိနိတ်: MM 22°38′43.9476″N 93°36′18.129″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | ဟားခါး |
မြို့နယ်ရုံးစိုက်ရာမြို့ | ဟားခါးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၄၈,၃၅၂[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
သမိုင်းကြောင်း
ဟားခါးမြို့ကို စတင်တည်ထောင်ခဲ့သော လိုင်မီး(ချင်း)တို့သည် တိဗက်-မြန်မာနွယ်များဖြစ်ကြပြီး တရုတ်ပြည် အနောက်မြောက်ဘက်နှင့် တိဗက်ပြည်အရှေ့ဘက်တို့မှ ဆင်းသက်လာသည်။ ချင်းလူမျိုးနွယ်စုတို့သည် အေဒီ ၁၄၀၀ ခန့်တွင် ဖိုင်လဲင်ဇောလ်ဟု ခေါ်သောအရပ်သို့ စတင်ရောက်ရှိလာခဲ့သည်။ အစပထမက ဟားခါး(Halkha)ဟုခေါ်ခဲ့ရာမှ ယခုအခါ ဟားခါး(Hakha)ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးရုံး ဖွင့်လှစ်၍ နယ်ပိုင်ဝန်ထောက် ရုံးစိုက်ခဲ့သည်။ ၁၉၆၅ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းခွဲ(၂) ရုံးကို ဟားခါးမြို့သို့ ပြောင်း၍ဖွင့်လှစ်ပြီး ဖလမ်းမြို့ရှိ တိုင်းမင်းကြီးရုံးကိုလည်း ဟားခါးမြို့သို့ ပြောင်းကာဖွင့်လှစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းရေးရာဦးစီးအဖွဲ့ရုံးစိုက်ခဲ့ပြီး ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်လာခဲ့သည်။[2]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၀၁ မိနစ်နှင့် ၂၂ ဒီဂရီ ၅၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၂ မိနစ်နှင့် ၉၄ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၆မိုင်၊ တောင်မှမြောက်သို့ ၄၅မိုင်ရှိပြီး ၁၆၀၈ စတုရန်းမိုင် ကျယ်ဝန်းသည်။[3]
နယ်နိမိတ်
ဟားခါးမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များ တည်ရှိသည်။ သီမြစ် (ခ)ဘွေနူးမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ တောင်ကျချောင်း ပေါများပြီး ဟားခါးမြို့၏အရှေ့ဘက်ရှိ ဒေါင်ဗားချောင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည်။
လူဦးရေ
ဟားခါးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ဗမာနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
စီးပွားရေး
ဟားခါးမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန် ထွက်ရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။
ဈေးများ
- ဟားခါးမြို့မဈေး
လမ်းပန်းဆက်သွယ်ရေး
ဟားခါးမြို့နယ်တွင် ရဟတ်ယာဉ်ကွင်း ၂ကွင်းရှိသည်။ ရန်ကုန်၊ မန္တလေးနှင့် ကလေးမြို့များသို့ ခရီးသည်တင်ယာဉ်များရှိသည်။
ပညာရေး
အဆင့်မြင့်ပညာ
- ဟားခါးကောလိပ်
- ဟားခါးပညာရေးကောလိပ်
- ဟားခါး နည်းပညာကောလိပ်
အထက
အထက်တန်းကျောင်း ၁၄ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ၄
- အထက ဆူရ်ခွား
- အထက ချွန်ကျုံး
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) မြို့ဟောင်း
- အလက (ထ(ခွဲ)) ဆတ္တား
- အလက (ထ(ခွဲ)) ဈေးသစ်
- အလက နှီရ်လောန်း
- အလက ဇိုခွား
- အလက ဒါအိုချိမ်း
- အလက လုံရန်း
- အလက သီနမ်း
- အလက သီဖူးလ်
- အလက ဘုံဇုံး
- အလက ဘွန်လုံး
- အလက လောက်လုံ
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၇၄ ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
- ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး
- ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
- ဟားခါးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။