ဘောလခဲမြို့

ဘောလခဲမြို့သည် မြန်မာနိုင်ငံကယားပြည်နယ်ဘော်လခဲခရိုင်ဘော်လခဲမြို့နယ်၏ မြို့တော်ဖြစ်သည်။ လွိုင်ကော်-မော်ချီ ကားလမ်းတွင် တည်ရှိ၍၊ လွိုင်ကော်မြို့မှ တောင်ဘက် မိုင် ၅ဝ၊ မော်ချီအောက်ရွာမှ မြောက်ဘက် ၄၃ မိုင် ကွာဝေးပြီးလျှင် ပွန်ချောင်း၏ အနောက်ဘက် ကမ်းပါးတွင် တည်ရှိသည်။

ဘော်လခဲမြို့
ဘော်လခဲမြို့
ဘော်လခဲမြို့ တည်နေရာ
ကိုဩဒိနိတ်: 19°10′33″N 97°20′37″E
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်ဘော်လခဲခရိုင်
မြို့နယ်ဘော်လခဲမြို့နယ်
ဧရိယာ
  စုစုပေါင်း၀.၁၇၃ စတုရန်းမိုင် (၀.၄၄၈ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၄,၁၄၆[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဘောလခဲမြို့သည် အရှေ့နှင့်အနောက် မိုင်ဝက်ခန့်ရှိ၍ တောင်နှင့်မြောက် တစ်မိုင်ခန့်ရှိသည်။ မြို့ပေါ်တွင် နေထိုင်ကြသူများသည် အများအားဖြင့် ယင်းတလဲနှင့် ကယားလူမျိုးများ ဖြစ်ကြ၍ ဗုဒ္ဓအယူဝါဒီနှင့် နတ်ကိုးကွယ်သူများ ဖြစ်၏။

သမိုင်းကြောင်း

ဘောလခဲမြို့ကို ဘောလခဲနယ်အဖြစ် စတင်တည်ထောင်ခဲ့သူမှာ ပထမ ဖဘန့်မင်း (ဖိုးဘျား) စော်ဘွားကြီး ဖြစ်သည်။ မြို့၏ မြောက်ဘက်ရှိ တဘောလျှာချောင်းနှင့် မြို့လယ်ရှိ တခဲလျှာချောင်းတို့ကို အစွဲပြု၍ တဘောတခဲဟု ခေါ်ရာမှ ကာလရွေ့လျောသော် ဘောတခဲ၊ ဘောတခဲမှ ဘောလခဲဟု ခေါ်တွင်လာသည်။ ယင်းတလဲစကားဖြင့် တဘလျှာချောင်းသည် အမိချောင်းဟု အဓိပ္ပာယ်ရ၍၊ တခဲလျှာချောင်းသည် အဘချောင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘောတခဲ၊ သို့မဟုတ် ဘောလခဲမြို့ကို မိဘမြို့ဟု ခေါ်ဆိုနိုင်ပေသည်။

ရှေးက စော်ဘွားအုပ်ချုပ်သော မြို့ဖြစ်သည်။ ၁၉၆၀ တွင် ကယားပြည်နယ်အား စောဖျာဒူးဟု ခေါ်သော စော်ဘွားအုပ်ချုပ်နယ် ၃ နယ်မှ မြို့နယ် ၆ မြို့နယ်အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရာတွင် ဘောလခဲနယ် ပျောက်ကွယ်ခဲ့သည်။ တောင်ပိုင်းဘောလခဲနယ်ကို ဖားဆောင်းမြို့နယ်အတွင်းသို့ လည်းကောင်း၊ မြောက်ပိုင်း ဘောလခဲနယ်ကို ဒီးမော့ဆိုမြို့နယ်သို့ လည်းကောင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။[2]

စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး

မြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ကျွန်းသစ်၊ ရှား၊ နှမ်း၊ ဝါထွက်သည်။ မြို့နယ်လူထု၏ အလုပ်အကိုင်မှာ ကုန်သည်နှင့် ယာလုပ်ငန်းတို့ဖြစ်သည်။ ကူးသန်းသွားလာရေးအတွက် လွိုင်ကော်-မော်ချီ ကားလမ်းကို အသုံးပြုကြရသည်။

ထင်ရှားသောနေရာများ

ထင်ရှားသော အဆောက်အအုံမှာ ဒုတိယ ဖဘန့်မင်းတည်ထားခဲ့၍၊ သားတော် စော်ဘွားကြီး စဝ်ခွန်ငယ်ကထီးတော်တင်ခဲ့သော စေတီတစ်ဆူနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ ဘောလခဲ စော်ဘွားကြီး၏ ဟော်နှင့် နတ်ဟော်တို့မှာမူ ပျက်စီးယိုယွင်းလျှက် ရှိနေသည်။

မြို့ပေါ်နှင့် နယ်တွင် စည်ကားသော ပွဲတော်တို့မှာ အထက်တွင် ဖော်ပြခဲ့သော စေတီတော်ကို နှစ်စဉ် တပေါင်းလတွင် ပွဲတော်ကျင်းပသည်။ ယင်းတလဲစကားဖြင့် မာလုပွဲခေါ် တံခွန်တိုင်ပွဲတော်ကို တန်ခူးလတွင် လည်းကောင်း၊ ဆော့ဒေါင်းပွဲခေါ် ကောက်ညှင်းထုပ် ပွဲတော်ကို သီတင်းကျွတ်လတွင်လည်းကောင်း ကျင်းပကြသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.