လွိုင်ကော်ခရိုင်

လွိုင်ကော်‌ခရိုင် သည် ကယားပြည်နယ်ရှိ ခရိုင်တစ်ခု ဖြစ်သည်။ လွိုင်ကော်‌ခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၄၃,၈၇၉ ယောက်[1] ဖြစ်သည်။ခရိုင်ရုံးစိုက်ရာမြို့မှာ လွိုင်​ကော်မြို့ဖြစ်သည်။

လွိုင်ကော်ခရိုင်
ကယားပြည်နယ်အတွင်းရှိ ခရိုင်

လွိုင်​ကော်ခရိုင်
ကိုဩဒိနိတ်: 19°29′N 97°20′E
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
မြို့နယ်ပေါင်း
ရုံးစိုက်ရာမြို့လွိုင်ကော်မြို့
ဧရိယာ
  စုစုပေါင်း၂၅၃၄.၇၉ စတုရန်းမိုင် (၆၅၆၅.၁ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၄၃,၈၇၉
  သိပ်သည်းမှု၉၆/sq mi (၃၇/km)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့သည်။ လွိုင်ကော်‌ခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ လွိုင်ကော်မြို့နယ်ဒီမောဆိုးမြို့နယ်ဖရူးဆိုးမြို့နယ် နှင့် ရှားတောမြို့နယ် တို့ဖြစ်သည်။

ပထဝီဝင်အ​နေအထား

တည်နေရာနှင့် အကျယ်အဝန်း

လွိုင်ကော်ခရိုင်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၀ မိနစ်နှင့် ၁၉ ဒီဂရီ ၅၇ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၉ မိနစ်နှင့် ၉၇ ဒီဂရီ ၅၃ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၂,၅၃၄.၇၉ စတုရန်းမိုင် (၆,၅၆၅.၁ စတုရန်း ကီလိုမီတာ) ဖြစ်သည်။ အရှေ့မှ အနောက်သို့ ၆၅ မိုင်ခန့်ရှိပြီး တောင်မှ မြောက်သို့ ၆၃ မိုင်ခန့် ရှိသည်။[2]

နယ်နိမိတ်

လွိုင်ကော်ခရိုင်သည် မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ တောင်ကြီးခရိုင်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ဘောလခဲခရိုင်၊ အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ ဘားအံခရိုင် နှင့် ရှမ်းပြည်နယ်ရှိ တောင်ကြီးခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်

လွိုင်ကော်ခရိုင်သည် တောင်ကုန်းတောင်တန်းများနှင့် လွင်ပြင်များပါဝင်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၉၈၅ ပေမှ ပေ ၆၀၀၀ အတွင်း တည်ရှိသည်။[2] အမြင့်ဆုံးတောင်မှာ ရှားတောမြို့နယ်ရှိ လွိုင်လန်တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၇၂၁၂ ဖြစ်သည်။ ရှားတောမြို့နယ်သည် လွိုင်ကော်ခရိုင်၏ အနိမ့်ဆုံးဒေသ ဖြစ်သည်။

ရေဆင်း

လွိုင်ကော်ခရိုင်ရှိ မြစ်ချောင်းများမှာ ရှားတောမြို့နယ်တွင် သံလွင်မြစ်၊ ပွန်ချောင်း၊ ဖရူဆိုမြို့နယ်တွင် ထူးချောင်းနှင့် လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းတို့ ဖြစ်သည်။ မြစ်ချောင်းများအားလုံးသည် မြောက်မှ တောင်သို့ စီးဆင်းပြီး ရေချိုမြစ်ချောင်းများဖြစ်သည်။

ရာသီဥတု

လွိုင်ကော်ခရိုင်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၅.၅ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၃၂.၈၇ လက်မဖြစ်သည်။[3]

လူဦးရေ

လွိုင်​ကော်ခရိုင်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ဗမာ၊ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊အစ္စလာမ်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ခရိုင်လူဦးရေ၏ ၁.၅၉%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလား​ဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၂၄၃၇၁၈    
၂၀၁၇ ၂၃၉၂၃၂−1.8%
၂၀၁၈ ၂၄၃၅၂၄+1.8%
Source: ၂၀၁၄ သန်းခေါင်စာရင်း

လွိုင်ကော်ခရိုင်တွင် နေထိုင်ကြသော ဒေသခံလူမျိုးများမှာ ကယားမနုမနောဂေဘားကယောကယန်း (ပဒေါင်)ကယန်း (ဂေခို)ယင်းဘော (ကငန်း)ဇယိမ်း (လထ)ယင်းတလဲလူမျိုးများ ဖြစ်သည်။[3]

စီးပွား​ရေး

လွိုင်​ကော်ခရိုင်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေးအရ တိုးတက်မှု​နှေး​ကွေး​သော ခရိုင်ဖြစ်သည်။ခရိုင်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။လွိုင်​ကော်စက်မှုဇုန်အပါအဝင် စက်ရုံ၁၃၈ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၂၉ခုတည်ရှိသည်။

ပို့​ဆောင်ဆက်သွယ်​ရေး

လွိုင်​ကော်ခရိုင်သည် ဆက်သွယ်​ရေး​ကောင်းမွန်သည်။လွိုင်​ကော်မြို့တွင် ​လေဆိပ်တစ်ခုရှိသည်။

ပညာရေး

လွိုင်ကော်ခရိုင်တွင် တက္ကသိုလ်နှင့် ကောလိပ် ၄ ခုရှိပြီး လွိုင်ကော်မြို့တွင်သာ တည်ရှိသည်။ အခြေခံပညာ အထက်တန်းကျောင်း ၁၈ ခု၊ အထက်ကျောင်းခွဲ ၂၀ ခု၊ အလယ်တန်းကျောင်း ၈ ခု၊ အလယ်တန်းကျောင်းခွဲ ၉ ခု၊ မူလတန်းလွန်ကျောင်း ၂၈ ခု၊ မူလတန်းကျောင်း ၂၇၁ ခုနှင့် မူလတန်းကြိုကျောင်း ၁၀၆ ခု ရှိသည်။[3]

ကျန်းမာရေး

လွိုင်ကော်ခရိုင်တွင် ပြည်နယ်ဆေးရုံ ၁ ခု၊ မြို့နယ်ဆေးရုံ ၃ ခု၊ တိုက်နယ်ဆေးရုံ ၇ ခု၊ အစိုးရဆေးပေးခန်း ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂၄ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၈၃ ခု ရှိသည်။[3]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. လွိုင်ကော်ခရိုင်၏ ဒေသန္တရအချက်အလက်များ ကယားပြည်နယ်အစိုးရအဖွဲ့။ ၂ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.