မယ်စဲ့မြို့နယ်

မယ်စဲ့မြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မယ်စဲ့မြို့ ဖြစ်သည်။

မယ်စဲ့‌မြို့နယ်
ကယားပြည်နယ်အတွင်းရှိ မြို့နယ်
မယ်စဲ့‌မြို့နယ်
မယ်စဲ့မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 18°38′00″N 97°40′00″E
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်ဘောလခဲခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့မယ်စဲ့မြို့
ဧရိယာ
  ကယားပြည်နယ်အတွင်းရှိ မြို့နယ်၃၉၀.၉၁ စတုရန်းမိုင် (၁၀၁၂.၄၄ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၂၀၄ ပေ (၃၆၇ မီတာ)
လူဦးရေ (မတ် ၂၀၁၇)
  ကယားပြည်နယ်အတွင်းရှိ မြို့နယ်၆၈၃၅
  သိပ်သည်းမှု၁၇/sq mi (၆.၈/km)
  မြို့ပေါ်၈၈၇
  ကျေးလက်၅၉၄၈
  ဒေသခံလူမျိုးများကရင် (၃၁.၃၆%)
ရှမ်း (၃၂.၃၂%)
ကယား (၂၈.၁၅%)
ဗမာ (၇.၄၂%)
ရခိုင် (၀.၃၅%)
ချင်း (၀.၁၆%)
မွန် (၀.၁၅%)
ကချင် (၀.၀၉%)
  ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်အစ္စလာမ်
 [1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

မယ်စဲ့မြို့နယ်ကို ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်တွင် မယ်ဆည်နမ်မြို့အဖြစ် သတ်မှတ်ခဲ့ပြီး မယ်ဆည်နမ်ကျေးရွာအုပ်စု၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ နန်းမန်းကျေးရွာအုပ်စု၊ ဒေါကဒွီးကျေးရွာအုပ်စု၊ သာယာကျေးရွာအုပ်စုနှင့် ဝမ်လွဲ့ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နယ်မြေတာဝန်ခံ ခေါင်းဆောင်သည့်အဖွဲ့မှ ရဲစခန်းကို တိုက်ခိုက်၍ ဘော်လခဲမြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၈၁ နှင့် ၁၉၈၂ ခုနှစ်များတွင် တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး မယ်စဲ့ဒေသအား ဖားဆောင်းမြို့နယ်တွင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်။[1]

၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် မယ်စဲ့မြို့နယ်ရှိ အမှတ် ၂၅၀ ခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နှင့် ဝန်ထမ်းများကို ရုပ်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အမှတ် ၁၀၂ ခြေလျင်တပ်ရင်းမှ နယ်မြေသိမ်းပိုက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် မယ်စဲ့မြို့နယ်ကို မြို့ ၁ မြို့၊ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၄ ခုနှင့် ကျေးရွာ ၁၂ တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[1]

ပထဝီဝင်အ​နေအထား

တည်နေရာအကျယ်အဝန်း

မယ်စဲ့မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၉ မိနစ်နှင့် ၁၉ ဒီဂရီ ၀ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၉ မိနစ်နှင့် ၉၇ ဒီဂရီ ၄၆ မိနစ်အကြားတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁,၀၁၂.၄၄ စတုရန်းမိုင် (၂,၆၂၂.၂ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[2]

နယ်နိမိတ်

မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့်တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်၊ မြောက်ဘက်တွင် ရှားတောမြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိသည်။[2]

မြေမျက်နှာသွင်ပြင်

မယ်စဲ့မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးကာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၁၂၀၄ ပေ တွင် တည်ရှိသည်။ မြို့နယ်ဧရိယာ၏ သုံးပုံတစ်ပုံမှာ သစ်တောဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အမြင့်ဆုံးတောင်မှာ တောင်လှတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၁၄၅၀ ပေ ရှိသည်။[2]

ရေဆင်း

မယ်စဲ့မြို့နယ်သည် မြစ်ချောင်းနည်းပါးပြီး ထင်ရှားသောချောင်းများမှာ မယ်ပိုင်ချောင်း၊ မယ်ဖချောင်း၊ မယ်စဲ့ချောင်း၊ မယ်တနွယ်ချောင်းတို့ ဖြစ်သည်။ မယ်ပိုင်ချောင်းသည် မယ်စဲ့မြို့နှင့် အလှမ်းဝေး၍ သုံးစွဲမှုမရှိဘဲ ကျန်ချောင်းများကို လယ်ယာစိုက်ပျိုးရေနှင့် သောက်သုံးရေ အဖြစ် အသုံးပြုသည်။ နွေရာသီတွင် ချောင်းရေနည်းပါးမှုများကြောင့် စိုက်ပျိုးရေသုံးစွဲနိုင်ခြင်း မရှိပေ။[2]

ရာသီဥတု

မယ်စဲ့မြို့နယ်သည် ပူအိုက်စိုစွတ်ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၄၃.၀၄ လက်မ ရှိသည်။[2]

လူဦးရေ

မယ်စဲ့မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ကရင်၊ကယား၊ဗမာ၊ရခိုင်၊ချင်း၊မွန်၊ကချင်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်နှင့် အစ္စလာမ်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[1]

စီးပွားရေး

မယ်စဲ့မြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး ကုန်သွယ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများလည်း အနည်းငယ် လုပ်ကိုင်ကြသည်။မြို့နယ်၏အဓိက ထွက်ကုန်မှာ စပါး၊ နှမ်း၊ ကြက်သွန်ဖြူနှင့် ငရုတ်တို့ ဖြစ်ကာ ပြည်တွင်းသို့ အများဆုံးတင်ပို့​​ရောင်းချပြီး ကြက်သွန်နှင့် ငရုတ်ကို ထိုင်းနိုင်ငံသို့ အနည်းငယ် တင်ပို့​ရောင်းချသည်။လွိုင်​ကော်​ဒေသမှ အစားအ​သောက်များ တင်သွင်းပြီး ထိုင်းနိုင်ငံဘက်မှ လူ့သုံးကုန်ပစ္စည်းများ တင်သွင်းသည်။မြို့နယ်အတွင်း အလုပ်ရုံ၁ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၁၅ခု တည်ရှိသည်။[1]

ပို့​ဆောင်ဆက်သွယ်ရေး

မယ်စဲ့မြို့နယ်သည် ဖားဆောင်းဘော်လခဲနှင့် လွိုင်ကော်မြို့များသို့ ကုန်းလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သည်။ မယ်စဲ့မြို့ပေါ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခု တည်ရှိသည်။[1]

ပညာရေး

အထက

အထက်တန်းကျောင်း ၂ကျောင်းရှိသည်။

  • အထက မယ်စဲ့
  • အထက ဟိုစဲ့

အထက(ခွဲ)/အလက

  • အလက ပန်တိန်း

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀ကျောင်းရှိသည်။[1]

ကျန်းမာရေး

မယ်စဲ့မြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၈ ခု တည်ရှိသည်။[1]

​ဆေးရုံများ

  • မယ်စဲ့ မြို့နယ်​ဆေးရုံ
  • ပန်တိန်း တိုက်နယ်​ဆေးရုံ

ထင်ရှားသည့် နေရာများ

မယ်စဲ့မြို့နယ်ရှိ ထင်ရှားသည့် နေရာများမှာ မယ်စဲ့မြို့ရှိ ရတနာရန်အောင်စေတီ၊ ဓာတုဇယဓာတ်ပေါင်းစေတီနှင့် နန်းဟူးကျေးရွာရှိ ကျိုက်ထီးရိုးစေတီ တို့ ဖြစ်သည်။[1]

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.