ကဝမြို့နယ်

ကဝမြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကဝမြို့ ဖြစ်သည်။

ကဝမြို့နယ်
မြို့နယ်
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကဝမြို့
လူဦးရေ (၂၀၁၄)[1]၁၉၇,၃၆၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ကဝမြို့

သမိုင်းအကျဉ်း

ကဝမြို့နယ်သည် ရှေးမြန်မာဘုရင်များအုပ်စိုးစဉ်က ထင်ရှားသော ကျေးရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ရေလမ်းဖြင့် လှေ၊ သမ္ဗာန်၊ ပိန်းကော၊ သစ်ဖောင်၊ ဝါးဖောင်များမှအစ ပင်လယ်ရေအတက်အကျကို စောင့်ဆိုင်းနားခိုရန် ကျေးရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ နှစ်ရှည်ပင်များ ပေါက်ရောက်လျက်ရှိပြီး ကုက္ကိုလ်ပင်များ၌ ရာသီမရွေး လင်းဆွဲငှက်များ တွဲလောင်းခို၍ အမြဲတစေနေထိုင်ကြသည်ကို အစွဲပြု၍ လင်းဆွဲဂါမရွာဟု အမည်စတွင်ခဲ့သည်။ ၎င်းနောက် မွန်ဘုရင်လက်ထက်တွင် လင်းဆွဲကို မွန်ဘာသာဖြင့် ‘ကွပ်’ ဟု ခေါ်ခဲ့သဖြင့် ကွပ်ရွာ ကွပ်မြို့ ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျောကာ ကဝ ဟု ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။[3]

၁၈၈၅ ခုနှစ် အင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ကဝမြို့အား ဒါးပိန်(ယခုလှည်းကူးမြို့နယ်)နှင့် တွဲဖက်ကာ အုပ်ချုပ်ခဲ့သည်။ ထို့နောက်မှတဆင့် ကဝမြို့အား ပဲခူးစီရင်စုအတွင်း တိုက်နယ်အဆင့်သတ်မှတ်၍ တိုက်သူကြီး၊ ကျေးရွာသူကြီးများနှင့် ဂါတ်ကင်းများ ဖွင့်လှစ်ကာ အုပ်ချုပ်ခဲ့သည်။ ထို့နောက်တွင် ကဝတိုက်နယ်အတွင်း၌ ကျေးရွာမြေများနှင့် စိုက်ပျိုးမြေများ တိုးတက်လာသည့်အတွက် ကဝမြို့နယ်အဆင့် မြို့အဖြစ် သတ်မှတ်ကာ မြို့အုပ်ရုံး၊ တရားမရုံး၊ ရဲဌာန၊ အချုပ်ထောင်၊ ငွေတိုက်များ စသည်တို့ကို တိုးချဲ့ဖွင့်လှစ်လာခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ၁၉၃၄ ခုနှစ်တွင် အုပ်ချုပ်ရေးအားလုံး သနပ်ပင်မြို့နယ်သို့ ပြောင်းရွှေ့သွားကြသည်။ ၁၉၄၅ ခုနှစ်တွင် ကဝမြို့ပိုင်ရုံးနှင့် အခြားရုံးများကို ကဝမြို့၌ ဖွင့်လှစ်ခဲ့သည်။[3]

လွတ်လပ်ရေးရပြီးနောက် အစိုးရရုံးဌာနများ ဖွင့်လှစ်လာခဲ့သည့် နောက်ပိုင်းတွင် မြို့နယ်နှင့် ပတ်သက်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာရုံးများ ဖွင့်လှစ်လာခဲ့ပြီး နယ်မြေအုပ်ချုပ်ရေးတွင်လည်း (၁) အုန်းနှဲ၊ (၂) မမောက်၊ (၃) ကဓါတ်စိန် စသည့်တိုက်နယ်ကျေးရွာကြီးများကို မြို့နယ်ခွဲအဖြစ် သတ်မှတ်ကာ လက်ထောက်မြို့ပိုင်ရုံးများ ဖွင့်လှစ်အုပ်ချုပ်ခဲ့သည်။ ကဝမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၉၁ စု၊ ကျေးရွာပေါင်း ၁၅၇ ရွာ ရှိသည်။[3]

ပထဝီဝင်အနေအထား

တည်နေရာနှင့် အကျယ်အဝန်း

ကဝမြို့သည် မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင် တည်ရှိသည်။ ကဝမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ်နှင့် ၁၇ ဒီဂရီ ၁၁ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၂ မိနှစ်နှင့် ၉၇ ဒီဂရီ ၃ မိနစ်အကြားတွင် တည်ရှိသည်။ မြို့နယ်၏ ဧရိယာမှာ ၆၄၇.၆၈ စတုရန်းမိုင် ကျယ်ဝန်းသည်။[3]

နယ်နိမိတ်

အရှေ့ဘက်တွင် စစ်တောင်းမြစ်ဝ၊ အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး, လှည်းကူးမြို့နယ်၊ တောင်ဘက်တွင် ခရမ်းမြို့နယ်နှင့် မြောက်ဘက်တွင် ပဲခူးမြိုနယ်, သနပ်ပင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။[3]

မြေမျက်နှာသွင်ပြင်

ကဝမြို့နယ်သည် မြေပြန့်လွင်ပြင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၃.၃၈ ပေတွင် တည်ရှိသည်။ ပဲခူးမြစ်သည် မြောက်ဘက်မှ တောင်ဘက်သို့ ရန်ကုန်မြစ်အတွင်းသို့ စီးဝင်လျက်ရှိပြီး ဒီရေအတက်အကျရှိ၍ ရာသီမရွေး ရေယာဉ်ငယ်များ သွားလာနိုင်သည်။[3]

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၀ °C နှင့် အနိမ့်ဆုံးအပူချိန်မှာ ၂၀ °C ဖြစ်သည်။[3]

သဘာဝပေါက်ပင်

ကဝမြို့နယ်တွင် ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကုပင်၊ ပျဉ်းမပင်၊ ကနစိုပင်၊ ညောင်ပင်၊ သပြေပင်၊ အုန်းပင်၊ ထန်းပင်၊ မရမ်းပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ ဓနိပင်၊ မဲဇလီပင်၊ သမန်းပင် စသည့်အပင်များ ပေါက်ရောက်သည်။[3]

တောရိုင်းတိရစ္ဆာန်များ

တောကြောင်၊ ရှဉ့်၊ မြွေပါ၊ မြွေအမျိုးမျိုး၊ ငှက်အမျိုးမျိုး၊ ရေဝမ်းဘဲ စသည်တို့ ရှင်သန်နေထိုင်လျက်ရှိသည်။[3]

လူဦးရေဆိုင်ရာ

ကဝမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ကျား ၁၀၈၄၈၆ ဦး၊ မ ၁၁၁၁၁၈ ဦး၊ စုစုပေါင်း ၂၁၇၆၀၄ ဦးရှိသည်။[3]

လူမှုရေးဆိုင်ရာ

ပညာရေး

ကဝမြို့နယ်တွင် အထက်တန်းကျောင်းပေါင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲပေါင်း ၂၄ ကျောင်း နှင့်အခြားသော အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများလည်း တည်ရှိသည်။[3]

ကျန်းမာရေး

ကဝမြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြားတိုက်နယ်ဆေးရုံ ၆ ခုလည်း တည်ရှိသည်။ ထို့အပြင် ကျေးရွာများ၌ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၅၀ ကို ဖွင့်လှစ်ထားရှိသည်။[3]

အထင်ကရနေရာများ

  • ကဝမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မဟာမုနိငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီး
  • ဖလေးရွာရှိ ကျိုက်မတ်ကော်စေတီတော်
  • ခမဲပြင်ကျေးရွာရှိ ခမဲပြင်အောင်မြေကျွန်းမြတ်
  • မိုးဂနိမ်း (မြန်မာ) ရွာရှိ မိုးဂနိမ်းစေတီတော်မြတ်[3]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၆။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. https://www.moi.gov.mm/local-info/3068


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.