အားမဇွန်

ဂရိဒဏ္ဍာရီတွင် အားမဇွန် (အင်္ဂလိပ်: Amazons; ရှေးဟောင်းဂရိ: Αμαζόνες Amazónes, singular Αμαζών Amazōn)) သည် အေးရှမိုင်းနားဒေသတွင် နေထိုင်ခဲ့သည်ဟု ယူဆရသော သူရဲကောင်းအမျိုးသမီး မျိုးနွယ်စုတစ်ခုဖြစ်သည်။ ရိုးဒ်စ်ကျွန်းမှ အပေါလိုနိယပ်စ်က ၎င်း၏ အာဂွန်နော့တီကာ ကဗျာတွင် အားမဇွန်များသည် အဲရီးဇ်နှင့် ဟာမောနီယာ တို့၏ သမီးများဟု ဖော်ပြကာ ၎င်းတို့သည် ကြမ်းတမ်းရက်စက်ကြ၍ ဘဝတွင် ၎င်းတို့၏ အဓိကအရေးမှာ စစ်ပွဲ ဟူ၍လည်း ဆိုထားသည်။[1][2]

ဒဏ်ရာရနေသော အားမဇွန်အမျိုးသမီးရုပ်တု ၊ရောမမြို့၊ ကတ်ပီတိုလီနီပြတိုက်။
တိုက်ပွဲအတွက် ပြင်ဆင်နေသော အားမဇွန် (အန်တီယော့ ဘုရင်မ (သို့) လက်နက်ဖြင့် ဗီးနပ်စ်)၊ ၁၈၆၀ မှ Pierre-Eugène-Emile Hébert ၏ လက်ရာ။ ဝါရှင်တန် ဒီ စီ မြို့တော်ရှိ အနုပညာ အမျိုးသားပြခန်း

အားမဇွန်ဘုရင်မများထဲက ပန်သက်ဆီးလီယာသည် ထင်ရှား၍ ထရိုဂျန်စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူဖြစ်၏။ သူမ၏ညီမ ဟစ်ပေါလစ်တာတွင် ဖခင်ဖြစ်သူ အဲရီးဇ်က ပေးထားသော မှော်အစွမ်းရှိ ခါးပန်းကြိုးရှိကာ ထိုပစ္စည်းသည် ဟဲရာကလီးဇ်၏ လုပ်ငန်းတာဝန် (၁၂)ရပ်ထဲက လုပ်ဆောင်ရသော အလုပ်တစ်ခုလည်းဖြစ်သည်။ မိခင်သည် အိုထရီးရာဖြစ်၍ ပထမဆုံး အားမဇွန်ဘုရင်မဖြစ်သည်။ အားမဇွန်များသည် ထရိုဂျန်စစ်ပွဲ၌ ထရွိုင်ဘက်ကဝင်၍ ကူတိုက်ပေးခဲ့သည်။[3] ဒိုင်ယာဒေါရပ်စ်က အားမဇွန်အနွယ်များသည် ဘုရင်မ မိရီနာ (Myrina) လက်အောက်တွင် လစ်ဗျားမှ နေ၍ ခရီးသွားလာခဲ့ကြသည်ဟု ဖော်ပြသည်။[4] ဂန္ထဝင်အနုပညာရပ်တွင် ထိုအမျိုးသမီးစစ်သူရဲကောင်းများကို ဂရိများနှင့် တိုက်ခိုက်သည့် တိုက်ပွဲတွင် များသောအားဖြင့် မှုန်းချယ်ရေးဆွဲတတ်ကြသည်။ ခေတ်သစ် အစောပိုင်းကာလမှစ၍ ၎င်းတို့၏အမည် အားမဇွန် (Amazon) သည် အမျိုးသမီးသူရဲကောင်းများအတွက် ယေဘုယျသုံးစွဲသော ဝေါဟာရဖြစ်လာခဲ့သည်။ ဤမျိုးနွယ်များသည် မြို့များစွာကို တည်ထောင်ခဲ့ကြသည်ဟုလည်း ဆိုကြသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.