ထန်းလျက်

ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကို ချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင် မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့်အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဇီးမှုန့်၊ အုန်းသီးနှမ်းမြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်း စစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာ တစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိ အချိန်ထိ လူကြီး လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိသည့် အစားအစာတစ်ခု ဖြစ်သည်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများမှလည်း ကြိုက်နှစ်သက်ကြသည်။

ထန်းလျက်ခဲများ

ထန်းလျက်အမျိုးအစားများနှင့်ဈေးကွက်

ဇီးထန်းလျက်
မြေပဲထန်းလျက်

ထန်းလျက်တွင် ထန်းလျက် အမျိုးပေါင်း ရှစ်မျိုးခန့် ရှိပြီး ၎င်းတို့မှာ

  • ရိုးရိုးထန်းလျက်၊
  • အရှထန်းလျက်၊
  • ထန်းပေါ်ဦးထန်းလျက်၊
  • အုန်းထန်းလျက်၊
  • ဇီးထန်းလျက်၊
  • နို့ထန်းလျက်၊
  • နှမ်းထန်းလျက်
  • မြေပဲထန်းလျက်
  • သံပုရာထန်းလျက် နှင့်
  • ဂျင်းထန်းလျက် ဟူ၍ရှိပြီး ၎င်းတို့ထဲမှ အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံး ဖြစ်သည်။
ထန်းရည်ကို ကျိုနေပုံ
ထန်းလျက်ပြုလုပ်နေပုံ

ရိုးရိုးထန်းလျက်နှင့် ထန်းပေါ်ဦး ထန်းလျက်များကို ပွဲရုံများရှိသည့် အနယ်နယ်အရပ်ရပ်တွင် တင်ပို့မှုရှိပြီး ရောင်းချမှုများကိုလည်း နေရာအနှံ့အပြား၌ တွေ့ရှိရသည်။ အာရှထန်းလျက်အား ထန်းရည် အရက်ချက်လုပ်ရန် ထုတ်လုပ်မှုရှိပြီး နို့ထန်းလျက်၊ နှမ်းထန်းလျက်နှင့် မြေပဲထန်းလျက်များကို ကြိုတင်မှာယူမှသာ ပြုလုပ် ရောင်းချမှု ရှိသည်။ ၎င်းထန်းလျက် များပြုလုပ်ရာတွင်လည်း အရှထန်းလျက်မှာ အခက်ခဲဆုံး ဖြစ်ပြီး ၎င်းထန်းလျက် ရရှိစေရန် ထန်းရည် ကြည်သည်အထိ စောင့်ပြီးမှ ထန်းလျက်ချက်ခြင်း ပြုလုပ်ရသည်။ ထို့ကြောင့် အခက်ခဲဆုံး ဖြစ်ပြီး တခြား ဆီးထန်းလျက်၊ ရိုးရိုးထန်းလျက်၊ ထန်းပေါ်ဦး ထန်းလျက်နှင့် အုန်းထန်းလျက်တို့မှာ လွယ်ကူစွာ လုပ်ကိုင်၍ ရလေသည်။ ထန်းလျက်များ ချက်လုပ်ရာတွင် အဓိက ထန်းပင်မှကျသည့် အရည်သည် ပထမဦးရေ ဖြစ်ပြီး ၎င်းထန်းပင်မှ ကျလာသည့် ထန်းရည်ချိုအား ထန်းလျက်များကို စတင် ချက်လုပ်မှု ပြုလုပ်ရသည်။ ၎င်းထန်းလျက်များ ချက်လုပ်ရာ၌ မီးအချိန်အဆပေါ် မူတည်၍ မွှေပေးပြီး စိတ်ရှည်စွာ ချက်လုပ်ရသည်။ ထိုထန်းလျက်များထဲမှ ဆီးထန်းလျက် ထုတ်လုပ်ရသည်မှာ အလွယ်ကူဆုံးနှင့် အဆင်ပြေဆုံး ဖြစ်သည်။ ထန်းရည်ချို အများဆုံး ထွက်ရှိသည့် အချိန်သည် တပို့တွဲ၊ တန်ခူး၊ ကဆုန်၊ ဝါဆို၊ ဝါခေါင်နှင့် တပေါင်း စသည့် ခြောက်လတွင် ထန်းပင် ပိုင်ဆိုင်သူများနှင့် ထန်းလျက် ထုတ်လုပ်သူများ အတွက် အကောင်းဆုံး အချိန် ဖြစ်သည်။ ၎င်းထန်းပင်မှ ထွက်ရှိသည့် ထန်းရည်ချိုများကို ထန်းလျက်အဖြစ် ချက်၍ ကုန်ကြမ်းများကို သိမ်းဆည်းထားပြီး ထန်းပေါ်ချိန် မဟုတ်သည့် ကျန်ခြောက်လတွင် ပြန်လည် ရောင်းချမှု ပြုလုပ်သောကြောင့် ၁၂ ရာသီမပြတ် ထန်းလျက်များ ထွက်ရှိလျက် ရှိသည်။ သို့သော် ထန်းလျက်အား တချို့သော သူများက ကြံသကာများ၊ သကြားများနှင့် ရော၍ ချက်လုပ်မှုများ ရှိနေသည်။ သို့သော် ထန်းလျက်အစစ်နှင့် အတု မှာလည်း စားကြည့်ရုံမျှ ကွဲပြားမှုများ ရှိသည်။ နွေနှင့်မိုးရာသီတို့တွင် ထန်းလျက်ချက်လုပ်မှု အများဆုံး ပြုလုပ်ကြသည်။ ထိုရာသီများသည် ထန်းရည်ပေါ်ချိန် ဖြစ်သောကြောင့် ကုန်ချော အများဆုံး ထုတ်လုပ် နိုင်ခြင်းဖြစ် သည်။ သို့သော် ၎င်းရာသီဥတု အခြေအနေကြောင့် ဝယ်လိုအားမှာ ပွဲရုံများသို့ ပို့ဆောင်ရသည့် ရိုးရိုးထန်းလျက်နှင့် ထန်းပေါ်ဦး ထန်းလျက်များကိုသာ ရောင်းချမှု ရှိလေသည်။ တခြား ထန်းလျက်များမှာ ကုန်ကြမ်း အဖြစ်သာ သိမ်းဆည်းမှု ပြုလုပ်ပြီး ဆောင်းရာသီတွင် ထုတ်လုပ်ရောင်းချမှု ပြုလုပ်ရသည်။ ထန်းပင် အပင် ၄ဝ တွင် ထန်းလျက် အချိန်ပေါင်း ၂၅ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

ထန်းလျက်ကို အစားအစာနှင့်မုန့်များတွင် ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဖြစ်ဝါးဖြစ်သောက်သုံးကြသည်။ ကမ္ဘာတစ်ဝန်းတွင် ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ် အဖြစ် အသုံးပြုကြသည်။ ကမ္ဘာတစ်ဝန်းရှိ ထန်းလျက် ရောင်းချမှုဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယမှ တင်ပို့လျက်ရှိသည်။ ထို့ပြင် ထန်းလျက်မှ တစ်ဆင့် ချက်လုပ်သည့် အရက်ကိုလည်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ၎င်း ထန်းလျက်အရက်မှာ ထန်းလျက်များကို အရည်ဖျော်ပြီး ရရှိလာ သောထန်းလျက်ရေများကို အချဉ်ဓာတ်ပါသော ဆေးများထည့်၍ နှစ်ရက်ခန့် သိမ်းထားပြီး သုံးရက်မြောက် နေ့တွင် ပြန်၍ ချက်ရသော သဘာဝစစ်စစ် ထန်းလျက်မှ ရရှိသည့် အရက်များကိုလည်း ပြည်ပနိုင်ငံများမှ အထူး ကြိုက်နှစ်သက်ကြသည်။ ထန်းလျက်ပြုလုပ် ရောင်းချကြသူများ အနေဖြင့် တစ်နေ့လျှင် ထန်းလျက် အချိန်ပေါင်း ၃ဝ ကျော်ခန့် နေ့စဉ် ပြုလုပ်ရသည်။ ဆောင်းရာသီ အချိန်ကာလများ၌ ကုန်ကြမ်းများ ရှားပါးခြင်းကြောင့် သိုလှောင်ထားသည့် ကုန်ကြမ်းများကို ထုတ်လုပ်ပြီး ရောင်းချနေရ၍ ဆောင်းရာသီသည် ထန်းလျက်ဈေးနှုန်း အမြင့်ဆုံးအချိန် တစ်ခုလည်းဖြစ်သည်။ ကုန်ကြမ်းပေါများချိန်တွင် ထန်းလျက် တစ်ပိဿာလျှင် ကျပ် ၁၈ဝဝ ခန့်သာ ပေးရသော်လည်း ယခုလို အချိန်တွင် ထန်းလျက် တစ်ပိဿာလျှင် ကျပ် ၃ဝဝဝ ဝန်းကျင်ခန့် အထိ မြင့်တက်သွားလေ့ ရှိသည်။ ထန်းလျက်ဈေးနှုန်းများမှာလည်း ရိုးရိုး ထန်းလျက်နှင့် ထန်းပေါ်ဦး ထန်းလျက်တို့သည် တစ်ပိဿာလျှင် ၁၈ဝဝ ကျပ်ခန့်ရှိပြီး အုန်းထန်းလျက်၊ ဆီးထန်းလျက်တို့၏ တစ်ပိဿာမှာ ကျပ် ၃ဝဝဝ ဝန်းကျင်ရှိကာ နို့ထန်းလျက်၊ နှမ်းထန်းလျက်နှင့် မြေပဲ ထန်းလျက်များကို ၅ဝ ကျပ်သားနှင့် အထက် ကြိုတင်မှာယူမှသာ ပြုလုပ်ပေးကြပြီး ဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၄ဝဝဝ ခန့်ရှိသည်။ ထန်းရည်ပေါ်ချိန် မဟုတ်ခြင်းကြောင့် ထိုသို့ဈေးနှုန်းများ မြင့်တက်နေသော်လည်း ထန်းရည်ပေါ်ချိန်၌ ထိုဈေးနှုန်း၏ တစ်ဝက်ခန့်သာ ရှိပေသည်။[1]

ထန်းလျက်နှင့်ကျန်းမာရေး

ထန်းလျက်တွင် သကြားထန်းလျက်၊ ထန်းသီးထန်းလျက်ဆိုပြီး ၂ မျိုးခွဲခြားနိုင်သည်။ အရောင်မှာလည်း အနည်းငယ်ကွဲပြားပြီး သကြားထန်းလျက်ကအဖြူရောင်ကဲပြီး ထန်းသီးနှင့်ချက်သောထန်းလျက်က အညိုရောင်အဆင်းရှိသည်။ ထန်းလျက်မှာ ပါဝင်သည့် အချိုဓာတ်သည် သကြားထက် ပိုများသည်။ ထန်းလျက်သည် အစာခြေစနစ်ကို ကောင်းမွန်စေသော အစွမ်းရှိပြီး အစာကြေလွယ်စေသည်။ ထို့ပြင် ထန်းလျက်ကို မန်ကျည်းသီးနှင့် ရောပြီး မန်ကျည်းဖျော်ရည် အဖြစ်လည်းသောက်သုံးကြသည်။ မန်ကျည်းသီးနှင့် ထန်းလျက်ကို ရေတစ်ဖန်ခွက်ထဲ ရောစိမ်ပြီး ဆားအနည်းငယ်ထည့်ကာ ခန္ဓာကိုယ်အတွင်းက အပူတွေ ကင်းစင်စေရန်အတွက် သောက်နိုင်သည်။ ထန်းလျက်ကို ချင်း နှင့် ရောပြုတ်ပြီး အအေးမိခြင်း၊ နှာစေးခြင်း ကာကွယ်ရန်အတွက် သောက်သုံးကြသည်။ ထန်းလျက်ကို စားသုံးခြင်းအားဖြင့် အသည်းတွင်စုနေသည့် အဆိပ်အတောက်များလည်းပျက်ပြယ်စေနိုင်သည်။ အစာအိမ်၊ အူ တွေထဲတွင် ရှိနေသော ခန္ဓာကိုယ်အတွက် မလိုအပ်သော အဆိပ်အတောက်များကိုလည်း ခြေဖျက်ပေးနိုင်သည်။[2]

ကိုးကား

  1. ရွှေတည် (၁ ဒီဇင်ဘာ ၂၀၁၅)။ ပြည်တွင်းသာမက ပြည်ပနိုင်ငံများ အထိပါ ထိုးဖောက် ရောက်ရှိနေဆဲ ဖြစ်သည့် သဘာဝ ထန်းလျက်များ မြဝတီ။ ၁၁ နိုဝင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Mee Mee (၄ ဩဂုတ် ၂၀၁၆)။ ကျန်းမာရေး အကျိုးပြု ထန်းလျက် 10 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ နိုဝင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.