ထီးတန်ဆောင်ဘုရား

ထီးတန်ဆောင်ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းညောင်ဦးကားလမ်းမ၊ ညာဘက်တွင် တည်ရှိသည်။ ပုဂံပြည်မှအစ ယနေ့မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဓမ္မဝိနယ မီးတိုင်ကြီးကို စတင်ထွန်းညှိပေးခဲ့သော ရှင်အရဟံ မထေရ်မြတ်၏ ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထားသည့် စေတီဖြစ်သည်။ စေတီမှာ ပုဂံခေတ်လက်ရာ ဖြစ်သည်။

ရှင်အရဟံသည် ၄၁၉-ခုနှစ်၊ သာသနာသက္ကရာဇ် ၁၆၀၁-ခု မတိုင်မီက ဦးစွာရောက်လာပြီးနောက် အရှင်ဉာဏ၊ အရှင်အာနန္ဒာ၊ အရှင်သီလဗုဒ္ဓိ စသော မထေရ်မြတ်တို့နှင့်အတူ သာသနာပြုခဲ့သူ ဖြစ်သည်။ အနော်ရထာစောလူးကျန်စစ်သားအလောင်းစည်သူမင်း (၄)ဆက် အထိ နှစ်ပေါင်း(၅၀)ကျော်မျှ သာသနာပြုခဲ့သော ရဟန္တာမြတ်ဖြစ်သည်။

အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ(၄၅၅၃)၊ သာသနာ(၁၆၃၇)ခု သက်တော် (၈၁)နှစ်တွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက် ထီးတန်ဆောင် စေတီတည်ရာတွင် ပြုလုပ်ခဲ့သည်။ ထီးတန်ဆောင်ဘုရားအား ထီးတန်ဆောင်းဟူ၍၎င်း၊ ဘုရားထီးဆောင်း ဟူ၍၎င်း ခေါ်တွင်ကြသည်။

ရှင်အရဟံသည် ထေရဝါဒဗုဒ္ဓဘာသာဟူသော ထီးကြီးဖြင့် လေမိုးတို့ မစွတ်စိုရအောင် တစ်နိုင်ငံလုံးအား မိုးကာပေးခဲ့သော ပုဂ္ဂိုလ်မြတ်ဖြစ်သည့် ဗုဒ္ဓ၏ ဓမ္မဝိနယ မီးတိုင်ဖြင့် အမှောင်ကိုခွင်း၍ အလင်းကို ဆောင်ခဲ့သူ သာသနာ့ အာဇာနည်တစ်ပါးလည်း ဖြစ်သည်။ ထို့ကြောင့် စေတီတော်မြတ်အား ထီးတန်ဆောင်း ဖြစ်စေ၊ ထီးတန်ဆောင် ဘွဲ့တော် (၂)မျိုးစလုံး သင့်မြတ်ကြောင်း ပုဂံရှေးဟောင်းသုတေသန အရာရှိ ဦးဗိုကေ(ဗြဟ္ဗစာရီ မွန်ဗိုကေ)က ပြောသွားခဲ့ဖူးပေသည်။ [1]

ကိုးကား

  1. ရေနံ့သာဝင်းမောင်။ စွယ်တော်(၅)ဆူ ပြည့်(၅)ပြည့်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.