သက်တော်ရစေတီတော်

သက်တော်ရစေတီတော်သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့အတွင်း ဝက်ကြီးအင်းချောင်း အနီးရှိ ဆူးလေကုန်းပေါ်တွင် တည်ရှိသည်။ ရှေးအခါက ယင်းကုန်းမြေကို စောလူးကုန်းဟု ခေါ်တွင်ခဲ့ပြီး ကာလရွေ့လျားလာသည်နှင့် ဆူးလေကုန်းဟု ယနေ့အမည်တွင်သည်။ ဆူးလေကုန်းသည် တရုတ်ပြေး ဥမင်အနီး ဂူပြောက်ကြီးဘုရား၏ တောင်ဘက် ကျန်စစ်သား ဥမင်ဂူ၏ အရှေ့ဘက်တွင် တည်ရှိသည်။

သက်တော်ရစေတီတော်သည် လေးဘက်မုခ်ပါသော ဂူဘုရား အမျိုးအစားဖြစ်သည်။ သက်တော်ရစေတီတော် တည်ထားပုံလက်ရာအရ သက္ကရာဇ် ၁၀၇၇-၁၀၈၄-ခုနှစ်ကာလ၊ စောလူးမင်း လက်ထက်တွင် တည်ထားခဲ့သည်ဟု တွက်ဆနိုင်သည်။

မုခ်လေးခုတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပနှင့် ဂေါတမစသည့် ဘုရားလေးဆူကို ရည်စူးတည်ထားသည်။ အရှေ့မုခ်ရှိ ဆင်းတုတော်မှာ မတ်ရပ်ဆင်းတုတော်ဖြစ်ပြီး ကျန် သုံးဆူမှာ တင်ပလ္လင်ခွေ ဆင်းတုတော်များဖြစ်သည်။ အတွင်းဂန္ဓကုဋိရှိ ဆင်းတုတော်များ၏ နောက်ကျောဘက် နံရံများ၌ ရှေးဆေးရေး ပန်းချီများဖြင့် တန်ဆာဆင်ထားသည်ကို ယနေ့တိုင် အထင်အရှားရှိနေသည်။[1]

ကိုးကား

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.