ဓမ္မရာဇိကဘုရား

ဓမ္မရာဇိကစေတီသည် ဖွားစောရွာ သစ်မထီးကျောင်းတိုက် အနီးတွင် ရှိသည်။ စေတီတော်ကြီးကို ၁၁၉၇ ခုနှစ်တွင် တည်ထားခဲ့ပြီး အလှူဒါယကာမှာ နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁) ဖြစ်သည်။

ဤဆောင်းပါးသည် မြန်မာနိုင်ငံ၊ ပုဂံရှိ စေတီ အကြောင်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံရှိ စေတီ အတွက် ဓမ္မရာဇိကစေတီတော် ကို ကြည့်ပါ။
ဓမ္မရာဇိကစေတီ
  • စေတီပုထိုးအမှတ်=၉၃၇/၄၁၂−က

သမိုင်း

သီဟိုဠ်ဘုရင်ထံမှ မြတ်စွာဘုရား၏ သရီရ ဓာတ်တော် အဆူ ၃၀ ကို ရွှေကြုတ်နှင့်တကွ ရလျှင် ဓမ္မရာဇိက တည်မည့်နေရာ ကျောက်ဖျာထက်၌ ထား၍ ဌာပနာသည်။ ကျပ် လေးသောင်းလေးရာ နှစ်ဆယ်ခုနှစ်ကျပ် တိတိကို ရေစက်သွန်းချ လှူဒါန်းဆောက်လုပ်သည်။ စေတီတော်တည်သည်မှာ တစ်နှစ်မျှသာ ကြာသည်။ အရှေ့ဘက် ဂူအတွင်း၌ ကျောက်စာမှတ်တမ်းထားရှိခဲ့သည်။

Jataka

ဗိသုကာ လက်ရာများ

ဓမ္မရာဇိကစေတီတော်ကြီးသည် ညောင်ဦး ရွှေစည်းခုံ စေတီတော်နှင့် တူသယောင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ပန္နက်အောက်ခြေသည် စတုရန်းပုံအစား ငါးမြှောင့်ပုံ ဖြစ်သည်။ ယင်းအထက် ပစ္စယာသုံးဆင့် တည်ဆောက်ထားသည်။ ပစ္စယာ အဆင့်ဆင့်၌ ငါးရာ့ငါးဆယ်ဇာတ် စဉ့်သုတ်ရုပ်ကြွအုတ်ချပ်များ ကပ်ထားသည်။ ထိုအထက်၌ ခေါင်းလောင်းပုံ တည်ဆောက်ပြီး ရစ်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည် တို့တက်သွားသည်။ အထွတ်ရှိ ထီး ပျက်စီးနေသည်။
စေတီတော်ကြီး၏ ငါးမျက်နှာ၌ အာရုံခံအုတ်ဂူ ငါးလုံးရှိသည်။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်ကောဏာဂုံကဿပဂေါတမနှင့် ပွင့်အံ့သော အရိမေတ္တယျဘုရား တို့ကို ရည်မှတ်ကာ ကြေးဆင်းတု ငါးဆူ သွန်းလုပ်ပြီး ဂူငါးလုံးတွင် ပူဇော်ထားသည်။ အုတ်ဂူငါးလုံးသည် တညီတည်း တစ်ပုံစံတည်းဖြစ်သည်။ ထိုဂူများ၏ ပန္နက်ပုံသည် အစဉ်အလာ စတုရန်းပုံဖြစ်ပြီး အာရုံခံအထက်၌ ပစ္စယာကွမ်းတောင် စသည်တို့ ပါရှိသည်။
ဂူဘုရားငါးခုတွင်လည်း ပုဂံဆေးရေး နံရံပန်းချီများရှိသည်။ မင်စာများလည်း ရှိသည်။ ဤဓမ္မရာဇိက စေတီပုံကို စူဠာမဏိလိုဏ်ဂူဘုရား အောက်ထပ် မြောက်ဘက်မျက်နှာရှိ ဆင်ရုပ်ခေါင်းနေရာတွင် "သက္ကရာဇ် ၆၇၉ ခုက စတ္တာလင်က ဗိုလ်ဆရာသည် ဓမ္မရာဇိက စေတီပုံ ရေးဆွဲပူဇော်သည်" ဟူသော မင်စာနှင့်အတူ တွေ့ရသည်။ ဤပုံအရ ပုဂံခေတ် စေတီပုံစနစ်ကို လေ့လာနိုင်သည်။[1]

ကိုးကား

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.