ရှင်ပင်သက်ရှည်ဘုရား

ရှင်ပင်သက်ရှည်ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် အေဒီ(၁၂)ရာစုတွင် တည်ထားကိုးကွယ်ခဲ့ပြီး ပုဂံမြို့ဟောင်း ကန်တော့ပလ္လင်ဘုရား အနောက်ဘက် ပုဂံဟိုတယ်ဝင်းအတွင်း အနောက်တောင်ထောင့်တွင် ကိန်းဝပ်တော်မူလျက် ရှိသည်။

ဘုရား၏ ဉာဏ်တော်အမြင့် ပေ ၄၀ ခန့်ရှိပြီး ပစ္စယာ အဆင့်များပေါ်တွင် စေတီရံ ၁၃-ဆူတည်ထားသည်။ အာရုံခံမုခ်သည် အရှေ့ဘက်သို့လှည့်လျက် တည်ရှိသည်။ အတွင်းဂန္ဓကုဋိတိုက်တွင် တံကဲနှင့် အတူ အရှေ့လှည့် ဆင်းတုတော် တစ်ဆူ တည်ရှိသည်။ ဘုရားတံကဲ အင်္ဂတေပန်းလက်ရာများသည် ယနေ့တိုင် ရှေးမူမပျက် တည်ရှိနေသည်။ ဂန္ဓကုဋိတိုက်တွင်းရှိ ဗုဒ္ဓဆင်းတုတော်မှာ အေဒီ (၁၃)ရာစုတွင် ပြန်လည်ပြုပြင်ထားသည့် လက္ခဏာများ တွေ့ရှိရသည်။ ဘေးကပ်မုခ်ထဲတွင် ဗုဒ္ဓဝင် ရှစ်ခန်း ရုပ်တုများတည်ရှိသည်။

ဂန္ဓကုဋိတိုက်၏ မျက်နှာကြက်တွင် ပုဂံခေတ်နံရံဆေးရေးပန်းချီများကို ရေးခြယ်ထားပြီး အာရုံခံမုခ် မျက်နှာကြက်တွင် နှစ်ကျိပ်ရှစ်ဆူ ဆင်းတုတော်ပုံ နံရံဆေးရေးပန်းချီများကို ရေးဆွဲထားသည်။ အာရုံခံမုခ်၏ ဝဲဘက်တွင်ရှိသော ကြောင်လိမ်လှေကားဖြင့် ဘုရားအထက်ပစ္စယာသို့ တက်ရောက်နိုင်သည်။[1]

ကိုးကား

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.