တန်ဆောင်းဂူဘုရား

တန်ဆောင်းဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ ဘုရားတစ်ဆူ ဖြစ်သည်။ အိမ်ရာကျောင်းငါးမျက်နှာဘုရား အရှေ့မြောက်ဘက် မြစည်းခုံသို့သွားသည့် လမ်းဘေးတွင် ရှိသည်။ ကောင်းမှုကုသိုလ်ရှင်မှာ အိုထက်ပြည့်သင်၏ အိမ်ရာကျောင်းဖြစ်ပါသည်။ ငါးမျက်နှာ အိမ်ရာကျောင်း၏ တောင်ဘက်တွင် ခေမင်္ဂဘုရားအပါအဝင် ငါးမျက်နှာ ဂူဘုရားအစု ရှိပါသည်။

  • စေတီပုထိုးအမှတ် = ၅၀၉၅

ဘုရားအမှတ်(၁၈၄၃)၊ (၁၈၄၄)၊ (၁၈၄၅)၊ (၁၈၄၆)၊ (၁၈၄၇) စေတီပေါက် ဂူဘုရားများတွင် (၁၃)ရာစု နံရံပန်းချီ လက်ရာကောင်းများကို တွေ့နိုင်ပါသည်။ ထိုဘုရားငယ် ငါးဆူအနက် သုံးဆူမှာ ၁၈၉၉-ခုနှစ်က ထော်မန်းနှင့်အဖွဲ့၏ နံရံပန်းချီများ လှီးဖြတ်ယူငင်ခြင်းကို ခံခဲ့ရပါသည်။

အထက်ဖော်ပြပါ မစ္စတာထော်မန်းနှင့် အဖွဲ့ ၁၈၉၉ ခဲရေးမှတ်တမ်းစာမှာ (၁၈၄၄)ဂူဘုရားတွင် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ယင်းဂျာမန်အဖွဲ့ နံရံပန်းချီ ခွာယူပုံ ခွာယူနည်းမှာ ပထမ ပန်းချီရေးဆွဲထားသည့် နံရံမျက်နှာပြင်အား ကော်သုတ်လိမ်း၍ ဂျာမန်သတင်းစာများကို ပြန့်ပြူးအောင်တင်ပြီး အခြောက်ခံကာ လိုအပ်သလို အကွက်ဖော် လှီးဖြတ်၍ အောက်ခြေမှ နံရံကို လွှဝိုင်းဖြင့် လှည့်ကာ လှီးဖြတ်ခြင်း ဖြစ်သည်။

မစ္စတာထော်မန်း၏ ဂျာမန်ဘာသာဖြင့်ရေးသားထားသော မြန်မာနိုင်ငံအကြောင်း မှတ်တမ်းစာအုပ်ပါ ဓာတ်ပုံမှတ်တမ်းများအရ မစ္စတာထောမန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ သင်္ဘောနှင့် မြန်မာနိုင်ငံ၊ နာဂတောင်တန်းမှတဆင့် ပုဂံ၊ မန္တလေးသို့ ရောက်ရှိလာခဲ့သည်။ ပုဂံတွင် နတ်လှောင်ကျောင်းဝင်းအတွင်း တပ်စွဲနေသည့် ကုလားစစ်တပ်ထဲ၌ သွားရောက်နေထိုင်ပြီး ပုဂံဘုရားများမှ ပန်းချီ၊ ပန်းပု၊ စဉ့်ကွင်းကျောက်ဆစ်လက်ရာများကို ရနိုင်သမျှ စုဆောင်း၍ သေတ္တာများရိုက်ပြီး ထည့်ကာ သင်္ဘောနှင့် သယ်ယူသွားကြောင်း သိရလေသည်။ ဝက်ကြီးအင်း၊ ဂူပြောက်ကြီးဘုရားတောင်ဘက် နံရံကို မခွာမီ မစ္စတာထောမန်း လေ့လာကြည့်ရှုနေပုံကို ထိုစာအုပ်ရှိ ဓာတ်ပုံမှတ်တမ်းအရ တွေ့ရပါသည်။ ယင်းစာအုပ်တွင် ပုဂံမြို့မှ ဇာတ်သဘင်မျိုးရိုး မိသားစုများနှင့် မစ္စတာထောမန်း တွဲ၍ ရိုက်ထားသည့် ဓာတ်ပုံကိုလည်း တွေ့ရသည်။[1]

ကိုးကား

  1. မောင်ကြည်ပန်း(မြင်းကပါ)၊ ယဉ်ကျေးမှုအမွေ ပုဂံမြေမှ စေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.