ရခိုင်မုန့်တီ

ရခိုင်မုန့်တီသည် ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ နေ့စဉ် မုန့်ပဲသရေစာ၊ မနက်စာ၊ နေ့လယ်-ညနေ အဆာပြေအစားအစာအဖြစ် စားသုံးလေ့ရှိကြပြီး အလှူများတွင်လည်း ထည့်သွင်း လှူဒါန်းလေ့ရှိကြသည်။ ရခိုင်လူမျိုးတို့၏ ရိုးရာအစားအစာများထဲမှ မြန်မာလူမျိုးတို့ အကြိုက်ဆုံးအစားအစာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်မုန့်တီကို အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် ဟူ၍ အမျိုးမျိုးပြုလုပ် စားသုံးနိုင်သည်။ ရခိုင်မုန့်တီတွင် ပါဝင်တတ်သော ပစ္စည်းများနှင့် ရခိုင်မုန့်တီချက်ပြုတ်နည်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

ရခိုင်မုန့်တီ
ရခိုင်မုန့်တီ
အဓိကသုံးဆောင်မှုနံနက်စာ၊ နေ့လယ်စာ
မူရင်းနိုင်ငံမြန်မာနိုင်ငံ
ဒေသရခိုင်ပြည်နယ်
အဓိက ပါဝင်ပစ္စည်းမုန့်ဖတ်၊ ငါး၊ ငါးပိ၊ ငရုတ်ကောင်း၊ နံနံပင်၊ ကြက်သွန်
Cookbook: ရခိုင်မုန့်တီ  Media: ရခိုင်မုန့်တီ

ပါဝင်ပစ္စည်းများ

  • (၁) မုန့်ဖတ်
  • (၂) ငါးရွှေ သို့မဟုတ် ငါးလိပ်ကျောက် သို့မဟုတ် ငါးကြင်း
  • (၃) ဆား
  • (၄) ငါးပိ
  • (၅) ငါးရုပ်ကောင်း
  • (၆) ကြက်သွန်ဖြူ
  • (၇) ပဒဲကော (မထည့်ဘဲလည်း ချက်နိုင်သည်။)
  • (၈) ပဲကြော် (သို့) ငါးဖယ်ဆုပ်
  • (၉) နံနံပင်
  • (၁၀) ကြက်သွန်နီပါးပါးလှီး (ကြက်သွန်နီကြော်)
  • (၁၁) အာပူလျှာပူ (ငရုပ်သီးချက်)
  • (၁၂) မန်ကျည်းသီး/မရမ်းသီး အချဉ်ရည် (သို့) ရှောက်သီး / သံပုရာသီး

ရခိုင်မုန့်တီချက်နည်း

အထက်ပါပစ္စည်းများ အစုံအလင်ရရှိပါက ငါးရွှေ သို့မဟုတ် ငါးလိပ်ကျောက် သို့မဟုတ် ငါးကြင်း အား ရေစင်အောင်ဆေးပြီး ရေတစ်ဆူစာ ပြုတ်ပါ (သို့) ကင်ပါ ။ ပြုတ်ထားသော / ကင်ထားသောငါးကို အရိုးနှင့် အရေခွံစင်အောင် ပြုလုပ်ပြီး အသားလုံးလေးများဖြစ်အောင် လက်ဖြင့်လုံးပါ။ (ငါးသားလုံးအနည်းငယ်ကို ငရုပ်သီးချက်အတွက်ချန်ထားပါ။) ပြီးပါက လူအနည်းအများအပေါ်လိုက်၍ အနေတော်ဒယ်အိုးဖြင့် ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ပဒဲကော အပင်နှင့်အမြစ်ကို မကြေတကြေထောင်းပြီး ရေနွေးအိုးစတည်ကတည်းကထည့်ပါ။ ငရုပ်ကောင်းအား ညက်ညက်ထောင်းပါ။ ပြီးလျှင် ကြက်သွန်ဖြူကို မညက်တစ်ညက်ထောင်းပြီး ရေနွေးပွက်ပွက်ထဲသို့ ငရုပ်ကောင်းနှင့် အတူထည့်ပါ။ (ကြက်သွန်ဖြူအခွံမနွင်ဘဲ ထည့်ပါက ပို၍မွှေးပျံ့သောရနံ့ကိုရရှိပါမည်။) ငါးပိ အနေတော်(လိုအပ်သလို အနည်းအများ ထည့်နိုင်သည်) ကိုထည့်ပြီး ဆား၊ အချိုမှုန့် (သို့) ပုဇွန်ခြောက်မှုန့် အိုးအဖုံးကို ဆယ့်ငါးမိနစ်ခန့် ဖုံးအုပ်ထားပါ။ ငါးအသားတုံးလေးများကို ထည့်ပါ။ ဟင်းရည်ဆူပွတ်လာသည်အထိထားပြီး အရသာအနေတော်ဖြစ်ပါက မုန့်တီဟင်းရည်အဖြစ် (ပါးပါးလှီးထားသော ကြက်သွန်နီထည့်နိုင်)နံနံပင်၊ကြက်သွန်နီကြော်၊ မုန့်ဖတ်၊ ပဲကြော် (သို့) ငါးဖယ်ဆုပ်၊ မန်ကျည်းသီးအချဉ်ရည် တို့နှင့် တွဲဖက် သုံးဆောင်နိုင်ပါသည်။

မုန့်တီလျှာပူအာပူ သို့မဟုတ် ရခိုင်မုန့်တီသုပ် စားသုံးလိုပါက ငရုပ်သီးချက်(သို့) ငရုပ်သီးထောင်း ပြုလုပ်ပေးရပါမည်။

ရခိုင်မုန့်တီအသုပ်

မုန့်ဖတ်အနည်းငယ်တွင် အာပူလျှာပူငရုပ်သီးထောင်း (သို့) အာပူလျှာပူငရုပ်သီးချက် ကို အနေတော်ထည့်ပါ။ ဆား၊ အချို့မှုန် နှင့် မန်ကျည်းမှည့်ရည် အနေတော်ထည့်ပြီး သမအောင်မွှေပြီးပါက နံနံပင်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ကြော်၊ ငါးဖယ်၊ ပဲကြော် တို့နှင့် ရောစပ်စားသုံးနိုင်ပါသည်။ (အရည်ချွဲချွဲသုပ်ထားသော ရခိုင်မုန့်တီအသုပ်ကို စားသုံးလိုပါက အာပူလျှာပူ ငရုပ်သီးချက် ပြုလုပ်ရန်နှင့် ပုံမှန်အသုပ်စားသုံးလိုပါက အာပူလျှာပူ ငရုပ်သီးထောင်းကို သုံးနိုင်ပါသည်။)

အာပူလျှာပူ ငရုပ်သီးထောင်း ပြုလုပ်နည်း

ငရုပ်သီးအစိမ်းအနည်းငယ်နှင့်အတူ ငါးပိအနည်းငယ်ကို မီးဖုတ်ပြီး၊ ငရုပ်ကောင်းအနည်းငယ်၊ ကြက်သွန်ဖြူတို့အား ခပ်ညက်ညက် ဖြစ်အောင် ရောပြီးထောင်းပါက ရခိုင်မုန့်တီအသုပ်တွင် ထည့်သွင်းစားသုံးရန် အဆင်သင့်ဖြစ်သော ငရုပ်သီးထောင်းကို ရရှိပြီဖြစ်ပါသည်။

အာပူလျှာပူ ငရုပ်သီးချက် ပြုလုပ်နည်း

အိုးအသေးတစ်လုံးထဲတွင် အာပူလျှာပူငရုပ်သီးထောင်း၊ ချန်ထားသော ငါးသားလုံးအနည်းငယ်နှင့် မုန့်တီဟင်းရည်အနည်းငယ်ကို မပျစ်မကြဲဖြစ်အောင် ထည့်ပြီး တစ်ဆူစာတည်ပြီး ကျက်ပါက ငရုပ်သီးချက် ရရှိပြီဖြစ်ပါသည်။ ငရုပ်သီးချက်ကို မုန့်တီအရည်ထဲ ထည့်၍လည်းကောင်း၊ မုန့်တီသုတ်အဖြစ်လည်းကောင်း ပြုလုပ်၍ စားသုံးနိုင်ပါသည်။

ငါးမှုန့် ပြုလုပ်နည်း

ငါးရွှေ၊ ငါးကြင်း ကိုယ်နှစ်သက်ရာ ငါးမှုန့်ပြုလုပ်ရန်သင့်တော်သည့် ငါးတစ်မျိုးကို ပြုတ်ပါ။ ရေဆူပါက အရေခွံနှင့် အရိုးစင်အောင်နွင်ပြီး အသားသပ်သပ်ဖယ်ထားပါ။ ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ပြီး ဆီဆူပါက ဆနွင်းမုန့်အနည်းငယ်ကိုထည့်မွေပါ။ ဆနွင်းမှုန့်ကျက်သည့်အနံ့ရပါက အသားသပ်သပ်ဖယ်ထားသော ငါးများကိုထည့်ပါ။ ဆားအနည်းငယ် ထည့်မွှေပြီး ငါးမှုန့်လေးများကြွရွလာသည်အထိ မွှေပြီးပါက အဆင့်သင့်ထည့်ပြီးစားသုံးနိုင်သော ငါးမှုန့်ကိုရပြီဖြစ်ပါသည်။ ငါးမှုန့်ပြုလုပ်ရာတွင် ငါးရွှေ ၊ ငါးကြင်း စသည့် ကိုယ်နှစ်သက်ရာငါးကို ကင်ခြင်းဖြင့်ပြုလုပ်ပါက ဟင်းရည်အနံ့သင်းသင်းကို ရရှိနိုင်သည်။

မန်ကျည်းသီးအချည်ရည် ပြုလုပ်နည်း

မန်ကျည်းသီးတောင့်အစိမ်း (၂)တောင့် သုံးတောင့်ခန့်ကို အခွံမခွာဘဲ ရေနွေးဆူဆူထဲတွင် ဆယ်မိနစ်ခန့်ထည့်ပြုတ်ပါ။ မကျည်းသီးတောင့်များ နူးလောက်သည့်အချိန်တွင် မကျည်းသီးတောင့်များကို ရေထဲမှ ဆယ်ယူပြီး ပန်းကန်လုံးတစ်ခုထဲ ပြောင်းထည့်ပါ။ ထိုပန်းကန်လုံးထဲသို့ ရေနွေးသုံးပုံတစ်ပုံခန့်ထည့်ပြီး မကျည်းသီးတောင့်များကို ဟင်းခပ်ဇွန်းဖြင့် လိုသလောက်ခြေပေးပါ။ သင့်တော်သည့်အချဉ်အရသာ အနေတော်ရလျှင် မုန့်တီထဲ ထည့်ပြီး စားသုံးနိုင်ပါသည်။

ငါးဖယ်ဆုပ်ကြော် /ငါးဖယ်လုံးကြော်ပြုလုပ်နည်း

ရခိုင် အခေါ် ငါးညို့ (သို့မဟုတ်) ငါးဖယ်ငါးကို ရေစင်အောင်ဆေးပြီး အလယ်ကျောရိုးဘေးဘက်မှနေ၍ တစ်ဖက်တစ်ချက်ခြမ်းပြီး အလယ်ကျောရိုးကို ဖယ်ထုတ်ပါ။ ဘေးတစ်ဖက်တစ်ချက်ရှိ အသားများကို ဇွန်းဖြင့် အရိုးလွတ်အောင် ခြစ်ပါ။ ရရှိလာသော အသားများကို ငရုပ်ဆုံထဲတွင် စေးကပ်သည်အထိနာနာထောင်းပေးပြီး ပျော့ပျောင်းစေးကပ်သည့်အနေအထားရပါက ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ပြီးဖယ်ထားပါ။ ဂျင်းအနည်းငယ်ကို သေချာညက်အောင်ထောင်းပြီး ထောင်းထားသော ငါးဖယ်အသားများတွင် ထည့်ပါ။ ဆားအနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်၊ ဆနွင်းမှုန့်အနည်းငယ် (ထည့်သည်ဆိုရုံ) ထည့်ပြီး ငါးဖယ်အသားများတွင် နှံ့သည်အထိ နှယ်ပေးပါ။ နှယ်ထားသော ငါးဖယ်ကို ငါးဖယ်အလုံး (သို့မဟုတ်) ငါးဖယ်ဆုပ် ကိုလက်ဖြင့် လိုသလို ပုံစံပြုလုပ်၍ ပန်းကန်ပြားပေါ်တွင် တင်ထားပါ။ ပြီးလျှင် မီးဖိုတွင် ဆီအိုးတည်ပြီး ဆီဆူပါက ငါးဖယ်လုံး (သို့) ငါးဖယ်ဆုပ်များကို ဒယ်အိုးတွင် နေရာအကျယ်ကိုလိုက်၍ လိုအပ်သလို ထည့်ကြော်ပြီးပါက မုန့်တီတွင် ထည့်သွင်းစားသုံးနိုင်သော ငါးဖယ်ဆုပ်ကြော် (သို့မဟုတ်)ငါးဖယ်လုံးကြော်ကို ရရှိနိုင်ပြီဖြစ်ပါသည်။

ရခိုင်မုန့်တီနှင့် တွဲဖက်စားသုံးနိုင်သော အရာများ

  • (၁) ပဲကြော်
  • (၂) ငါးဖယ်ဆုပ်ကြော် (သို့မဟုတ်) ငါးဖယ်လုံးကြော်
  • (၃) ဗူးသီးကြော်အပြား (ဘူးသီးအချောင်းသေးသေးလေးများကို မုန့်နှစ်နှင့်ရောစပ်ကာ အပြားလိုက်ကျော်ထားသော ဘူးသီးကြော်)
  • (၄) ငါးမှုန့် (မှတ်ချက်။ ငါးမုန့်ကြော်မဟုတ်ပါ)
  • (၅) မန်ကျည်းသီးအချည်ရည်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.