မြန်မာ့သစ်လုပ်ငန်း

မြန်မာ့သစ်လုပ်ငန်း (အင်္ဂလိပ်: Myanma Timber Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မြန်မာ့သစ်လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၈၉
ယခင်အဖွဲ့အစည်းသစ်လုပ်ငန်းကော်ပိုရေးရှင်း
ဌာနချုပ်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ဝန်ကြီးများဦးအုန်းဝင်း
ဌာနအကြီးအမှူးများဦး​​စောဂျွန်ရွှေဘ၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်myanmatimber.com.mm

သမိုင်းကြောင်း

  • ၁၉၄၈ ခုနှစ်မှ စတင်၍ The State Timber Board (STB) အမည်ဖြင့် ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၄ ခုနှစ်တွင် STB ၏ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Mr. H. F. Scheweiertz မှ စီမံချက် ချမှတ်ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၃ ခုနှစ်တွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား နိုင်ငံတော်မှသာ ဆောင်ရွက်ရန် ပြဋ္ဌာန်းခဲ့ပြီး သစ်ခွဲစိတ်ခြင်းလုပ်ငန်းများအား ၁၉၆၅ခုနှစ်တွင် နိုင်ငံပိုင် သစ်စက်များအသွင်ဖြင့် စတင် ဆောင်ရွက်ခဲ့သည်။
  • ၁၉၇၄ခုနှစ်တွင် State Timber Board (STB) အား Timber Corporation (TC) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
  • ၁၉၇၅-၁၉၈၅ခုနှစ်များတွင် IDA, ADB နှင့် JICA တို့၏ ချေးငွေ၊ ပံ့ပိုးငွေများ( Loans and Grants) ဖြင့်စီမံချက်(၅)ခု အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၈၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်သို့ ပြုပြင်ပြောင်းလဲကာ သစ်လုပ်ငန်းကော်ပိုရေးရှင်း− Timber Corportation (TC) အား မြန်မာ့သစ်လုပ်ငန်း - Myanma Timber Enterprise (MTE) အမည်ဖြင့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်း အသွင်ဖြင့် ဆောင်ရွက်ခဲ့သည်။ [1]

ဖွဲ့စည်းပုံ

မြန်မာ့သစ်လုပ်ငန်းတွင် အောက်ပါဌာနများ ပါဝင်ဖွဲ့စည်းထားသည်။

  • စီမံကိန်းနှင့်စာရင်းအင်းဌာန
  • စီမံခန့်ခွဲရေးဌာန
  • သစ်ထုတ်ရေးဌာန
  • ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန
  • ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန
  • သစ်အခြေခံစက်မှုလုပ်ငန်းဌာန
  • အင်ဂျင်နီယာဌာန
  • ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန

စီမံကိန်းနှင့်စာရင်းအင်းဌာန

စီမံကိန်းနှင့်စာရင်းအင်းဌာန၏ အထွေထွေမန်နေဂျာသည် မြန်မာ့သစ်လုပ်ငန်း၏ ဒုတိယအကြီးအကဲအနေဖြင့် တာဝန်ယူရသည်။ စီမံကိန်းနှင့်စာရင်းဌာန၏ အဓိက တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်သည်။[2]

  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် နှစ်ရှည်စီမံကိန်း၊ နှစ်တိုစီမံကိန်း၊ နှစ်စဉ်စီမံကိန်းကို လုပ်ငန်းကဏ္ဍအလိုက် ရေးဆွဲတင်ပြခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အစီရင်ခံတင်ပြခြင်း၊
  • မြန်မာ့သစ်လုပ်ငန်း၏ လုပ်ငန်းကဏ္ဍအလိုက် စာရင်းအင်းများအား ရေးဆွဲပြုစု ထိန်းသိမ်းခြင်းနှင့် ပုံမှန်လစဉ်၊ လပတ်အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊
  • နှစ်ရှည်နှစ်တို ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအရ နှစ်စဉ်ငွေလုံးငွေရင်းရန်ပုံငွေ ဘတ်ဂျက်ရေးဆွဲတင်ပြခြင်း၊ ငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုချက်ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ဆက်သွယ် ဆောင်ရွက်ခြင်း၊
  • မြန်မာ့သစ်လုပ်ငန်း၏ ငွေလုံးငွေရင်းရန်ပုံငွေကိစ္စ ညှိနှိုင်းရေးဆွဲ၍ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနတို့နှင့် ပူးပေါင်းစိစစ် ညှိနှိုင်းခြင်း၊ ခွင့်ပြုချက်ရရှိလာသော ငွေလုံးငွေရင်းရန်ပုံငွေကို မြန်မာ့သစ်လုပ်ငန်း လက်အောက်ခံဌာနများသို့ ခွဲဝေပေးခြင်း၊
  • ဆောင်ရွက်ပြီး လုပ်ငန်းစီမံကိန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မှတ်တမ်းထားခြင်း ၊ အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊
  • မြန်မာ့သစ်လုပ်ငန်းနှင့် ဖက်စပ်ဆောင်ရွက်မှု၊ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ စိစစ်ခွင့်ပြုလုပ်ငန်းဆောင်ရွက် အစီရင်ခံခြင်း၊
  • ပြင်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အခါအားလျော်စွာ တောင်းခံလာသော စာရင်းအင်းအစီရင်ခံစာများ ပြုစုပေးပို့ခြင်း၊
  • ဝန်ထမ်းများ လုပ်ငန်းပိုမိုကျွမ်းကျင်၍ အရည်အသွေး ပိုမိုမြင့်မားရေးအတွက် ပြည်တွင်း၊ ပြည်ပများသို့ ပညာသင်စေလွှတ်ခြင်း၊ မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ သင်တန်းကျောင်းများတွင် ဝန်ထမ်းများ အရည်အသွေး ထက်မြက်စေရန်နှင့် အရည်အသွေးတိုးမြှင့်စေရန် ဌာနတွင်း သင်တန်းများ သင်ကြားပို့ချစေခြင်း၊
  • မြန်မာ့သစ်လုပ်ငန်း အုပ်ချုပ်မှုအောက်ရှိ လုပ်ငန်းဌာနများ၏ လျာထားချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ သစ်စာရင်း၊ ငွေစာရင်းနှင့် စတိုပစ္စည်းစာရင်းများအား ဌာန ညွှန်ကြားချက်များနှင့်အညီ ကျခံ သုံးစွဲ / ဆောင်ရွက်ထားရှိခြင်း ရှိ / မရှိ စာရင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းစစ်ဆေးခြင်း။

စီမံခန့်ခွဲရေးဌာန

စီမံခန့်ခွဲရေးဌာနသည် -

  • နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို ထပ်ဆင့်လမ်းညွန်ခြင်း၊
  • ဌာနအသီးသီး၏လုပ်ငန်းများကို ဆက်သွယ်၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ အထက်ဌာနများနှင့် ပြင်ပဌာန အဖွဲ့အစည်း များသို့ဆက်သွယ်ခြင်း၊
  • ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း၊
  • မြန်မာ့သစ်လုပ်ငန်း၊ စီမံခန့်ခွဲရေးအဖွဲ့၊ ဖွဲ့စည်းခြင်း၊
  • အစည်းအဝေးဆိုင်ရာများ၊ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
  • ဝန်ထမ်း‌ရေးရာ ကိစ္စရပ်များ (ခန့်ထားရေး/ တာဝန်အပ်နှင်းရေး/ ပြောင်းရွှေ့ရေး/ ရာထူးတိုးမြှင့်ခန့်ထားရေး/ ပင်စင်/ ဆုကြေး/ လျော်ကြေးဆိုင်ရာ/ နုတ်ထွက်ရေးစသည်များ)၊ *စည်းကမ်းထိန်းသိမ်းရေး (ဌာနဆိုင်ရာ အရေးယူမှုများ)၊
  • ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊
  • ကိုယ်ရေး မှတ်တမ်းများ ကိစ္စ၊ စက်မောင်းဆီများ ထုတ်ယူဖြန့်ဖြူးရေး၊
  • ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး၊ ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊
  • ထူးခြားဖြစ်စဉ်များ၊ စာရင်းစစ်အစီရင်ခံစာကိစ္စရပ်များ၊ အထက်ဌာန၏ညွှန်ကြားချက်များအား အချိန်နှင့်တပြေးညီ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တင်ပြခြင်းနှင့် အခါအားလျှော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ရသည်။ [3]

ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနကို ဌာနခွဲ( ၅ )ခုဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။

  • အုပ်ချုပ်ရေးဌာနခွဲ
  • စီမံကိန်း/သစ်လုံးဌာနခွဲ
  • ရောင်းဝယ်ရေးဌာနခွဲ
  • သစ်စက်ဌာနခွဲ
  • စစ်ဆေးရေးဌာနခွဲ

ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသည် သစ်ထုတ်ရေးဌာနမှ လွှဲပြောင်း ပေးပို့လာသော ကျွန်းနှင့် သစ်မာသစ်လုံး၊ ခွဲသားများကို နိုင်ငံခြားဝင်ငွေရရှိစေရန် ရောင်းချခြင်းနှင့် ထုတ်လုပ် ဖြန့်ဖြူးခြင်းတို့ကို အဓိက ဆောင်ရွက်သည်။ [4]

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသည် သစ်ထုတ်ရေးဌာနကြီးမှ လက်ခံရရှိသော သစ်လုံးများကိုခွဲစိတ်၍ သစ်ခွဲသားများ ထုတ်လုပ်ကာ ပြည်တွင်းဝင်ငွေ ရှာဖွေပေးနေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ပြည်တွင်းသုံး သစ်ခွဲသား ခွဲစိတ်ခြင်းလုပ်ငန်းကို ပြည်နယ်/တိုင်း ဒေသကြီး အသီးသီးရှိ သစ်စက်များဖြင့် လည်ပတ်ဆောင်ရွက်ပြီး၊ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော် သစ်ခွဲသားလိုအပ်ချက်၊ မြန်မာ့ မီးရထား ဇလီဖား၊ သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် လိုအပ်သောသစ်ခွဲသားများကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ သစ်စက်/သစ်ဆိုင်များမှ ဖြန့်ဖြူး ရောင်းချပေးလျက် ရှိသည်။ ပုံမှန် ဖြန့်ဖြူးရောင်းချပေးခြင်းအပြင် သစ်လုံး/ရောင်းတန်းဝင် သစ်ခွဲသား၊ ရွေးကျန်/အတို အသေးများအားပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် ဈေးပြိုင်/အိတ်ဖွင့်လေလံ ဆောင်ရွက်၍ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။[5]

သစ်အခြေခံစက်မှုလုပ်ငန်းဌာန

သစ်အခြေခံစက်မှုလုပ်ငန်းဌာနသည် ယခင်က မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနလက်အောက်တွင် ဌာနခွဲတစ်ခုအဖြစ် တည်ရှိခဲ့ပြီး ၁၉၉၉ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့တွင် သစ်အခြေခံစက်မှုလုပ်ငန်းဌာန ( Wood-based Industry Department ) အဖြစ် ယာယီဖွဲ့စည်းပုံဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၄၅/၂၀၀၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အထွေထွေမန်နေဂျာဦးဆောင်သော ဌာနကြီးတစ်ခု အဖြစ် သီးခြားရပ်တည်လာခဲ့သည်။ သစ်အခြေခံစက်မှုလုပ်ငန်း ဌာန၏အဓိကတာဝန်မှာ နိုင်ငံပိုင်သစ်တော သယံဇာတများဖြစ်သည့် ကျွန်းနှင့်သစ်မာ ကုန်ကြမ်းများဖြင့် သစ်အခြေခံအချောထည် ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့ပြီး ပြည်တွင်းဝင်ငွေ၊ ပြည်ပဝင်ငွေများရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။[6]

အင်ဂျင်နီယာဌာန

မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ ယာဉ်/ယန္တရားများ၊ သစ်စက်များနှင့် သစ်အခြေခံစက်များအား အသစ်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူးခြင်း၊ စက်မှုဆိုင်ရာအကြံဉာဏ်များပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအား ကြီးကြပ်ခြင်းစသည်တို့ကို မြန်မာ့သစ်လုပ်ငန်း ရည်မှန်းချက်များနှင့်အညီ ကုန်ထုတ်ဌာနကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အင်ဂျင်နီယာဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခင် ဘုံဘေဘားမား (အမှတ် ၃ သစ်စက်)၊ စတီးဘရားသား (အမှတ် ၆ သစ်စက်) စသည်တို့တွင် အင်ဂျင်နီယာဝန်ထမ်းများ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယန္တရားဖြင့် သစ်ထုတ်ခြင်းလုပ်ငန်းအတွက် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) မှ နည်းပညာ ကူညီထောက်ပံ့ မှုများပေးခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် စက်ယန္တရားဖြင့် လမ်းဖောက်ခြင်း၊ သစ်ဆွဲခြင်း၊ သစ်တိုက်ခြင်း လုပ်ငန်းများကို အထက် ချင်းတွင်းမော်လိုက်ခရိုင်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဂျင်နီယာဌာနကို ဝန်ထမ်း(၂၆၃၄)ဦးဖြင့်လည်းကောင်း၊ ၁.၄.၁၉၉၀ တွင် အင်ဂျင်နီယာဝန်ထမ်း (၅၉၅၈) ဦးဖြင့်လည်းကောင်း ပြန်လည် ဖွဲ့စည်းခဲ့သည်။[7]

ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန

ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှာ မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်ရေး၊ ဖေါင်ဖွဲ့ရေး၊ ပြည်တွင်း/ပြည်ပ ခွဲစိတ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ သစ်အခြေခံစက်မှုလုပ်ငန်းများ နှင့်အခြား ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ တည်ဆဲညွှန်ကြားချက်များနှင့် ညီညွတ်စေရန် ညွှန်ကြားလွှာများ၊ ဖြန့်ဝေစာများ ထုတ်ပြန်ပြီး သင်တန်းများ ပို့ချပေးခြင်း၊ လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက်လျှက်ရှိသကဲ့သို့ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ ၊ မှန်ကုန်ညီညွတ်မှုရှိ/မရှိ တို့ကို စိစစ်တင်ပြဆောင်ရွက်ရသည့် ဌာနဖြစ်သည်။[8]

သင်တန်းကျောင်းများ

မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသော သင်တန်းကျောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၁) (နန်ချွန်)
  • လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၂) (ပျဉ်းမနား)
  • လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၃) (အလုံ)

လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၁) (နန်ချွန်)

နန်ချွန်၊ ရေတာရှည်မြို့နယ်ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၈၀-၈၁ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အကျယ်အဝန်းမှာ ၄၄၁.၄၁ ဧက ရှိသည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -

  • ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသော သစ်ထုတ်လုပ်ခြင်း (လက်ထောက်မန်နေဂျာ၊ ကြီးကြပ်သူ၊ ဆင်အုပ် / ဆင်ခေါင်း) သင်တန်းကာလ (၃) ပါတ်
  • သစ်ထုတ်ပညာရပ် (ချောင်းအုပ် / ချောင်းခေါင်း) မွမ်းမံသင်တန်းကာလ (၃) ပါတ်
  • ဆင်အသုံးချပညာရပ် (ဆင်အုပ် / ဆင်ခေါင်း) မွမ်းမံသင်တန်းကာလ (၂) ပါတ်
  • သစ်ထုတ်ပညာရပ် (သစ်အုပ် / သစ်အုပ်ကြီး) မွမ်းမံသင်တန်းကာလ (၃) ပါတ်
  • ဆင်ထိန်းသိမ်းကုသစောင့်ရှောက်ရေးကြီးကြပ်သင်တန်းကာလ (၂) ပါတ်
  • ဒု - တိရစ္ဆာန်ဆေးကုမှူးသင်တန်းကာလ (၂) ပါတ်

[9]

လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၂) (ပျဉ်းမနား)

ပျဉ်းမနားမြို့နယ်နေပြည်တော် တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ် တွင် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အကျယ်အဝန်းမှာ ၂၈.၂၄ ဧကရှိသည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -

  • သစ်တိုက်ယာဉ်မောင်းအခြေခံသင်တန်းကာလ (၈) ပါတ်
  • သစ်တိုက်ယာဉ်မောင်းမွမ်းမံသင်တန်းကာလ (၈) ပါတ်
  • လမ်းဖောက်စက် (ဒိုဇာ) မြေထိုး / မြေညှိ အခြေခံသင်တန်းကာလ (၈) ပါတ်
  • လမ်းဖောက်စက် (ဒိုဇာ) မြေထိုး / မြေညှိ မွမ်းမံသင်တန်းကာလ (၈) ပါတ်
  • သစ်သင်စက် (လိုဒါ) သစ်ဆွဲ / သစ်တင် အခြေခံမွမ်းမံသင်တန်းကာလ (၈) ပါတ်
  • ယာဉ်မောင်းစက်ပြင်သင်တန်းကာလ (၈) ပါတ်

[10]

လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၃) (အလုံ)

အလုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီး တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ် တွင် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဖွင့်လှစ်သင်ကြားနေသော သင်တန်းများမှာ -

  • စီမံကိန်းနှင့်အုပ်ချုပ်မှုဆိုင်ရာ မွမ်းမံသင်တန်းကာလ (၂) ပါတ်
  • လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနှင့် ပညာပေးသင်တန်းကာလ (၃) ပါတ်
  • သစ်ခွဲစိတ်ခြင်း ကြီးကြပ်သူဝန်ထမ်းသင်တန်းကာလ (၆) ပါတ်
  • ငွေစာရင်း / ပစ္စည်းထိန်းသိမ်းရေးသင်တန်းကာလ (၃) ပါတ်
  • စက်ပြင် / လျှပ်စစ် / လွွှပြင် သင်တန်းကာလ (၃) ပါတ်
  • အာဆီယံကျွမ်းကျင်မှုလုပ်သား (စံ) (လွွှပြင် / သစ်ပါးလွွှာစက် / လွှစက်မောင်း / ပရိဘောဂပြုလုပ်သူ) သင်တန်းကာလ (၄) ပါတ်

[11]

ဆက်စပ်ကြည့်ရှုရန်

အကိုးအကား

  1. MTE အကြောင်း မြန်မာ့သစ်လုပ်ငန်း။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  2. စီမံကိန်းနှင့်စာရင်းအင်းဌာန မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  3. စီမံခန့်ခွဲရေးဌာန မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  5. ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန မြန်မာ့သစ်လုပ်ငန်း။ 22 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  6. သစ်အခြေခံစက်မှုလုပ်ငန်းဌာန မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  7. အင်ဂျင်နီယာဌာန မြန်မာ့သစ်လုပ်ငန်း။ 22 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  8. ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  9. လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၁)(နန်ချွန်) မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  10. လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၂) (ပျဉ်းမနား) မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  11. လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၃) (အလုံ) မြန်မာ့သစ်လုပ်ငန်း။ 20 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.