လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်

လောကနန္ဒာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ သီရိပစ္စယာကျေးရွာတွင် တည်ရှိသည်။ သဲကန္တာရဖြစ်နိုင်သော အခြေအနေတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ၏ အပူပိုင်းခြောက်သွေ့တောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ရန် ရည်ရွယ်၍ ၁၉⁠၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။အစိုးရမှ ပုဂံနှင့် ဧရာဝတီမြစ် အကြား ၀.၄၇ စတုရန်းကီလိုမီတာ (ဧကအားဖြင့် ၁၀၈ ဧက)ကို ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။

လောကနန္ဒာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

တည်နေရာ၊ အကျယ်အဝန်း

မြောက်လတ္တီတွဒ်၂၁°၀၇'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၅၁'၊ ညောင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ညောင်ဦးမြို့မှ (၇)မိုင် ကွာဝေးပြီး လောကနန္ဒာစွယ်တော်ဘုရား တောင်ဘက်အနီး၊ ညောင်ဦး-ချောက်မြို့သွား ကားလမ်း၏ လက်ယာဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ၀.၄၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

  • ကြိုးပြင်ကာကွယ်တော ဧရိယာ - ၁၁၄.၁၉ ဧက
  • သာသနာ့နယ်မြေ - ၆.၂၈ ဧက
  • ဘေးမဲ့တောဥယျာဉ် - ၁၀၇.၉၁ ဧက၃၄၅

တည်ထောင်သည့်နှစ်

သစ်တောရေးရာဝန်ကြီးဌာန၏ (၁၆-၂-၁၉၉၅) ရက်စွဲပါ အမိန့်အကြော်ငြာစာအမှတ် ၃၃/၉၅ ဖြင့် ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးကို (၁၇-၉-၁၉၉၆)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ (၅-၆-၉၇)နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယနေ့ထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။[1]

ရည်ရွယ်ချက်

  1. အပူပိုင်းဒေသတွင် အဖိုးတန်သစ်မျိုးများဖြင့် တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြည်နေသော အိုအေစစ်လေးတစ်ခု ဖြစ်လာစေရန်
  2. အပူပိုင်းဒေသတွင် ကျက်စားသော သားငှက်တိရစ္ဆာန်များခိုလှုံရာ ဒေသအဖြစ် ဖန်တီးထူထောင်ရန်၊
  3. အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်များနှင့် သားငှက်တိရစ္ဆာန်များကို သုတေသနပြုနိုင်ရန်၊
  4. ပုဂံခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန်၊
  5. ပြည်တွင်း၊ပြည်ပမှ ဧည့်သည်များ လာရောက်ကြခြင်းဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊
  6. ပြည်သူတစ်ရပ်လုံး သစ်တော၊ သစ်ပင်နှင့် သားငှက်တိရစ္ဆာန်များကို ချစ်မြတ်နိုးသည့်စိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်မည့် ပညာပေးဥယျာဉ်ကြီးတစ်ခု ဖြစ်ပေါ်လာစေရန်။

ရာသီဥတု

နှစ်စဉ် ပျမ်းမျှမိုးရေချိန် (၂၀) လက်မ၊ အမြင့်ဆုံးအပူချိန် (၄၅°C) နှင့် အနိမ့်ဆုံးအပူချိန် (၁၀°C) ဖြစ်ပါသည်။ အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်ပြီး၊ အပူဆုံးလမှာ မေလ ဖြစ်သည်။[1]

သဘာဝအရင်းအမြစ်များ

အပူပိုင်းဒေသတွင် တည်ရှိပြီး ညီညာပြန့်ပြူးသော မြေမျက်နှာပြင် အနေအထားရှိပြီး သဲဆန်သောမြေ အမျိုးအစားဖြစ်ပါသည်။ ဘေးမဲ့တောဧရိယာကို အပူပိုင်းခြောက်သွေ့တောများ (တောခြောက်တော) ဖုံးလွှမ်းထားပြီး သမင်မျိုးစိတ် (၄)နှင့် နှင့် အဓိကအားဖြင့် ကြယ်လိပ်များကို ထိန်းသိမ်းထားသည်။

ပေါက်ရောက်သော အပင်များ

အပူပိုင်းဒေသ ပေါက်ပင်များဖြစ်သည့် ရှားထနောင်းဆီးမန်ကျည်းတမာညောင်လက်ပံဆူးဖြူ စသည်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်လျက်ရှိပြီး ကျွန်းပျဉ်းကတိုးပိတောက်သစ်ယာအင်ကြင်း အခြားသစ်ပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးထားသည်။ လက်ရှိတွင် သစ်မျိုး (၉၀)၊ ပရဆေးပင် (၁၆၀)မျိုး၊ ဝါး(၄)မျိုးနှင့် ပန်းအလှပင် (၃၂)မျိုးတို့ကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

သားငှက်တိရစ္ဆာန်များ

သဘာဝအတိုင်းကျတ်စားရန် လွှတ်ထားသော အကောင်များမှာ ဆတ်တောယုန်ကြောင်ဝံပိုက်ဂင်လိပ်ကြိုးကြာဒေါင်းကြက်တူရွေးတို့ ဖြစ်ပြီး ဝင်းခြံခတ် မွေးမြူထားသော အကောင်များမှာ သမင်ကြယ်လိပ်တိုက်လိပ်နှင့် သင်္ဘောယုန်၊ ကြက်တူရွေးနှင့် သဘာဝအတိုင်း ကျတ်စားကြသော သားငှက်တိရစ္ဆာန်များမှာ ငှက်မျိုးစိတ် (၅၀) မျိုး၊ ချေ၊ ကြောင်ဝံပိုက်၊ ကြောင်နံသာလင်စိုင်ပြောက်၊ တောယုန်၊ ဖွတ်ပွေးပုတက်ရှဉ့်သစ်စွေ့လိပ်(၄)မျိုး၊ မြွေ(၈)မျိုးတို့ ဖြစ်ပါသည်။

ခြိမ်းခြောက်နေသာအန္တရာယ်များ

လွင်တီးခေါင်ပြင်များတိုး၍လာနေသောကြောင့် ဒေသခံများသည် ထင်းအလို့ငှာ ဘေးမဲ့တောမှ သစ်များကို ခုတ်ယူနေကြသည်။ နွေရာသီတွင် ကျွဲနွားများ၏ စားကျတ်ဧရိယာအဖြစ် အသုံးပြုခြင်းများကြောင့် ပျက်ဆီးခြင်းများရှိနေသည်။ မိုးခေါင်ရေရှားကာလများ၌ တောမီးများလောင်ကျွမ်းခြင်းနှင့် မြွေများကို ဖမ်းယူရောင်းချခြင်းများသည် ယခုလက်ရှိ အပူပိုင်းခြောက်သွေ့တော ဂေဟစနစ်ကို ဖျက်ဆီးနေသော အကြောင်းအရင်းများဖြစ်သည်။

သုတေသနလုပ်ငန်းများ

သုတေသန ပြုလုပ်နိုင်သော အခြေအနေများ

  1. မြန်မာတစ်နိုင်ငံတည်းတွင်သာ တွေ့ရှိနိုင်သည့် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ကြယ်လိပ်များကို သုတေသန ပြုလုပ်နိုင်ခြင်း၊
  2. အပူပိုင်းဒေသတွင် ပေါက်ရောက်သော သစ်မျိုးများနှင့် ကျတ်စားသော သားငှက်တိရစ္ဆာန်များကို သုတေသန ပြုလုပ်နိုင်ခြင်း၊
  3. ဥယျာဉ်နှင့် ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ရိုးတစ်လျှောက် လာရောက် ကျတ်စားကြသော ရေပျော်ငှက်များကို သုတေသန ပြုလုပ်နိုင်ခြင်း၊
  4. မြန်မာ့ရွှေသမင်များ၏ နေထိုင်စားသောက် မျိုးပွားပုံကို အနီးကပ်လေ့လာ သုတေသန ပြုလုပ်နိုင်ခြင်း။

ပြည်တွင်းအဖွဲ့အစည်းများမှ ပြုလုပ်ခြင်း

မန္တလေးတက္ကသိုလ် ပါရဂူကျောင်သားများသည် ကြယ်လိပ်များကိုသုတေသနလုပ်ခဲ့ကြသည်။ နောက်ထပ်အနေဖြင့် သစ်တောဦးစီးဌာန မှ ကြယ်လိပ်များ၏ ဂေဟစနစ်နှင့် ဇီဝလုပ်ငန်းစဉ်များကို မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မွေးမြူနိုင်ရန် လေ့လာခဲ့ကြသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ကြယ်လိပ်

၂၀၀၁ ခုနှစ်မှ စတင်၍ ကြယ်လိပ် အထီး(၄၂) ကောင်၊ အမ (၄၀) ကောင်၊ စုစုပေါင်း (၈၂) ကောင်ကို ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့သည်။ ပေါက်ဖွားနှုန်း ကောင်းမွန်ခြင်းကြောင့် ယခုအခါ အရွယ်စုံ ကြယ်လိပ် (၁၈၅၅) ကောင်ရှိလာပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက်အတိုင်း နေရင်းဒေသတစ်ခုဖြစ်သော မင်းစုံတောင်ဘေးမဲ့တော သို့စေလွှတ်ပေးခြင်းကို ဌာနအစီအစဉ်ဖြင့် ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) နှင့်ပူးပေါင်း၍ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ အကောင် (၂၀၀) စေလွှတ်ပြီး ဖြစ်သည်။[1]

ရွှေသမင်

၂၀၀၈ ခုနှစ်တွင် ပုပ္ပါးတောင်ဥယျာဉ်မှ သယ်ယူလာသော ရွှေသမင်တစ်စုံအား ခြံလှောင်စနစ်ဖြင့် မွေးမြူထိန်းသိမ်းခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ရွှေသမင် (၁၁) ကောင် တိုးပွားလာခဲ့ပါသည်။ ရွှေစက်တော်ဘေးမဲ့တောသို့ ရွှေသမင် (၆) ကောင်ကိုလည်းကောင်း၊ လက်ပန်းတောင်းတောင် ဧရိယာသို့ ရွှေသမင် (၂)ကောင်ကို လည်းကောင်း၊ စေလွှတ်ပေးနိုင်ရန် တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ရွှေသမင် အထီး(၃)ကောင်၊ အမ (၁) ကောင် စုစုပေါင်း (၄)ကောင် ကျန်ရှိခဲ့သည်။[1]

တိုက်လိပ်

၂၀၁၁ ခုနှစ်မှ စတင်၍ WCS မှ လာရောက်ပေးပို့ခဲ့သော တိုက်လိပ်အထီး (၄၀) ကောင်၊ အမ (၆၀) ကောင်၊ စုစုပေါင်း အကောင် (၁၀၀) ကောင်အား တောင်အင်းအတွင်း ထိန်းသိမ်းမွေးမြူ ထားရှိပါသည်။ ယခုအခါ ကြီးထွားနှုန်းကောင်းမွန်ပြီး နေထိုင်ကျတ်စားလျက် ရှိသည်။ [1]

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

လောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် ကြယ်လိပ်၊ တိုက်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် ဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) ပူးပေါင်း၍ ကြယ်လိပ်များ နေရင်းဒေသ စေလွတ်ပေးနိုင်ရေးအတွက် ကြယ်လိပ် အကောင် (၃၀၀) အား ကျန်းမားရေးစစ်ဆေးခြင်း၊ မိုက်ခရိုချစ်ထည့်ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၁၅၀ ကောင်အား နေရင်းဒေသဖြစ်သော မင်းစုံတောင်ဘေးမဲ့တောသို့ စေလွှတ်ပေးနိုင်ခဲ့သည်။ [1]

သဘာဝအခြေခံ ခရီးသွားလာရေးလုပ်ငန်း

၂၀၀၈ တွင် ဘေးမဲ့တော၏ လက်ခံစာရင်းများအရ လေ့လာသူဧည့်သည် ၄၄၄၉၇ လာရောက်လည်ပတ်ခဲ့ပြီး၊ နိုင်ငံသား ၂၃၇၉၄ ယောက်နှင့် နိုင်ငံခြားသား ၂၀၇၀၃ ပါဝင်သည်။ (မှတ်ချက်။ ။ ဧည့်သည်ဝင်ရောက်မှုကို ဥယျာဉ်အစီအစဉ်ဖြင့် စာရင်းကောတ်ယူပါသည်။)[1]

လမ်းပန်းဆက်သွယ်ရေး

လောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် ညောင်ဦးမြို့မှ (၇) မိုင်ခန့်အကွာ သီရိပစ္စယာကျေးရွာ လောကနန္ဒာစွယ်တော်ဘုရားအနီးတွင် တည်ရှိသည်။

  • ရန်ကုန်-ညောင်ဦး လေယာဉ်ဖြင့် (၂၇၀) မိုင် ကြာချိန်(၁)နာရီ
  • ရန်ကုန်-ညောင်ဦး ကားဖြင့် (၄၃၅)မိုင်
  • ရန်ကုန်-ညောင်ဦး သင်္ဘောဖြင့် (၄၆၀)မိုင်
  • ရန်ကုန်-ညောင်ဦး ရထားဖြင့် (၃၉၄)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

  • မြန်မာနိုင်ငံအလယ်ပိုင်း သဘာဝရှေးဟောင်း အမွေအနှစ် ဖြစ်သည့် ဘုရားစေတီပုထိုးများနှင့်သဘာဝတောကျန်များကိုလေ့လာ နိုင်ခြင်း၊
  • ဥယျာဉ်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးများတွင် အေးချမ်းစွာ တရားဘာဝနာ ကျင့်ကြံ အားထုတ် ပွားများနိုင်ခြင်း၊
  • ဥယျာဉ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၌ ဆောက်လုပ်ထားသော ရှုခင်းသာဆောင်များတွင် အေးအေးလူလူ အနားယူအပန်းဖြေနိုင်ပြီး ဧရာဝတီမြစ်၏ သဘာဝရှုခင်းအလှကို ထိတွေ့ခံစားနိုင်ခြင်း၊
  • တောင်အင်းအတွင်း လာရောက်ကျတ်စားသော ရေပျော်ငှက်များကို အသင့်ဆောက်လုပ်ပေးထားသော ငှက်ကြည့်စင်များမှ နေ၍ ကြည့်ရှု လေ့လာနိုင်ခြင်း၊
  • ဥယျာဉ်အတွင်း ပြုလုပ်ပေးထားသော ထန်းလုံးတဲများ၊ ထိုင်ခုံများတွင် အနားယူ အပန်းဖြေနိုင်ခြင်း၊
  • ရှားပါးမျိုးစိတ်များဖြစ် သည့် ရွှေသမင်နှင့် ဆတ်ဒရယ်ဒေါင်းကြိုးကြာတိုက်လိပ်လိပ်မောင်း၊ ကြယ်လိပ်များကို လေ့လာနိုင် ခြင်း နှင့် သုတေသနပြုလုပ်ခြင်း၊
  • အပန်းဖြေ အနားယူနိုင်ခြင်း၊ အပူပိုင်းဒေသ တွင်ပေါက်ရောက် သော သစ်မျိုးများနှင့် ကျက်စား လျက်ရှိသော ငှက်မျိုးစိတ် တို့ကို သုတေ သနပြုလုပ်နိုင်ခြင်း။

ကိုးကား

  1. ရွှေဌေးအောင်(အုပ်ချုပ်ရေးမှူး- လောကနန္ဒာဘေးမဲ့တော) - လောကနန္ဒဘေးမဲ့တော(စာတမ်းငယ်)(၂၀၁၅ မေလ ၁၃ ရက်)
  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. လောကနန္ဒာတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  3. ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
  4. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.