သုံးခွမြို့

သုံးခွမြို့သည် ရန်ကုန်တိုင်းဒေသကြီး(ယခင် ပဲခူးတိုင်းဒေသကြီးဟံသာဝတီခရိုင် အရှေ့ပိုင်း) တွင် ပါဝင်သော မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ သန်လျင်မြို့မှ အရှေ့ဘက်သို့ ကုန်းလမ်းခရီးဖြင့် ၂၂ မိုင် အကွာတွင်တည်ရှိရာ မော်တော်ကားများဖြင့် ဥဒဟိုသွားလာလျက်ရှိသည်။ ခရစ် ၁၉၂၈ ခုနှစ်က ပဲခူးမြို့မှ သနပ်ပင်၊အုနးနှဲ၊ သက္ကလမြို့များကိုဖြတ်၍ ခရမ်းမြို့အထိ မီးရထားလမ်းဖောက်လုပ်ဆက်သွယ်ခဲ့ပြီး သည့်နောက် ၁၉၃၁ ခုနှစ်တွင် ပတုပ်မြို့ကိုဖြတ်၍ သုံးခွမြို့အထိ မီးရထားလမ်း ဆက်လက်ဖောက်ခဲ့သည်။ ပဲခူးမြို့မှ မီးရထားလမ်းအတိုင်း ၄၉ မိုင်ဝေး၍ ခရမ်းမြို့မှ တောင်ဘက်သို့ ၁၁ မိုင်ဝေးသည်။ သို့သော် ထိုမီးရထားလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များ၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၇,၇၇၄ ယောက်ရှိသည်။

သုံးခွမြို့
သုံးခွမြို့
သုံးခွမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°41′0″N 96°32′0″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
မြို့ရန်ကုန်
မြို့နယ်သုံးခွမြို့နယ်
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၁၅၇,၇၇၄ [1]

မြို့ရွာသန့်ရှင်းစည်ပင်ရေး အတွက် မျူနီစီပယ်အဖွဲ့ကို ၁၉၂ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်။ သို့သော်ယခုအခါ မျူနီစီပယ်အဖွဲ့ဟု မခေါ်စေတော့ဘဲ မြို့နယ်စည်ပင်သာယာရေးဟု အမည်ပြောင်းကာဆောင်ရွက်လျက်ရှိလေသည်။ သုံးခွဟုခေါ်တွင်လာပုံမှာ မှော်ဝန်းချောင်း၊ ဥက္ကံချောင်း၊ နံယောချောင်းဟုခေါ်သော ချောင်း သုံးချောင်းဆုံရာ၌တည်ခြင်းကြောင့်သုံးခွမြို့ဟုခေါ်သည်။ ယခင်က ဟံသာဝတီခရိုင်တွင် စပါး အများအပြား ထွက်သော မြို့နယ်ဖြစ်၍ ဆန်စပါးလုပ်ငန်းသည်အဓိကဖြစ်သည်။ စပါးလုပ်ငန်းအပြင် ဆားလုပ်ငန်း၊ပဲစိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်းလုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် ဆန်စက်နှင့် ဆီစက် များလည်းရှိသည်။

သုံးခွမြို့ပေါ်တွင် နိုင်ငံတော်အစိုးရ အထက်တန်း ကျောင်း၃ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၂ကျောင်း ၊ ရဲတပ်စဖွဲ့ခန်း၊ ဆေးရုံ၊ စာတိုက်၊ဆက်သွယ်ရေးရုံးတို့လည်းရှိသည်။ မြန်မာ့စီးပွါးရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့လည်း ရှိသည်။

မြို့ပေါ်တွင် ရှစ်မျက်နှာဘုရားနှင့် ဥက္ကံကြေးသွန်းဘုရားကြီး၊အောင်မြေလောကသွန်းဘုရားကြီး၊လောကမာရဇိန်ရုပ်ပွါးတော်မြတ်ကြီး စသည်ဖြင့် ဘုရားများရှိပြီးဥက္ကံကြေးသွန်းဘုရားကြီးသည် သုံးခွမြို့၏အဝင်(ခရမ်း-သုံးခွလမ်း)တွင်ရှိသည်။ သုံးခွမြို့နယ်တွင်ကျေးရွာပေါင်း ၁၇၄ရ ရှိသည်။ မြို့နယ်တစ်ခုလုံး၏၈၃၁၁ စတုရန်းမိုင်ခန့် ဖြစ်သည်။ မြို့နယ်အတွင်းလူဦးရေ ၁ဝ၁ဝဝဝ ခန့်(၁၉၇၂ ခုနှစ်ခန့်မှန်းချေ)နေထိုင်လျက်ရှိ၏။ လယ်ယာ ကိုင်းကျွန်းများကိုမှီ၍ သက်မွေးဝမ်းကြောင်း သူများပြားသည်။

၁၉၉၀ အစောပိုင်းနှစ်များက နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၊ (ကုန်သွယ်ရေးကော်ပို ရေးရှင်း ၁)မှစပါး ဒိုင်များဖွင့်၍ တိုက်ရိုက်ဝယ်ယူကြသည်။ [2]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.