ကုလဒူသကသိက္ခာပုဒ်
ကုလဒူသကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းများ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ် တစ်ခု ဖြစ်သည်။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ ထိုအချိန်တွင် ကီဋာဂိရိ၌ အဿဇိ ပုနဗ္ဗသုကမည်သော အရှက်မရှိသော ရဟန်းတို့သည် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ကုန်၏။
ထိုရဟန်းတို့သည် သစ်ပင်တို့ကို စိုက်၏။ ဆွတ်ခူး၏။ သီကုံး၏။ နားသွယ်ပန်၊ ရင်လွှမ်းပန်းတို့ကို ပြုစေကုန်၏။ ထိုရဟန်းတို့သည် အမျိုးသမီးတို့အား ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို၊ ပန်းတံကို၊ ပန်းလက်ကောက်ကို၊ ဦးဆောက်ပန်းကို၊ နားသွယ်ပန်းကို၊ ရင်လွှမ်းပန်းကို ဆောင်စေကုန်၏။ ထိုရဟန်းတို့သည် အမျိုးသမီးတို့နှင့်အတူ တစ်ခုတည်းသော ခွက်ဖြင့် စား၊ သောက် ကုန်၏။ နေရာတစ်ခုတည်းတွင် ထိုင်ကုန်၏။ ညောင်စောင်းတစ်ခုတည်း၊ တစ်ခင်းတည်း၊ တစ်ခြုံတည်း၊ တစ်ခင်းတစ်ခြုံတည်း အိပ်ကုန်၏။ အခါမဲ့လည်း စားသောက်ကုန်၏။ သေကိုလည်း သောက်၏။ ထိုရဟန်းတို့သည် အစရှိသဖြင့် အမျိုးမျိုးသော အကျင့်ဆိုးတို့ကို ပြုကုန်၏။
ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိသို့ သွားရာ ကီဋာဂိရိသို့ ရောက်၏။ ထိုရဟန်းသည် ဆွမ်းအလို့ငှါ ဝင်၏။ ထိုရဟန်းကို မြင်သော် လူတို့သည် “ထုန်ထိုင်းထိုင်း နုန့်နဲ့နဲ့ ဒေါသထွက်သကဲ့သို့ မျက်မှောင်ကုပ်၍ သွားသော ဤသူကား အဘယ်သူနည်း” ဟု အစရှိသဖြင့် ပြောဆိုကြ၏။ ထို့တိုင်အောင် ရဟန်းသည် ဆွမ်းမရရှိခဲ့ပေ။ သို့သော် ဒါယကာတစ်ယောက်သည် အိမ်သို့ပင့်ကာ လုပ်ကျွေးသဖြင့် ဆွမ်းကိစ္စ ပြည့်စုံရ၏။ ထိုဒါယကာသည် အသျှင်ဘုရား တပည့်တော်ပြောသော စကားဖြင့် မြတ်စွာဘုရားအား ဦးညွတ်ပါဟု မှာကြား၏။ ထိုဒါယကာသည် အဿဇိပုနဗ္ဗသုက ရဟန်းတို့နှင့် ပတ်သက်သည့်အကျင့်ဆိုးများကို ပြောကြား၏။ ရဟန်းလည်း ဝန်ခံလျက် မြတ်စွာဘုရားရှင်ထံသို့ ထွက်ခွာခဲ့၏။
မြတ်စွာဘုရားရှင်ထံသို့ ရောက်သော် ဒါယကာ မှာသည့်အတိုင်း ပြောကြား၏။ အသျှင်သာရိပုတြာ၊ အသျှင်မောဂ္ဂလာန် ဦးဆောင်သော ရဟန်းတို့သည် အဿဇိပုနဗ္ဗသုကရဟန်းတို့အား ကီဋာဂိရိမှ နှင်ထုတ်ကုန်၏။ ထိုအခါ အဿဇိပုနဗ္ဗသုကရဟန်းတို့သည် နားမထောင်ဘဲ ဆဲရေးကြကုန်၏၊ ဖဲထွက်ကုန်၏၊ လူထွက်ကုန်၏။
ထိုအကြောင်းကို မြတ်စွာဘုရားသည် ကြားသိသော် ရဟန်းအား ဟုတ်မှန်ပါသလောဟု မေးမြန်း၏။ ရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [1]
သိက္ခာပုဒ်
အမျိုးတို့ကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော ရဟန်းသည် တစ်ခုသော ရွာ နိဂုံးကို အမှီပြု၍ နေ၏။ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်းမြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းသည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကို မြင်လည်း မြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည်ကား အမျိုးကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ဤသို့ ရဟန်တို့က ဆိုအပ်သော် ထိုရဟန်းသည် ရဟန်းတို့ကို ‘ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘယာဂတိသို့လည်း လိုက်ကုန်၏။ ထိုသို့ သဘောရှိသော အာပတ်ဖြင့် ရဟန်းအချို့ကို နှင်ထုတ်၏။ အချို့ရဟန်းကို မနှင်ထုတ်ကုန်’ ဟု ဆိုငြားအံ့။ ထိုရဟန်းကို ရဟန်းတို့သည် အသျှင်သည် ဤသို့ မဆိုပါလင့်၊ ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း မလိုက်ကြပါ၊ ဒေါသာဂတိသို့လည်း မလိုက်ကြပါ၊ မောဟာဂတိသို့လည်း မလိုက်ကြပါ၊ ဘယာဂတိသို့လည်း မလိုက်ကြပါ။ အသျှင်သည်သာ အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ဖြစ်၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ထိုရဟန်းတို့သည် ဤသို့ ဆိုအပ်လျက် ထိုရဟန်းသည် ထို့အတူပင် ဆက်လက်ပြုမူ နေငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်ငြားအံ့။ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ [1]
ကိုးကား
- ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။