ဒုဋ္ဌဒေါသသိက္ခာပုဒ်
ဒုဋ္ဌဒေါသသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
အသျှင်ဒဗ္ဗ
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ မလ္လမင်း၏ သားဖြစ်သော အသျှင်ဒဗ္ဗသည် အသက်ခုနစ်နှစ်မျှသာ ရှိသော်လည်း ရဟန်းကိစ္စပြီစီးသော ရဟန္တာ ဖြစ်၏။ ထိုအခါ အသျှင်ဒဗ္ဗသည် ရဟန်းတော်များအတွက် အမှုကြီးငယ်ဆောင်ရွက်ရန် အကြံဖြစ်တော်မူ၏။
အသျှင်ဒဗ္ဗသည် ညချမ်းအချိန်တွင် တစ်ပါးတည်း ထ၍ မြတ်စွာဘုရားအား “အသျှင်ဘုရား တပည့်တော်သည် သံဃာတော်၏ အိပ်ရာနေရာကို ခင်းရမူ၊ ဆွမ်းတို့ကိုလည်း ညွှန်းရမူ ကောင်းမည်ဟု အကြံဖြစ်မိပါသည်” ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် အိပ်ရာကို ခင်းရန်၊ ဆွမ်းကို ညွှန်းရန် မိန့်ကြား၏။ မြတ်စွာဘုရားသည် အသျှင်ဒဗ္ဗအား ‘အိပ်ရာနေရာခင်းသူ၊ ဆွမ်းညွှန်းသူ’ ဟု သမုတ်ရန် မိန့်တော်မူ၏။[1]
အိပ်ရာနေရာ ခင်းပေးခြင်း
အသျှင်ဒဗ္ဗသည် ဈာန်ဝင်စားသော၊ ဝိနည်းဆောင်သော၊ တရားဟောဓမ္မကထိက ဖြစ်ကုန်သော အစရှိသဖြင့် ဝါသနာတူရာ ရဟန်းများကို တစ်နေရာတည်းတွင် အိပ်ရာ နေရာခင်းပေး၏။ အချို့ရဟန်းတို့သည် အခါမဲ့အချိန်တွင် လာကြကုန်၏။ ထိုအခါ အသျှင်ဒဗ္ဗသည် တေဇောကသိုဏ်းဖြင့် ဈာန်ဝင်စားကာ အလင်းရောင်ဖြင့် အိပ်ရာနေရာ ခင်းပေး၏။
အချို့ရဟန်းတို့သည် အသျှင်ဒဗ္ဗ၏ တန်ခိုးကို ကြည့်ချင်သည့်အတွက် အိပ်ရာနေရာအား အဝေးရှိနေရာများတွင် ခင်းပေးရန် ပြော၏။ အသျှင်ဒဗ္ဗသည် တေဇောကသိုဏ်း ဝင်စားကာ ဈာန်ဖြင့် ရှေ့မှ သွား၏။ ရဟန်းတို့အား အိပ်ရာနေရာကို ခင်းပေး၏။[1]
မေတ္တိယဘုမ္မဇကရဟန်းများ
မေတ္တိယဘုမ္မဇကရဟန်းများသည် ဘုန်းကံနည်းပါးကုန်သည် ဖြစ်၏။ ထို့ကြောင့် ပကတိအတိုင်းချက်ထားသော ပအုံးရည်လျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲထမင်းကိုသာ ရကြကုန်၏။ တစ်ခုသောအခါတွင် ကလျာဏဘတ္တိက ဒါယကာသည် အသျှင်ဒဗ္ဗထံ ချဉ်းကပ်၍ “မနက်ဖြန် တပည့်တော်တို့အိမ်တွင် ဆွမ်းကပ်ရန် အဘယ်ရဟန်းကို ညွှန်းပါသနည်း” ဟု မေး၏။ အသျှင်ဒဗ္ဗလည်း မေတ္တိယဘုမ္မဇကရဟန်းများကို ညွှန်းသည်ဟု ဖြေ၏။ ထိုအခါ ဒါယကာသည် နှလုံးမသာမယာဖြစ်ကာ မနက်ဖြန် ဆွမ်းအလို့ငှါ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းဖြင့် လုပ်ကျွေးပါဟု ကျွန်မအား ပြောဆို၏။ မေတ္တိယဘုမ္မဇကရဟန်းများသည် မနက်ဖြန်တွင် ဒါယကာ၏ အိမ်၌ ဆွမ်းရမည်ဖြစ်သဖြင့် ညဘက်တွင် အလိုရှိတိုင်း မအိပ်နိုင် ဖြစ်နေကြ၏။ မနက်ခင်း အချိန် အလှူအိမ်သို့ သွားသော် ဆန်ကွဲထမင်းဖြင့် လုပ်ကျွေး၏။
ထိုအခါ မေတ္တိယဘုမ္မဇကရဟန်းများသည် အသျှင်ဒဗ္ဗထံသို့ မနေ့က ဒါယကာသည် လာ၏။ ဒါယကာ၏ အလှူကို အသျှင်ဒဗ္ဗသည် ဖျက်ဆီးသည်ဟု ထင်ကာ နှလုံးမသာမယာ ဖြစ်နေကြ၏။
ထို့နောက် မေတ္တိယာဘိက္ခုနိမသည် ထိုရဟန်းတို့ထံ ချဉ်းကပ်လာကာ “အသျှင်တို့ ရှိခိုးပါ၏” ဟု သုံးကြိမ်တိုင်တိုင် ပြောဆိုပါသော်လည်း စကားပြန်မပြောချေ။ ထို့နောက် ရဟန်းတို့အား အဘယ်သို့ ပြုရပါမည်နည်းဟု မေး၏။ ထိုအခါ ရဟန်းတို့သည် မေတ္တိယာဘိက္ခုနိမအား မြတ်စွာဘုရားအား အသျှင်ဒဗ္ဗရဟန်းသည် အကျွန်ုပ်အား ဖျက်ဆီးပါသည်ဟု သွားရောက် လျှောက်ထားချေဟု မိန့်၏။
မေတ္တိယာဘိက္ခုနိမလည်း မြတ်စွာဘုရားအား သွားရောက် လျှောက်ထား၏။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ အသျင်ဒဗ္ဗအား ဘိက္ခုနီမ ပြောသည်မှာ မှန်ပါသလားဟု မေးမြန်း၏။ “မြတ်စွာဘုရား သိတော်မူသည့်အတိုင်း ဖြစ်ပါသည်ဘုရား” ဟု ဖြေကြား၏။ သုံးကြိမ်တိုင် ဤကဲ့သို့ မေး၊ ဖြေ ပြု၏။ ထိုအခါ မြတ်စွာဘုရားသည် ပြုလုပ်ပါက ပြုလုပ်ပါသည်ဟု ဖြေရန်၊ မပြုလုပ်ပါက မပြုလုပ်ပါဟု ဖြေရန် မိန့်ကြား၏။ အသျှင်ဒဗ္ဗသည် မေထုန်အကျင့်ကို မပြုကျင့်ကြောင်း ဖြေကြား၏။
ထို့နောက် မြတ်စွာဘုရားသည် မေတ္တိယာဘိက္ခုနီမအား အသွင်ကို ဖျက်ဆီးကြရန် ရဟန်းတို့ကို ပြော၏။ ခိုင်းစေသော ရဟန်းတို့ကိုလည်း စိစစ်မေးမြန်း၏။ ထို့နောက် မြတ်စွာဘုရားသည် ကျောင်းတော်သို့ ဝင်၏။ ရဟန်းတို့သည် ဘိက္ခုနီမအား အသွင်ကို ဖျက်ဆီးကြ၏။ ထိုအခါ ခိုင်းစေသော ရဟန်းတို့သည် “ဘိက္ခုနီမတွင် အပြစ်မရှိပါ။ မိမိတို့တွင်သာ အပြစ်ရှိပါသည်။ ဘိက္ခုနီမအား မဖျက်ဆီးပါလင့်” ဟု ပြောဆို၏။
ထိုအခါ အသျှင်ဒဗ္ဗအား အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲသည်မှာ မှန်ပါသလားဟု မေး၏။ မှန်သည်ဟု ဖြေကြား၏။ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့ကို ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
အကြင်ရဟန်းသည် ရဟန်းကို ဒေါသဖိစီးဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ မနှစ်လိုသည်ဖြစ်၍ အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် ထိုရဟန်းကို ဤမြတ်သော အကျင့်မှ ရွေ့လျောစေနိုင်ရာ၏ဟု ကြံ၍ စွပ်စွဲ ဖျက်ဆီးငြားအံ့။ ထိုမှ နောက်အခါ၌ (သူတစ်ပါးတို့) မေးစိစစ်အပ်၍သော်လည်းကောင်း၊ မစေ မစိစစ်ဘဲသော်လည်းကောင်း ထိုအဓိကရုဏ်းသည်လည်း အခြေအမြစ် မရှိသည်ဖြစ်အံ့ စွပ်စွဲသောရဟန်းသည်လည်း အပြစ်ဒေါသကို ဝန်ခံအံ့ ထိုရဟန်းအား သံဃာဒိသိသ်အာပတ်သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။