သရဏဂုံ

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သရဏဂုံနှင့် စပ်လျဉ်း၍ နားလည်မှုရရှိနိုင်ရန်

  1. သရဏ
  2. သရဏဂမန၊
  3. သရဏဂတ၊(ဥပသကာ)
  4. သရဏဂုံအပြား၊
  5. သရဏဂုံအကျိုး၊
  6. သရဏဂုံညစ်နွမ်းခြင်း၊
  7. သရဏဂုံပျက်ခြင်း၊ ဟူသော ဤခုနစ်ပါးသော အစီအရင်ကို သိရမည်။ ထို့ကြောင့် ထိုခုနစ်ပါးကို ဤ၌အစဉ်အတိုင်းပြဆိုပေအံ့။

၁။သရဏ

ရတနာသုံးပါးသည် ကြောက်ခြင်းထိတ်လန့်ခြင်းကို ပယ်ဖျောက်တတ်သောကြောင့် သရဏ (ကိုးကွယ်ရာ) မည်၏။ ထိုရတနာသုံးပါးအပေါင်းကို ကိုးကွယ်ခြင်းသို့ ရောက်သောသူတို့၏ ထိုသို့ကိုးကွယ်ခြင်းသို့ရောက်ခြင်း ကြောင့်ပင် စိတ်၏ကြောက်ခြင်း ထိတ်လန့်ခြင်းကိုလည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ အကျုံးဝင်သောဆင်းရဲပူပန်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးတတ်သောကြောင့်သရဏ (ကိုးကွယ်ရာ)ဟုဆိုလိုသည်။

ယင်းသို့ ဤသရဏ(ကိုးကွယ်ရာ)ဟူသောအမည်ကို ရတနာသုံးပါးအပေါင်း၏ အမည်ဟူ၍ မှတ်ရမည်။ တစ်နည်းကား မြတ်စွာဘုရားသည် သတ္တဝါ တို့၏အစီးအပွားကိုဖြစ်စေသဖြင့်လည်းကောင်း၊ အစီးအပွားမဲ့ကိုနစ်စေသဖြင့်လည်းကောင်း သတ္တဝါတို့၏ ဘေးကိုဖျက်ဆီးတတ်၏။

တရားတော်သည် ဘဝတည်းဟူသော ခရီးခဲမှကယ်တင်သောအားဖြင့်လည်းကောင်း၊ သက်သာရာကို ပေးတတ်သောအားဖြင့်လည်းကောင်းသတ္တဝါတို့၏ ဘေးကိုဖျက်ဆီးတတ်၏။

သံဃာတော်သည် အနည်းငယ်မျှဖြစ်သော ကုသိုလ်ကောင်းမှုတို့၌လည်း များစွာသောအကျိုးကို ရအောင်ပြုသောအားဖြင့် သတ္တဝါတို့၏ဘေးကိုဖျက်ဆီးတတ်၏။ထို့ကြောင့် ဤသို့သောပရိယာယ်ဖြင့်လည်း ရတနာသုံးပါးအပေါင်းသည် သရဏ(ကိုးကွယ်ရာ) မည်ပေ၏။

၂။သရဏဂမန

ရတနာသုံးပါး၌ကြည်ညိုခြင်း၊ ထိုရတနာသုံးပါး၌ အရိုအသေပြုခြင်းတို့ဖြင့် ပယ်ဖျောက်အပ်ပြီးသော ကိလေသာရှိသော၊ ထိုရတနာသုံးပါးလျှင် လဲလျောင်းရာရှိသည့်အဖြစ်ဟုဆိုအပ်သော အခြင်းအရာအားဖြင့်ဖြစ်သော စိတ္တုပ္ပါဒ်သည် သရဏဂမန (ကိုးကွယ်ဆည်းကပ်ခြင်းသရဏဂုံ)မည်၏။

၃။သရဏဂတပုဂ္ဂိုလ်(ဥပါသကာ)

ထိုစိတ္တုပ္ပါဒ်နှင့်ပြည့်စုံသောသူသည်ကိုးကွယ်ဆည်းကပ်ခြင်းသို့ရောက်သော သရဏဂတပုဂ္ဂိုလ် မည်၏။ ဆိုခဲ့ပြီးသော အပြားရှိသော စိတ္တုပ္ပါဒ်ဖြင့် ဤရတနာသုံးပါးသည်ငါ၏ ကိုးကွယ်ရာတည်း၊ ဤရတနာသုံးပါးသည်ငါ၏မှီခိုရာတည်းဟု ဆည်းကပ်သောဥပါသကာဟုဆိုလိုသည်။

၄။သရဏဂုံအပြား

သရဏဂုံသည် လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံ ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင်လောကုတ္တရာ သရဏဂုံသည်ကားမဂ်ခဏ၌ သစ္စာလေးပါးတရားတို့ကို သိခြင်းသည်လည်း သရဏဂုံ၏ညစ်ညူးခြင်း ကိလေသာတို့ကိုဖြတ်သဖြင့် နိဗ္ဗာန်ကိုအာရုံပြု၍ ကိစ္စအားဖြင့်ရတနာသုံးပါးကိုသာအလိုရှိရကား လောကုတ္တရာသရဏဂုံမည်၏။

လောကီသရဏဂုံသည်ကား သရဏဂုံ၏ ညစ်ညူးခြင်းကို ဖြစ်စေတတ်သော ကိလေသာတို့ကို ခွာသောအားဖြင့် ဘုရားအစရှိသော ရတနာသုံးပါးတို့၏ ကျေးဇူးကိုအာရုံပြု၍ ပုထုဇဉ်တို့အားဖြစ်သောသဒ္ဓါရှေးရှိသော ဒိဌိဇုကမ္မတည်းဟူသော ကုသိုလ် စိတ္တုပ္ပါဒ်တည်း။

ထိုလောကီသရဏဂုံသည် (က)အတ္တသန္နယျာတန၊ မိမိကိုယ်ကိုရတနာသုံးပါးအားအပ်နှင်းခြင်း၊ (ခ)တပ္ပရာ ယနတာ၊ ထိုရတနာသုံးပါးလျှင် လဲလျောင်းရာရှိခြင်း၊ (ဂ)သိဿဘာဝူပဂမန၊ တပည့်အဖြစ်သို့ရောက်ခြင်း၊ (ဃ)ပါဏိပါတ၊ ရတနာသုံးပါး၌ပျပ်ဝပ်ခြင်း၊ ဤသို့အားဖြင့်လေးပါးအပြားရှိ၏။

ထိုလေးပါးတို့တွင် (က)အတ္တသန္နိယျာတန မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း မည်သည်ကားယနေ့မှအစပြု၍ငါသည် မိမိကိုယ်ကိုမြတ်စွာ ဘုရားအားအပ်နှင်းပါ၏။ တရားတော်အား အပ်နှင်းပါ၏။ သံဃာတော်အားအပ်နှင်းပါ၏ဟု ဤသို့မြတ်စွာဘုရား စသည်တို့အားမိမိကိုယ်ကို စွန့်ခြင်းတည်း။

(ခ)တပ္ပရာယနတာ ထိုရတနာသုံးပါးလျှင် လဲလျောင်းရာရှိခြင်းမည်သည်ကား ယနေ့ကိုအစပြု၍ ငါသည်မြတ်စွာဘုရားလျှင်လဲလျောင်းရာရှိ၏။ တရားတော်လျှင် လဲလျောင်းရာရှိ၏။ သံဃာတော်လျှင် လဲလျောင်းရာရှိ၏ဟုအကျွန်ုပ်ကို မှတ်တော်မူ ပါကုန်လောဟူ၍ ဤသို့ထိုရတနာသုံးပါးလျှင် လဲလျောင်းရာရှိခြင်းတည်း။

(ဂ)သိဿဘာဝူပဂမန တပည့်အဖြစ်သို့ ရောက်ခြင်းမည်သည်ကား ယနေ့မှအစပြု၍ငါသည် မြတ်စွာဘုရား၏ တပည့်တည်း။ တရားတော်၏တပည့်တည်း။ သံဃာတော်၏တပည့်တည်းဟု အကျွန်ုပ်ကိုမှတ်တော်မူကုန်လော ဟူ၍ ဤသို့တပည့်အဖြစ်သို့ရောက်ခြင်းတည်း။

(ဃ)ပါဏိပါတ ရတနာသုံးပါး၌ ပျပ်ဝပ်ခြင်း မည်သည်ကား ယနေ့မှအစပြု၍ ငါသည်ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ ဘုရားစသော ရတနာသုံးပါးတို့အားသာလျှင်ပြုပါ၏ဟု အကျွန်ုပ်ကိုမှတ်တော်မူကုန်ပါလောဟူ၍ ဤသို့ဘုရားစသည်တို့၌ အလွန်အရိုအသေပြုခြင်းတည်း။ဤလေးပါးသောအခြင်းအရာတို့တွင် တစ်ပါးပါးသော အခြင်းအရာကို ပြုသောသူသည်သရဏဂုံကိုယူအပ် သည်သာဖြစ်၏။

တစ်နည်းကား (က)မိမိကိုယ်ကိုမြတ်စွာဘုရားအားစွန့်ပါ၏။ မိမိကိုယ်ကိုတရားတော်အား၊ သံဃာတော်အား စွန့်ပါ၏။ အသက်ကိုစွန့်ပါ၏။ ငါ၏ကိုယ်ကို စွန့်အပ်ပြီးသည် သာလျှင်တည်း။ အသက်ထက်ဆုံးမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ ကိုးကွယ်ရာတည်း။ မှီခိုရာတည်း။ ပုန်းအောင်းရာတည်း။ ဤသို့လည်းမိမိကိုယ်ကို ရတနာသုံးပါးအားအပ်နှင်းခြင်း (အတ္တသန္နိယျာတန)ကို သိအပ်၏။

(ခ)စင်စစ်ငါသည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကိုဖူးမြင်လိုလျှင် ဘုန်းတော်ကြီးသောမြတ်စွာဘုရားကိုသာလျှင် ဖူးမြင်ပါအံ့။ စင်စစ်ငါသည်ကောင်းသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ကိုဖူးမြင်လိုလျှင် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကိုသာဖူးမြင်ပါအံ့။ စင်စစ်ငါသည်ခပ်သိမ်းသောတရားတို့ကို ကိုယ်တော်တိုင်သိမြင်သော ပုဂ္ဂိုလ်ကို ဖူးမြင်လိုလျှင် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကိုသာလျှင် ဖူးမြင်ပါအံ့ဟု ဤသို့လည်းသံယုတ်ပါဠိတော် နိဒါနဝဂ္ဂကဿပသံယုတ်၌လာသောအရှင်မဟာကဿပသရဏဂုံကဲ့သို့ တပည့်အဖြစ်သို့ ရောက်ခြင်း (သိဿဘာဝူပဂမန ) ကိုသိအပ်၏။

(ဂ)'ထိုငါသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်၏ ကောင်းသောတရားတော်အဖြစ် ကိုလည်းကောင်း၊ ရှိခိုးလျက်တစ်ရွာမှတစ်ရွာသို့ တစ်ပြည်မှတစ်ပြည်သို့ လှည့်လည်ပေအံ့'။ ဤသို့လည်း သုတ္တနိပါတ်ပါဠိတော် အာဠာဝကသုတ်လာ အာဠာဝကဘီလူးစသည်တို့၏ သရဏဂုံကဲ့သို့ရတနာသုံးပါးလျှင် လဲလျောင်းရာရှိခြင်း (တပ္ပရာယနတာ)ကိုသိအပ်၏။

(ဃ)ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် နေရာမှထ၍ အပေါ်ရုံပုဆိုးကို ပုခုံးတစ်ဖက်၌တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ဦးခေါင်းဖြင့်တိုက်လျက် မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့်စုပ်၏။ လက်တို့ဖြင့်လည်းဆုပ်နယ်၏။ 'အရှင်ဂေါတမ၊ အကျွန်ုပ်သည်ဗြဟ္မာယုပုဏ္ဏားတည်း'ဟုအမည်ကိုလည်း ကြားလျှောက်၏။ဤသို့ ရတနာသုံးပါး၌ ပျပ်ဝပ်ခြင်း (ပါဏိပါတ)ကိုသိအပ်၏။

ထိုပျပ်ဝပ်ခြင်း (ပါဏိပါတ) သည်ကား (က)အဆွေအမျိုး၊ (ခ)ဘေးမှကြောက်ခြင်း၊ (ဂ)ဆရာသမား၊(ဃ)အလှူခံတို့၏ အစွမ်းအားဖြင့် လေးပါးအပြားရှိ၏။လေးပါးတို့တွင် အလှူခံပုဂ္ဂိုလ်၌ ပျပ်ဝပ်ခြင်းဖြင့်သာလျှင်သရဏဂုံဖြစ်၏။ ဤှမှတစ်ပါးသော သုံးပါးသော အခြင်းအရာတို့ဖြင့် သရဏဂုံမဖြစ်။ထို့ကြောင့် အလှူခံထိုက်သော မြတ်သောအထွတ်အမြတ် ကိုးကွယ်မှီခိုရာဟု သိမြင်ထင်မှတ်၍ ရှိခိုးမှသာ သရဏဂုံဖြစ်နိုင်ကြောင်းကို လည်းကောင်း၊ မဖမ်းစားပါစေခြင်းစသည့်အတွက်နတ်ကြီး အရှင်ကြီးကို လက်အုပ်ချီခြင်းစသည်ပြုရာ၌ သရဏဂုံမပျက်ကြောင်းကိုလည်းကောင်းမှတ်ယူရမည်။

ဤ၌ပြဆိုခဲ့ပြီးသော သရဏဂုံလေးမျိုးတို့တွင် ယခုကာလဗုဒ္ဓံသရဏံဂစ္ဆာမိ (ဘုရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။) စသည်ဖြင့်သရဏဂုံ ဆောက်တည်ခြင်းမျိုးသည် သဘောလက္ခဏာကိုထောက်ဆဆင်ခြင်လျှင် တပ္ပရာယ နတာသရဏဂုံမျိုးဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။ ဤ တပ္ပရာယနတာ သရဏဂုံကိုပင် ခုဒ္ဒကပါဌအဌကထာ၌ သမာဒါနသရဏဂုံဟု အမည်တစ်မျိုးဖြင့် ပြဆိုထားသည်ကို တွေ့ရပေသည်။ ထိုမှတစ်ပါးလည်း သရဏဂုံသည် ဒွေဝါစိကသရဏဂုံ၊ တေဝါစိကသရဏဂုံဟူ၍ နှစ်မျိုးရှိပြန်သည်။ ထိုတွင် ဘုရားပွင့်ပြီးစအခါ ဘုရားနှင့်တရားတော်ဖြစ်ပေါ်လာပြီး တပည့်သားသံဃာတော်များ မဖြစ်ပေါ်သေးမီ အခိုက်အတန့်ကာလ၌ဘုရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟုတစ်ကြိမ်၊ တရားတော်ကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟု တစ်ကြိမ်၊ ဤသို့ကိုးကွယ်ရာနှစ်ပါးရှိ၍ နှစ်ကြိမ်ရွတ်ဆိုရသောသရဏဂုံကို ဒွေဝါစိကသရဏဂုံဟုခေါ်သည်။ တပုဿ ဘလ္လိကတို့၏သရဏဂုံမျိုးကိုဆိုလိုသည်။

ဘုရား၊တရားတော်ကိုလိုက်နာကျင့်ကြံ၍ ထိုးထွင်းသိမြင်သော တပည့်သားသံဃာတော်တို့ ဖြစ်ပေါ်လာသောအခါ၌ကား ထိုသံဃာတော်ကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟု ယခင်နှစ်ကြိမ်တွင် ကိုးကွယ်ရာတစ်ကြိမ်တိုးလာသဖြင့် သုံးကြိမ်ရွတ်ဆိုရသောသရဏဂုံကို တေဝါစိကသရဏဂုံဟုခေါ်သည်။ ယခုခေတ် သရဏဂုံမျိုး လည်းတေဝါစိက သရဏဂုံမျိုးဖြစ်ပေသည်။

၅။သရဏဂုံ၏အကျိုး

လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံဟူသော သရဏဂုံနှစ်ပါးတို့တွင် မဂ်၏အခြားမဲ့ဖြစ်သော ဖိုလ်လေးပါးတို့သည် လောကုတ္တရာသရဏဂုံ၏ မုချအကျိုးရင်းမည်၏။ အလုံးစုံသော ဝဋ်ဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်သည် အကျိုးဆက်မည်၏။ ဘဝ၏ပြည့်စုံခြင်း ဘဝသမ္ပတ္တိသည်လည်းကောင်း၊ စည်းစိမ်၏ပြည့်စုံခြင်း ဘောဂသမ္ပတ္တိသည်လည်းကောင်း၊ လောကီသရဏဂုံ၏ အကျိုးဖြစ်၏။


၆။သရဏဂုံညစ်နွမ်းခြင်း

နှစ်ပါးသောသရဏဂုံတို့တွင် လောကီသရဏဂုံသည် ရတနာသုံးပါးတို့၌မသိခြင်း၊ ယုံမှားခြင်း၊ မှားယွင်းစွာသိခြင်းစသည်တို့ကြောင့် ညစ်နွမ်း၏။ ကြီးသော အရောင်အဝါရှိသည်မဖြစ်။ အလွန်ကျယ်ပြန့်သောအကျိုးရှိသည် မဖြစ်။ လောကုတ္တရာသရဏဂုံအားကား ညစ်နွမ်းခြင်းမရှိချေ။

၇။သရဏဂုံပျက်ခြင်း

နှစ်ပါးသောသရဏဂုံတို့တွင် လောကီသရဏဂုံ၏ ပျက်ခြင်းသည် အပြစ်ရှိသောပျက်ခြင်းလည်းကောင်း၊ အပြစ်မရှိသောပျက်ခြင်းလည်းကောင်း ဤသို့ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အပြစ်ရှိသောပျက်ခြင်းသည် ရတနာသုံးပါးမှတစ်ပါးသောဆရာ (ဘုရား) စသည်တို့၌မိမိကိုယ်ကိုအပ်နှင်းခြင်း (အတ္တသန္နိယျာတန) စသည်တို့ကြောင့်ဖြစ်၏။ ထိုအပြစ်ရှိသောပျက်ခြင်းသည် မကောင်းသောအကျိုးရှိ၏။ အပြစ်မရှိသောပျက်ခြင်းသည် သေခြင်းကြောင့်ဖြစ်၏။ ထိုအပြစ်မရှိသောပျက်ခြင်းသည် အကျိုး(ဝိပါတ်)ကိုမပေးတတ်ချေ။

လောကုတ္တရာသရဏဂုံ၏ ပျက်ခြင်းသည်ကား မရှိသည်သာတည်း။ ထိုစကားမှန်၏။ အရိယာသာဝကသည် ဘဝတစ်ပါးပြောင်းသွားသော်လည်း ရတနာသုံးပါးမှတစ်ပါး အခြားသောဆရာ (ဘုရား) ကိုမညွှန်ပြဟု ဟောတော်မူ၏။

ဤကားသရဏဂုံနှင့်စပ်လျဉ်း၍ သိရမည့်အစီအရင်ပေတည်း။ [1]

သရဏဂုံတည်ခြင်း အကျိုး(၈)မျိုး

  • ၁။ ဖြစ်လေရာဘဝတိုင်း၌ အများအပူဇော်ခံရခြင်း။
  • ၂။ ထက်မြက်သော ဉာဏ်ပညာရှိခြင်း။
  • ၃။ အများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
  • ၄။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
  • ၅။ ဝင်းဝါစိုပြေသော ရုပ်အဆင်းရှိခြင်း။
  • ၆။ အများနှစ်သက် ကြည်ညိုမှုကို ခံရခြင်း။
  • ၇။ မိတ်ဆွေ၊ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ခံရခြင်း။
  • ၈။ ကျော်စောထင်ရှားခြင်း။

[2]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.