ဘဝ (ဗုဒ္ဓဘာသာ)

ဘဝ သည် နှစ်မျိုးရှိ၏။ ၎င်းနှစ်မျိုးမှာ - ကမ္မဘဝနှင့် ဥပပတ္တိဘဝတို့ ဖြစ်ကြသည်။ ဥပါဒါန် ကြောင့် ဘဝဖြစ်ပေါ်သည်။ [1][2]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

အဓိပ္ပါယ်

ဤနေရာတွင် "ဘဝ" သဒ္ဒါသည် ကြီးပွားခြင်းအနက်ကို ဆိုသည်၊ ကြီးပွားခြင်းမည်သည် ဤအရာ၌ သတ္တဝါတို့၏ ဘဝအတ္တဘောကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် အတ္တကို ရရှိမှုသည်ပင်လျှင် ဤနေရာ၌ "ဘဝ" မည်သည်။ ဘဝသည် ကံအစု "ကမ္မဘဝ" နှင့် ကံ၏ အကျိုးဖြစ်သော ဝိပါက်အစု "ဥပပတ္တိဘဝ" ဟူ၍ နှစ်ပါးအပြား ရှိသည်။[2]

ဘဝဖြစ်ပေါ်ခြင်း

ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့သည် ဥပါဒါန်တရားလေးပါးတို့ကို မဂ်ဖြင့်အကြွင်းမဲ့ မပယ်သတ်ပါက ထိုပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား ကာမုပါဒါန်ဟုဆိုအပ်သော တဏှာလောဘကြောင့် ကာမနှင့် စပ်ဆိုင်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ကြိုးစားပြုလုပ်ကြလေသည်။ ထိုအခါ ကာမုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[2]

ထိုပုထုဇ္ဇန်တို့သည် ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ထိုထိုအယူနှင့် စပ်လျဉ်းသမျှသော ကာယကံ ဝစီကံ မနေကံတို့ကို ကြိုးစားပြုလုပ်ကြ၏။ ထိုအခါ ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[2]

ထိုပုထုဇ္ဇန်တို့သည် သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် နွားအကျင့် ခွေးအကျင့် စသည်တို့နှင့် စပ်ဆိုင်သော ကာယကံ ဝစီကံ မနေကံတို့ကို ပြုလုပ်ကြ၏။ ထိုအခါ သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[2]

ထိုပုထုဇ္ဇန်တို့သည် အတ္တဝါဒုပါဒါန်ဟူသော သက္ကာယဒိဋ္ဌိကြောင့် အတ္တဒိဋ္ဌိနှင့်ဆိုင်သမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြကုန်၏။ ထိုအခါ အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[2]


ထိုပုထုဇ္ဇန်တို့သည် ကမ္မဘဝကို ပြုလုပ်ကြ၍ ဥပါဒါန်တရားနှင့်တကွဖြစ်၍သာလျှင် စုတေသေလွန်ကြကုန်၏။ ထိုအခါ စင်စင်အားဖြင့် တစ်ဖန်ဘဝသစ်သို့ ကပ်ရောက်ဖြစ်ပွားကြကုန်၏။ ဘဝသစ်၍ ဥပပတ္တိခန္ဓာတို့ ဖြစ်ပေါ်ကြကုန်သည်။[2]


ဤသို့ဖြင့် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်ပေါ်လေသည်။[2]

ဘဝနှစ်မျိုး

ကမ္မဘဝ

သုစရိုက်ဆယ်ပါး၊ ဒုစရိုက်ဆယ်ပါးသည် ကမ္မဘဝ မည်၏။[1][2]

ဥပပတ္တိဘဝ

ထိုသုစရိုက်တို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝ၌ ဖြစ်ပေါ်လာလတ္တံ့သည့် လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာစုသည်လည်းကောင်း၊ ဒုစ္စရိုက်တရားတို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝတို့၌ ဖြစ်ပေါ်လတ္တံ့သော ငရဲခန္ဓာ, တိရစ္ဆာန်ခန္ဓာ, ပြိတ္တာခန္ဓာ, အသုရကာယ်ခန္ဓာစုသည်လည်းကောင်း "ဥပပတ္တိဘဝ" မည်၏။[1][2]

ဥပပတ္တိဘဝသည် အောက်ပါအတိုင်း(၉) ပါးရှိသည် -[2]

  1. ကာမဘဝ - ကမာတစ်ဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါတို့ အတ္တဘောသည် "ကာမဘဝ" မည်၏။
  2. ရူပဘဝ - ရူပတစ်ဆယ့်ခြောက်ဘုံ၌ ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် "ရူပဘဝ" မည်၏။
  3. အရူပဘဝ - အရူပလေးဘုံ၌ ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် "အရူပဘဝ" မည်၏။
  4. သညီဘဝ - စိတ်သညာတို့၌ ပြည့်စုံသော ဘဝသည် "သညီဘဝ" မည်၏။ သညီဘဝသည် ရူပ ၁၅-ဘုံ၊ နေဝသညာ နာသညာယတနကြဉ်သော အရူပလေးဘုံ ဤနှစ်ဆယ့်ကိုးဘုံတို့၌ ဖြစ်သော ပုဂ္ဂိုလ်တို့၏ အတ္တဘော ဖြစ်သည်။
  5. အသညီဘဝ - စိတ်သညာတို့မှ ကင်းသော အသညသတ်ဗြဟ္မာတို့၏ အတ္တဘောသည် "အသညီဘဝ" မည်၏။
  6. နေဝသညီနာသညီဘဝ - နေဝသညာ နာသညာယတန ဗြဟ္မာတို့၏ အတ္တဘောသည် "နေဝသညီ နာသညီဘဝ" မည်၏။
  7. ဧကဝေါကာရဘဝ - ရုပ်ခန္ဓာတစ်ပါးမျှသာရှိသော အသညသတ်၏ အတ္တဘောသည် "ဧကဝေါကာရဘဝ" မည်၏။
  8. စတုဝေါကာရဘဝ - နာမ်ခန္ဓာလေးပါးရှိသော အရူပဗြဟ္မာတို့၏ အတ္တဘောသည် "စတုဝေါကာရဘဝ" မည်၏။
  9. ပဉ္စဝေါကာရဘဝ - ခန္ဓာငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အတ္တဘောသည် "ပဉ္စဝေါကာရဘဝ" မည်၏။ ပဉ္စဝေါကာရဘဝသည် ကာမဆယ့်တစ်ဘုံ၊ အသညသတ်ကြဉ်သော ရူပတစ်ဆယ့်ငါးဘုံ ဤနှစ်ဆယ့်ခြောက်ဘုံတို့၌ ရှိသည့် ပုဂ္ဂိုလ်တို့၏ အတ္တဘော ဖြစ်သည်။[2]

ကိုးကား

  1. လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.