သက္ကာယဒိဋ္ဌိ

သက္ကာယဒိဋ္ဌိ ဆိုသည်မှာ အတ္တဒိဋ္ဌိကို ဆိုလိုသည်။ စက္ခုကို ငါ, ငါဟူ၍လည်းကောင်း, ငါ၏ အတ္တဟူ၍လည်းကောင်း ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍နေသော ဒိဋ္ဌိ ဖြစ်သည်၊ ထို့အတူ သောတကို, ဃာနကို, ဇိဝှါကို, ကာယကို, မနောကို ငါ, ငါဟူ၍လည်းကောင်း၊ ငါ၏အတ္တဟူ၍လည်းကောင်း, ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍နေသာ ဒိဋ္ဌိ (ထင်မြင်မှု) ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

စွဲလမ်းပုံ

အဆင်းသဏ္ဌာန်ကို မြင်ကြသောအခါ ငါမြင်သည်, ငါမြင်သည်ဟု ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍ နေမှုသည် စက္ခုကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။ ထိုထိုအသံကို ကြားကြသောအခါ ငါးကြားသည် ငါကြားသည်ဟု၊ ထိုထိုအနံ့ကို နံကြသောအခါ ငါနံသည် ငါနံသည်ဟု၊ ထိုထိုအရသာကို စားကြသောအခါ ငါစားသည် ငါစားသည်ဟု၊ ကိုယ်၌ ပူခြင်း, အေးခြင်း, ညောင်းခြင်း, ညာခြင်း, နာခြင်း, ကျင်ခြင်း စသည် ဖြစ်ပေါ်လာသောအခါ ငါပူသည်, ငါအေးသည်, ငါညောင်းညာသည်, ငါကျင်သည်ဟု၊ ထိုထိုအရာကို ကြံဖန်ကြသောအခါ ငါကြံသည် ငါကြံသည်ဟု ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍ နေမှုသည် မနောကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏။ ဤသည်မှာ အတွင်း အာယတန ခြောက်ပါးတို့တွင် သက္ကာယဒိဋ္ဌိ စွဲလမ်းနေပုံ ဖြစ်သည်။[1]

သက္ကာယဒိဋ္ဌိ၏ ဘုံသုံးဆင့်

သက္ကာယဒိဋ္ဌိသည် သတ္တဝါတို့၏ ကိုယ်ခန္ဓာတွင် ဘုံသုံးဆင့်ဖြင့် တည်ထောင်ကာနေ၏။ ၎င်းဘုံသုံးဘုံတွင် ပထမဘုံသည် အနုသယဘုံ၊ ဒုတိယဘုံမှာ ပရိယုဋ္ဌာနဘုံ၊ တတိယဘုံသည် ဝီတိက္ကမဘုံ ဖြစ်သည်။

ကာယကံ သုံးပါး, ဝစီကံ လေးပါးကို ဝီတိက္ကမဘုံဆိုသည်။ မနောကံကို ပရိယုဋ္ဌာနဘုံ ဆိုသည်။ ကံသုံးပါးသို့ မရောက်သေးမူ၍ ကံသုံးပါး၏ အမြစ်မူလ ဗီဇမျိုးစေ့အနေနှင့် ကိုယ်ခန္ဓာတစ်ခုလုံး၌ ကိန်းဝပ်တည်ထောင်၍ အနမတဂ္ဂသံသရာ၌ အစဉ်အမြဲလိုက်ပါ၍နေသော ဒိဋ္ဌိကို အနုသယဘုံ ဆိုသည်။

ဒိဋ္ဌိဒုစ္စရိုက်တို့ကို ဖြစ်ပွားစေနိုင်သော အာရုံတရားတို့သည် စက္ခုစသော ဒွါရခြောက်ပါးတို့တွင် တစ်ခုခုသော ဒွါရ၌ ထိခိုက်လာကုန်သည်ရှိသော် ထိုဒိဋ္ဌိ၏ အပွားအစီးဖြစ်သော အကုသိုလ်စုသည် အနုသယဘုံမှ ထကြွ၍ ပရိယုဋ္ဌာနဘုံကို ပြည့်စေ၍ တည်၏။ မနောကံအဖြစ်သို့ ရောက်၍ တည်လေ၏ဟု ဆိုလိုသည်။

မနောကံအဖြစ်တွင် မငြိမ်းနိုင်ရှိပြန်သော် ပရိယုဋ္ဌာနဘုံမှ ထကြွသောင်းကျန်း၍ ဝီတိက္ကမဘုံကို ပြည့်စေ၍ တည်လေ၏။ ကာယကံ, ဝစီကံအဖြစ်သို့ ရောက်၍ တည်လေ၏။[1]

ဒိဋ္ဌိနှင့် မဂ္ဂင်

သက္ကာယဒိဋ္ဌိ၏ အစီးအပွားဖြစ်သော ကာယဒုစ္စရိုက် ၃-ပါး, ဝစီဒုစ္စရိုက် ၄-ပါးတို့ကို ပယ်ရှားခြင်းငှါ သီလက္ခန္ဓမဂ္ဂင် ၃-ပါးကို ထူထောင်ရမည်။ အာဇီဝဋ္ဌမကသီလကို ခံယူဆောက်တည်၍ စောင့်ထိန်းရမည် ဆိုလိုသည်။

သက္ကာယဒိဋ္ဌိ၏ အစီးအပွားဖြစ်သော မနောဒုစ္စရိုက် ၃-ပါးကို ပယ်ရှားခြင်းငှါ သမာဓိက္ခန္ဓမဂ္ဂင် ၃-ပါးကို ထူထောင်ရမည်။ အာနာပါနကမ္မဋ္ဌာန်းအလုပ်, အဋ္ဌိကကမ္မဋ္ဌာန်းအလုပ်, ကသိုဏ်းကမ္မဋ္ဌာန်းအလုပ် စသည်တို့တွင် တစ်ခုခုကို တည်ထောင်၍ ယုတ်စွအဆုံး တစ်နေ့တစ်ညဉ့်အဖို့တွင် တစ်နာရီမျှသော်လည်းကောင်း စိတ်တည်ကြည်ခွင့်ရအောင် နေ့စဉ်စွဲမြဲရမည် ဆိုလိုသည်။

ထို့နောက်တွင် သက္ကာယဒိဋ္ဌိ၏ ပထမဘုံကြီးကို ပယ်သတ်ခြင်းငှါ ပညာက္ခမဂ္ဂင် ၂-ပါးကို ထူထောင်ရမည်။ မိမိသန္တာန်၌ ရှိသော ရုပ်တရား, နာမ်တရားတို့တွင် ထင်ရှားလှစွာသော တစ်ခုခုသော ရုပ်တရား, နာမ်တရား၌ အနိစ္စရှုနည်းကို ထူထောင်၍ အသက်ထက်ဆုံး အခွင့်သာသမျှ ကြိုးစားအားထုတ်၍ ရှုရမည် ဆိုလိုသည်။ ဤသည်မှာ ဒိဋ္ဌိဘုံ ၃-ခုနှင့် မဂ္ဂင် ၃- မျိုးကို နေရာချ၍ ပြဆိုခန်း ဖြစ်သည်။ [1]

ကိုးကား

  1. လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.