ဝဋ်

ဝဋ် ဆိုသည်မှာ ပုဂ္ဂိုလ်တို့တွင် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာသည် ရှိနေ၏။ ထိုပုဂ္ဂိုလ်တို့သည် အထက်ဆုံးဖြစ်သော ဘဝဂ်ဘုံ၌ ဘဝပေါင်း အသင်္ချေ အနန္တတိုင်အောင် အဖန်ဖန် ရောက်ကြကုန်သော်လည်း တံငါ, မုဆိုး, သူခိုး, ဓားပြစသော အကုသိုလ်ကမ္မပထတွင်းသို့ တလဲလဲရောက်လာကြရကုန်၏။ အဝီစိ အစရှိသော အပါယ်ခန္ဓာအတွင်းသို့လျှင် တလဲလဲ ကျရောက်လာကြရကုန်၏။ ဤသို့လျှင် မကျွတ်နိုင်ဘဲ တဝဲလည်လည် ပြန်လှန်၍နေသည်ကို ဝဋ်ဟူ၍ ဆိုလိုသည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ဝဋ် (၃) ပါး

မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ပါက အကြင်ဝဋ်ဒုက္ခတရားတို့မှ လွတ်ငြိမ်းခြင်းသို့ ရောက်ကြကုန်၏။ ထိုဝဋ်ဒုက္ခတရားတို့သည် သုံးပါး ရှိ၏။ ဝဋ်ဒုက္ခသုံးပါးတွင် - (က) အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

(ခ) ကာမသုဂတိသံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

(ဂ) ရူပသံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

(ဃ) အရူပသံသရာဆိုင်ရာဖြစ်သော ဝဋ်သုံးပါး ဟူ၍ ၃-ပါး ၄-လီ ရှိ၏။[1]

(က) အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး

၁။ သက္ကာယဒိဋ္ဌိတစ်ပါး, ဝိစိကိစ္ဆာတစ်ပါး ဤကိလေသာ ၂-ပါးသည် ကိလေသဝဋ် မည်၏။

၂။ ပါဏာတိပါတ,အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဟူသော အကုသလကမ္မပထတရား ဆယ်ပါးတို့သည် ကမ္မဝဋ် မည်၏။

၃။ ငရဲသတ္တဝါ, တိရစ္ဆာန်သတ္တဝါ, ပြိတ္တာသတ္တဝါ, အသုရကာယ်သတ္တဝါ ဟုဆိုအပ်သော ဝိပါက်ကဋတ္တာ ခန္ဓာငါးပါးသည် ဝိပါကဝဋ် မည်၏။[1]

(ခ) ကာမသုဂတိသံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး

၁။ ကောင်းသော အဆင်းမျိုး , အသံမျိုး, အနံ့မျိုး, အရသာမျိုး, အတွေ့အထိမျိုးတို့၌ သာယာခင်မက် နှစ်သက်တွယ်တာသော ကာမတဏှာသည် ကိလေသဝဋ် မည်၏။

၂။ ဒါန သီလ ဘာဝနာ စသော ကာမာဝစရပုညကိရိယဝတ္ထုဆယ်ပါးသည် ကမ္မဝဋ်မည်၏။

၃။ လူသတ္တဝါ၊ နတ်ပြည်ခြောက်ထပ် နတ်သတ္တဝါဟု ဆိုအပ်သော ဝိပါက်ကဋတ္တာ ခန္ဓာငါးပါးသည် ဝိပါကဝဋ် မည်၏။

အကြင်ပုဂ္ဂိုလ်တို့တွင် ကာမတဏှာသည် ရှိနေ၏။ ထိုပုဂ္ဂိုလ်တို့သည် အထက်ဖြစ်သော ဘဝဂ်ဘုံသို့ အဖန်ဖန် ရောက်ကုန်ငြားသော်လည်း ကာမတဏှာ၏ ကျွန်အဖြစ်သို့ တလဲလဲ ကျရောက်ကြကုန်၏။[1]

(ဂ-ဃ) ရူပ, အရူပသံသရာ၏ ဆိုင်ရာဝဋ်သုံးပါး

၁။ ရူပဘဝ, အရူပဘဝတို့၌ သာယာတွယ်တာသော ရူပတဏှာ, အရူပတဏှာများသည် ကိလေသဝဋ် မည်၏။

၂။ ရူပကုသိုလ်, အရူပကုသိုလ်များသည် ကမ္မဝဋ် မည်၏။

၃။ ရူပဗြဟ္မာဟု ဆိုအပ်သော ဝိပါက်ကဋတ္တာခန္ဓာငါးပါး၊ အရူပဗြဟ္မာဟုဆိုအပ်သော ဝိပါက်နာမက္ခန္ဓာလေးပါးသည် ဝိပါကဝဋ် မည်၏။

ရူပတဏှာ, ရူပကုသိုလ်, ရူပဗြဟ္မာ့ခန္ဓာ,အရူပတဏှာ, အရူပကုသိုလ်, အရူပဗြဟ္မာ့ခန္ဓာဟူ၍ ဝဋ်သုံးပါးနှစ်လီ ဖြစ်သည်။[1]

မဂ္ဂင်နှင့် ဝဋ်

မဂ္ဂင်ရှစ်ပါးသည် သောတာပတ္တိမဂ္ဂင်ရှစ်ပါး၊ သကဒါမိမဂ္ဂင်ရှစ်ပါး, အနာဂါမိမဂ္ဂင်ရှစ်ပါး, အရဟတ္တမဂ္ဂင်ရှစ်ပါးဟူ၍ ရှစ်ပါးလေးရှိ၏။ ထိုရှစ်ပါးလေးလီတွင် -

၁။ သောတာပတ္တိမဂ္ဂင်ရှစ်ပါးသည် အပါယ်သံသရာဆိုင်ရာဖြစ်သော ဝဋ် ၃-ပါးကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏။ ကာမသုဂတိ၏ ဆိုင်ရာဖြစ်သော ဝဋ် ၃-ပါးကိုမူကား နောက် ၇-ဘဝကို ချန်လှပ်၍ ၇-ဘဝမှ အထက်ဖြစ်လတ္တံ့သော ကာမသုဂတိ၏ ဆိုင်ရာဝဋ် ၃-ပါးကိုလည်း သောတာပတ္တိမဂ္ဂင်ရှစ်ပါးသည် အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏။

၂။ သကဒါမိမဂ္ဂင်ရှစ်ပါးသည် အကျန် ၇-ဘဝတို့တွင် ၂-ဘဝကို ချန်လှပ်၍ ၂-ဘဝအထက်၌ ဖြစ်လတ္တံ့သော ၅-ဘဝတို့၌ ကာမသုဂတိ၏ ဆိုင်ရာဝဋ် ၂-ပါးကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏။

၃။ အနာဂါမိမဂ္ဂင်ရှစ်ပါးသည် ရူပသံသရာ, အရူပသံသရာတို့၏ ဆိုင်ရာဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏၊ အလုံးစုံသော ကိလေသာတို့သည် ချုပ်ငြိမ်းကုန်၏။

၄။အရဟတ္တမဂ္ဂင်ရှစ်ပါးသည် ရူပသံသရာ အရူပသံသရာတို့၏ ဆိုင်ရာဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏၊ အလုံးစုံသော ကိလေသာတို့သည် ချုပ်ငြိမ်းကုန်၏။[1]

ကိုးကား

  1. လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၇၁၊ ၇၂၊ ၇၃။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.