သိန္နီနယ်

သိန္နီနယ် သည် ယခင်ရှမ်းပဒေသရာဇ်ပြည်နယ်များတွင် ပါဝင်ခဲ့သော ပြည်နယ်တစ်ခု ဖြစ်သည်။

ဤဆောင်းပါးသည် ရှမ်းပဒေသရာဇ်ပြည်နယ်များ၏ ယခင်ပြည်နယ် အကြောင်း ဖြစ်သည်။ လက်ရှိ အုပ်ချုပ်ရေးနယ်မြေ အတွက် သိန္နီမြို့နယ် ကို ကြည့်ပါ။ မြို့ အတွက် သိန္နီမြို့ ကို ကြည့်ပါ။
သိန္နီနယ်
သဵၼ်ႈဝီ
ရှမ်းပဒေသရာဇ်ပြည်နယ်များ၏ ပြည်နယ်
၇ ရာစု–၁၈၈၈
 

သိန္နီနယ်၏ တည်နေရာ
ရှမ်းပဒေသရာဇ်ပြည်နယ်များရှိ သိန္နီနယ်
သမိုင်း
  Sivirattha State founded ၇ ရာစု
  ပြည်နယ်နှစ်ခုအဖြစ်ခွဲ ၁၈၈၈
ဧရိယာ ၂၂၆၅၄.၃၅ km2 (၈၇၄၇ sq mi)

သမိုင်းကြောင်း

သိန္နီနယ်ကိုခရစ် ၁၈၈၈ခုနှစ် အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်ပြီးနောက်မှ မြောက်သိန္နီနယ် (သိန္နီနယ်)နှင့် တောင်သိန္နှီနယ်(မိုင်းရယ်နယ်)ဟု ခွဲခြားအုပ်ချုပ်ခဲ့သည်။ ရှေးအခါသမယက သိန္နီနယ်ကြီးသည် အစိတ်စိတ်ကွဲပြားခြင်းမရှိဘဲ ရှမ်းပြည်နယ်တဝှမ်းလုံးတွင် အကျယ်ပြန့်ဆုံး အာဏာအလွှမ်းမိုးဆုံးသောနယ်ကြီးဖြစ်ခဲ့သည်။ သို့သော် မြန်မာဘုရင်များဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးသည့်နောက် အုပ်ချုပ်ရေးဝါဒအရ ရာထူးလုသည့်နယ်ရှင် စော်ဘွားတို့ကြောင့် သိန္နီနယ်ကြီးသည်ငါးနယ်အထိအစိတ်စိတ် ကွဲပြားခဲ့လေသည်။ ထိုအတွင်း စော်ဘွားအချင်းချင်း စိတ်ဝမ်းကွဲကာ တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်၍ ဆိုင်ရာ နယ်ပယ်များကို အုပ်ချုပ်ကြသည်။ နောက်ဆုံးခရစ် ၁၈၈၈ ခုနှစ်၊ အင်္ဂလိပ်တို့ဝင်ရောက်လာမှ အထက်ပါ အတိုင်းနှစ်နယ်ခွဲ၍ အုပ်ချုပ်ခဲ့သည်။ နှစ်နယ်ခွဲ၍ အုပ်ချုပ်စက ခွန်ဆိုင်တုံဟမ်းအား မြောက်သိန္နီနယ်အတွက် စော်ဘွားအဖြစ်၎င်း၊ ဆိုင်နော်ဖ၏သား နော်မိုင်းအား တောင်သိန္နီနယ် စော်ဘွားအဖြစ်၎င်း၊ ခန့်အပ်ခဲ့လေသည်။ ၁၉၂၅ ခုနှစ်တွင် မြောက်သိန္နီနယ်ကိုစဝ်ဟုံဖက စော်ဘွားအဖြစ် ဆောင်ရွက်ခဲ့လေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ၊ အင်္ဂလိပ်အစိုးရ လက်ထက်၌ ရှမ်းပြည်နယ်သည် ရှမ်းပြည်မြောက်ပိုင်းခရိုင်၊ ရှမ်းပြည်တောင်ပိုင်းခရိုင် ဟူ၍သာ ခွဲခြားသတ်မှတ်ထားခဲ့လေသည်။ လွတ်လပ်ရေးရပြီး၍ စော်ဘွားများအုပ်ချုပ်ရေး အာဏာစွန့်လွှတ်ပြီးသောအခါ အုပ်ချုပ်ရေးကိစ္စအဝဝတို့ကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ကို ခရိုင်ခြောက်ခရိုင်ခွဲခြား၍ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်စသည်တို့ဖြင့် အုပ်ချုပ်ခဲ့လေသည်။ ထိုခရိုင်များအနက် လားရှိုးခရိုင်တွင် မြောက်သိန္နီနယ်သည် လားရှိုးခရိုင်ခွဲ၏ မြို့နယ်တစ်ခုအဖြစ်၎င်း၊ တောင်သိန္နီနယ်(မိုင်းရယ်နယ်)သည် တန့်ယမ်းခရိုင်ခွဲ၏ မြို့နယ်တစ်ခုအဖြစ်၎င်း ပါဝင်ခဲ့လေသည်။

မြောက်သိန္နီနယ်၏အကျယ်အဝန်းမှာစတုရန်းမိုင်ပေါင်း ၆၄၂၂ မိုင်ရှိ၍ ၁၉၅၃ခုနှစ်၊ သန်ခေါင်းစာရင်းအရ လူဦးရေမှာ ဝ၂၄၃၄၉၉ ယောက်ရှိသည်။ မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက်တွင် ဝနယ်နှင့် တောင်သိန္နီနယ်၊ အနောက်ဘက်တွင် သီပေါနယ်၊ တောင်ပိုင်နယ်၊ မိုးမိတ်နယ် နှင့်ဗန်းမော်ခရိုင်တို့ဖြင့် ဝိုင်းရံလျက်တည်ရှိသည်။ မြောက်သိန္နီနယ်၏မြောက်ဘက် ဒေသတော်တော်များများတွင် တောင်ကုန်းများထူထပ်၍ ကချင်လူမျိုးများနေထိုင်ကြသည်။ နေရာအနှံ့အပြားတွင်ပလောင်ရွာများ ရှိ၍ တရုတ်လူမျိုးများလည်း အနည်းငယ် နေထိုင်ကြသည်။

စပါးစိုက်ပျိုးသော မြစ်ဝှမ်းများသည် ရှမ်းလူမျိုးများလက်ထဲတွင် ရှိနေသေးသည်။ သံလွင်မြစ်အရှေ့ဖက်တွင်ကိုးကန့်နယ်ရှိသည်။ တောင်ဘက်ပိုင်းသည် မြေအလွန်နိမ့်၍ နမ္မတူမြစ်(မြစ်ငယ်မြစ်) နှင့် ယင်း၏လက်တက်ဒေသတစ်လျှောက်တွင်မြေညီညာသည်။ ဤအပိုင်းသည် အလွန်အဖိုးတန်သောအပိုင်းဖြစ်၍ ရှမ်းလူမျိုး အမြောက်အမြားနေထိုင်၍ ကချင်နှင့်အခြားတောင်ပေါ်သားများ အနည်းငယ်ရှိကြသည်။

သိန္နီမြို့သည်ရှမ်းပြည်မြောက်ပိုင်းတိုင်း လားရှိုးခရိုင် သိန္နီမြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ လားရှိုးမြို့မှ ၃၂မိုင်ဝေးကွာ၍တုတ်·မြန်မာလမ်းမကြီးပေါ်တွင်တည်ရှိရာ ကွမ်းလုံသွားကားလမ်းခွဲမြို့ လည်းဖြစ်သည်။ မြို့၏အကျယ်အဝန်းမှာစတုရန်တစ်မိုင်ခန့်ရှိ၍ ၁၉၅၃ ခုနှစ်၊ သန်းခေါင်စာရင်းအရလူဦးရေ ၃၅၇၆ ယောက်ရှိသည်။

သိန္နီမြို့ဟု ခေါ်တွင်လာရခြင်းမှာ ဤသို့ဖြစ်သည်၊ သိန္နီနယ်ကိုအုပ်စိုးသော ရှေးစော်ဘွားကြီးတစ်ဦးသည် ကျောက်စိမ်းထွက်ရာဒေသဖြစ်သော မိုးညှင်း၊ မိုးကောင်း တို့ကိုပင် အုပ်စိုးခဲ့ဘူးသည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းကို အလွန်မြတ်နိုးသောသူများဖြစ်သဖြင့် ထိုစော်ဘွားပိုင်သည့်နယ်ကို ရှေးတုတ်ဘာသာစကားဖြင့် ဆိုင်ဇီဟုခေါ်တွင်ခဲ့၏။ ကျောက်စိမ်းပြည်ဟု အဓိပ္ပါယ်ရသည်။ နောင်ကာလရွေ့လျောသော အခါ ဆိုင်ဇီမှဆိုင်ဝီဖြစ်လာသည်။ သိန္နီစော်ဘွားကြီး နန်းစိုက်ရာမြို့ကိုဝိုင်းဆိုင်ဝီဟုခေါ်သည်။

အခြားမူကွဲတစ်ခုမှာ ရှေးအခါက သိန္နီစော်ဘွား ၏ ဘုန်းတန်ခိုးကြောင့် ကန်တော့ခံအဖြစ် နှစ်စဉ်ငှက်ပျောဖီး တစ်သိန်းရရှိသည်။ ငှက်ပျောဖီး တစ်သိန်းအား သျှမ်းဘာသာဖြင့် သႅၼ်ဝီ ဟုခေါ်ရာမှအဖီးပေါင်းတစ်သိန်းရသောမြို့ ဝဵင်းသႅၼ်ဝီ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ယခုရှမ်းအခေါ် သႅၼ်ဝ မြန်မာအခေါ် "သိန္နီ"မြို့မှာ စော်ဘွားကြီးခွန်ဆိုင်တုံဟမ်းသည်မြန်မာသက္ကရာဇ် ၁၂၃၆ခုနှစ်က နမ္မတူမြစ်(မြစ်ငယ်မြစ်)တောင်ဘက်ကမ်းမှ မြောက်ဘက်ကမ်းသို့ပြောင်းရွှေ့နန်းစိုက်ခဲ့သော မြို့ဖြစ်ရာယနေ့တိုင်ဝိုင်းဆိုင်ဝီ'ဟုခေါ်တွင်နေခြင်းဖြစ်သည်။

မြို့တွင်း၌အလွန်ထင်ရှားသောမဟာမြတ်မုနိ ရုပ်ပွားတော်တဆူရှိသည်။ မြို့အနီးတောင်ကုန်းပေါ်တွင် ၵွင်းမူးထၢတ်း မြန်မာဘာသာဖြင့် ကောင်းမူတော်စေတီတော်တည်ရှိသည်။ နှစ်စဉ် မြို့လယ်ဘုရားပွဲတော်ကျင်းပသည်။ ထိုပြင်ဆေးရုံ၊ အစိုးရအ ထက်တန်းကျောင်း၊ အစိုးရရုံးအဆောက်အအုံများ၊ စာပို့တိုက်၊ မြို့လယ်မင်္ဂလာရုံ၊ ပတ္တမြားကျောင်းနှင့် မုံဆာကျောင်း၊ ကမ္မဋ္ဌာန်းကျောင်းများလည်းရှိသည်။

တောင်သိန္နီနယ်၏အကျယ်အဝန်းမှာ ၂၃၅၁ စတုရန်းမိုင်ဖြစ်၍ ၁၉၅၃ခုနှစ်၊ သန်းခေါင်စာရင်းအရလူဦးရေမှာ ၈၂၆၇၂ ယောက်ရှိသည်။ မြောက်ဘက်တွင် မြောက်သိန္နီ၊ တောင်ဘက်တွင် မိုင်းလွန်းနယ်နှင့် ကျေးသီးမံစံနယ်၊ အရှေ့ဘက်တွင်သံလွင်မြစ်၊ ဝနယ်နှင့် အနောက်မိုင်းလွန်းနယ်၊ တောင်ဘက်တွင် သီပေါနယ်နှင့် မြောက်သိန္နီနယ်တို့ဖြင့် ဝိုင်းရံလျက်တည်ရှိသည်။

ယင်းနယ်အလယ်တွင် တောင်တန်းတစ်ခု ဖြတ်သန်းလျက် ရှိသည်။တောင်ယာနှင့်လယ်ယာများ အညီအမျှစိုက်ပျိုးကြသည်။ ဆန်စပါးအပြင်ဝါ ဂွမ်းနှင့်ကြံစိုက်ပျိုးကြသည်၊ မြို့ပိုင်ရုံးစိုက်ရာမြို့သည် မိုင်းရယ်မြို့ဖြစ်သည်။ ယခင်ကလက်ထောက် နိုင်ငံရေးအရာရှိတို့သည် တောင်ရန်မြို့၌ရုံးထိုင်ခဲ့ကြသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.