ကမ္ဘာအေးစေတီ

ကမ္ဘာအေးစေတီမှာ ရန်ကုန်မြို့ ရေကူးရပ် သီရိမင်္ဂလာကုန်းတွင် တည်ရှိသော စေတီတော် ဖြစ်သည်။ ဘွဲ့တော်အားဖြင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီဟု တွင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းအဓိဌာန်ဖြင့် ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန် ပါဝင်သည့် သာသနာရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ စုပေါင်း မတည်ကာ အရပ်ရပ်ကုသိုလ်ရှင်များ၏ အလှူငွေများဖြင့် တည်ထားသော စေတီတစ်ဆူ ဖြစ်သည်။ စေတီတော်ကြီးမှာ မြန်မာနိုင်ငံတွင် တည်ထားပြီးသော စေတီတော်များနှင့် လုံးမဝတူဘဲ ခေတ်မှီ ပိသုကာပညာအရ သံထုတ်တန်းကြီးများဖြင့် အတွင်း၌ လိုဏ်ဂူသဖွယ် ဌာပနာတိုက်ကို အုံထပ်၍ တည်ထားသည်။ စေတီတော်၏ လိုဏ်တွင်း၌ အလယ်ဌာပနာတိုက်ကိုပတ်၍ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးနှင့် ပွင့်တော်မူဆဲ ဘုရားငါးဆူတို့ကို ပူဇော်သောအားဖြင့် ဆင်းတုတော်ကြီးငါးဆူကို ကိုးကွယ်ထားသည်။ ဆင်းတုတော်တို့ မျက်နှာမူရာတွင် မုခ်ငါးမုခ်ထားရှိသည်။ ဘုရားငါးဆူတွင် တစ်ဆူတစ်ဆူ၌ ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်များကို နောက်ခံကားဆေးခြယ်ထားသည်။ ဉာဏ်တော်မှာ ၇၈ တောင် ၂ မိုက် ဖြစ်သည်။

ကမ္ဘာအေးစေတီ
သီရိမင်္ဂလာကမ္ဘာအေးစေတီ
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရန်ကုန်မြို့ ရေကူးရပ် သီရိမင်္ဂလာကုန်း
ကိုဩဒိနိတ်16.856831°N 96.154481°E / 16.856831; 96.154481
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သာသနာရေးဝန်ကြီးဌာန
ပြီးစီး၁၉၅၂ (၁၉၅၂)
ရွေးချယ်သတ်မှတ်ခြင်းများ

လိုဏ်အတွင်း ဌာပနာတိုက်ပတ်လည်အထက် အဆင့်တွင်မူ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရုပ်တုတော်များကို ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်နှင့်တကွ ထားသည်။ မုခ်ဝများတွင်လည်း စကြာပုံတောင်းသဏ္ဌာန်နှင့် ကြာပွင့်ကြာဖူးသဏ္ဌာန်များကို သာသနာတော် ရိပ်မြုံအဖြစ် ပုံဖေါ်ထားလေသည်။ စေတီတော်ကြီးကို ကမ္ဘာအရပ်ရပ်မှ ပုဂ္ဂိုလ်အများ နေ့ညမရွေး လာရောက်ဖူးမြော်ကြသည်။ သီရိမင်္ဂလာကုန်းတော်တွင် ဇရပ်၊ တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြသာဒ်များပါ တည်ထား၍ နိုင်ငံတော်အစိုးရ သာသနာရေးဌာန ပိဋကတ်တော် ဘာသာပြန်ဌာနကို ကမ္ဘာအေးတန်ဆောင်း အဆောက်အအုံတွင် ဖွင့်လှစ်ထားသည်။

စေတီတော်၏ ထီးတော်တင်ပွဲနှင့် ပဌမအကြိမ် ပွဲတော်ကြီးကို ၁၃၁၃ ခု တပေါင်းလတွင် ကျင်းပ၍ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ထီးတော်တင်သည်။ ထီးတော်တင်ပွဲကို ၇ ရက်တိုင်တိုင် ကျင်းပသည်။ မကြုံဘူးအောင် စည်းကားလှ၍ စေတီတော်အတွင်း ဌာပနာတိုက်တွင် ကျိန်းဝပ်သော သာသက ဓာတ်တော်များ၊ ရုပ်တုဆင်းတုတော်များကို ဖူးမျှော်ခွင့်ရရှိကြသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ကျင်းပလေ့ရှိ၍ အထူးပင်စည်ကားသည်။ ရှင်လူအများ ဖူးမြော်ပူဇော်နိုင်ကြရန် မန္တလေးမြို့ နန်းစဉ်ရုပ်ပွားတော်များ၊ သရေခေတ္တရာ နန်းစဉ်ရုပ်ပွားတော် ဌာပနာများ စသည့် ဓာတ်တော်၊ မွေတော်၊ ဆင်းတုတော်များကို အခါအားလျော်စွာ ကမ္ဘာအေးစေတီ၌ ထားရှိလေသည်။ ကမ္ဘာအေးစေတီတော်အနီးတွင် ဗောဓိပင်ကိုလည် စိုက်ပျိုးထားသည်။ ထိုစေတီတော်ကုန်း၌ပင် ဆဋ္ဌသင်္ဂါယနာတင်ရန် လှိုဏ်ဂူကြီးကို ဆောက်လုပ်ရန် လျာထားစီစဉ်၍ အုတ်မြစ်ချပွဲကို ခမ်းနားစွာ ကျင်းပခဲ့သည် နိုင်ငံတော်တွင်း အရပ်ရပ်နှင့် နိုင်ငံခြားတိုင်းပြည်များမှ ရှင်လူအများ လာရောက် ဖူးမျှော်ကြသည်။

စေတီတော်၏ အမြင့်ဉာဏ်တော်မှာ ၇၈ တောင် ၂ မိုက်ဖြစ်သည်။ [1]

ရုပ်ပုံများ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.