မဟာဇေယပထတံတား
မဟာဇေယပထတံတားသည် အင်းဝမြို့ တောင်ဘက် ဟံသာဝတီတံခါးမှ တံတားဦးမြို့ မင်္ဂလာစေတီထိ တာ(၅၀၀) တစ်မိုင်ခန့် ရှည်လျားသည်။ မဟာဇေယပထတံတားကြီးကို စတင်တည်ဆောက်သူမှာ ပထမအင်းဝခေတ် ငယ်နာမည် မင်းဆွေ (ခ) ပထမမင်းခေါင် ဖြစ်သည်။ မင်းခေါင်ကြီး ဘုန်းကြီးကျောင်းသားဘဝဖြင့် နေရစဉ် အိပ်မက်ကို အကြောင်းပြု၍ ဆရာဘုန်းတော်ကြီးက မင်းဖြစ်လျှင် မမေ့နိုင်စေရန် ခြေနှင့် အကျောက်ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ စကားအင်း တောင်ဘက်တွင် ရန်အောင်မြင်စေတီကို တည်ထားခဲ့သည်။ တံတားဦးကိုလည်း ယက်မလျှိအမိုးနှင့် တံတားဆောက်လုပ်တော်မူခဲ့သည်။ အင်းဝဘုရင်မင်းခေါင် စတင်တည်ဆောက် ကုသိုလ်ယူခဲ့သော တံတားကြီးကို စတုတ္ထအင်းဝခေတ် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွင် နန်းမတော်မယ်နု၏မောင် စလင်းမြို့စား ဦးအိုက ပြုပြင်ဆောက်လုပ်ပြီး သက္ကရာဇ် (၁၁၈၉)ခုနှစ်၊ တပေါင်းလဆန်း (၂)ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဦးအိုအုတ်လမ်းဟုလည်း လူသိများသည်။ မဟာဇေယပထတံတားကြီးမှာ အုတ်မုဒ်တိုင်ပါ အုတ်လက်ရုံးတံတိုင်း အကာအရံတို့ဖြင့် ကြီးကျယ်ခန်းနားစွာ ပြုပြင်တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ လမ်းသစ်နှင့် တစ်ထပ်တည်း ဖြစ်နေသော နေရာများ၌ လမ်းဟောင်းမှ အကာအရံများ တွေ့မြင်နိုင်သည်။ ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းလျက် ရှိသည်။ [1]
ကိုးကား
- အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၂၇/၂၈