ရှစ်မျက်နှာစေတီတော်

ရှစ်မျက်နှာစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့ မြို့လယ်ရှိ (၄)ရပ်ကွက်၌ တည်ရှိပြီး သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော စေတီပေါင်း ရှစ်သောင်းလေးထောင် အနွယ်ဝင် စေတီတော်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီးသည် စေတီတော်ကို မြန်မာပြည် အထက်ပိုင်း၊ ချင်းတွင်းမြစ်ညှာ ကမ်းနဖူး၌ တည်ထားခဲ့သည်။ နှစ်ကာလ ကြာမြင့်သည်နှင့်အမျှ မြစ်ရေတိုက်စားခြင်းကြောင့် ယိုယွင်းပျက်စီးခဲ့သည်။ ဌာပနာတိုက်အတွင်းမှ ရှစ်မြှောက်လက်ျာရစ်ခွေ အဆင့်ဆင့် ကျောက်ခွေ ဓာတ်တော်ကြုတ်ကြီး ပေါ်ထွက်လာခဲ့သည်။ ၁၂၃၀-ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း (၉)ရက်နေ့တွင် ဆရာတော် ဝဏ္ဏအဘိဓဇသဒ္ဓမ္မလင်္ကာရာဇဂုရုသည် ဓာတ်တော်ကြုတ်ကို ရွှေအဆင်း ဓာတ်တော် ၄၅-ဆူ၊ ချရားစေ့ အရောင် ဓာတ်တော် ၂၉-ဆူ၊ ပုလဲရောင်ဓာတ်တော် ၆၂-ဆူတို့နှင့် အတူ သုံးခွမြို့၌ ဌာပနာ၍ တည်ထားခဲ့သည်။

စေတီတော် တည်ထားသည့်ကမ်းပြိုသဖြင့် ၁၂၄၇-ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည် တည်ထားခဲ့သည်။ စေတီတော်ကို ပြန်လည်ပြုပြင်ကြစဉ် ယခုစေတီတော် တည်ရာအရပ်တွင် ဒရယ်တစ်ကောင် ဝပ်နေသည်ကို တွေ့ရှိရသဖြင့် မင်္ဂလာယူကာ ယခုစေတီတော် တည်ရာနေရာသို့ တတိယအကြိမ် ရွှေ့ပြောင်းတည်ထားကြသည်။ မူလလက်ျာရစ်ခွေ ရှစ်မြှောင့်ရှိ ဓာတ်တော်ကြုတ်ကို ဝန်းရံလျက် မန္တလေးမြို့မှ ပင့်ဆောင်လာသော ငွေပြားဆင်းတုတော် ၁၂၆-ဆူ၊ ကြေးဆင်းတုတော် ၁၆၉-ဆူ၊ ရွှေဆင်းတုတော် ၂၁၉-ဆူ၊ ငွေပြားခတ် ဆင်းတုတော် ၃၄၇-ဆူ၊ ဆင်စွယ်ဆင်းတုတော် ၅-ဆူ၊ သတ္တဌာန ဘုရားပေါင်း ၇-ဆူ၊ ဖန်ဆင်းတုတော် ၁၈-ဆူ၊ နှစ်ကျိပ်ရှစ်ဆူ ၂၈-ဆူ၊ ကျောက်ဆင်းတုတော် ၄၅-ဆူ၊ စေတီပေါင်း ၂၇-ဆူ၊ ရွှေအဆင်းရှိဓာတ်တော် ၄၅၈-ဆူ၊ ချရားစေ့ အဆင်းရှိ ဓာတ်တော် ၄၂၉၃၆-ဆူ၊ ပုလဲရောင်အဆင်း ဓာတ်တော် ၅၈၂၁၆-ဆူ နှင့် ရဟန္တာရုပ်တု ရှစ်ဆယ်တို့ကို ဌာပနာ၍ ဉာဏ်တော် ၅၈-တောင်အထိ တိုးမြှင့်တည်ထားခဲ့သည်။

မူလကျောက်ကြုတ်အတိုင်း ရှစ်မြှောက်ပြုလုပ်တည်ထားခဲ့ခြင်းကြောင့် ရှစ်မျက်နှာစေတီဟု ဘွဲ့အမည်တွင်ခဲ့သည်။ [1]

ကိုးကား

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.