ကောင်မူးလုန်ရွှေဆတ်မင်းစေတီတော်

ကောင်မူးလုန်ရွှေဆတ်မင်းစေတီတော်သည် မြန်မာနိုင်ငံ၏ မြောက်ဖျားဖြစ်သည့် ကချင်ပြည်နယ်၊ ခမ်းတီလုန်ဒေသ (မချမ်းဘောမြို့နယ်မြောက်ဘက်၊ မချမ်းဘောမြို့မှ ၁၂မိုင်၊ ပူတာအိုမြို့၏ အရှေ့ဘက် ဆယ်မိုင်၊ နမ့်ကျို ခေါ် မလိခမြစ်၏ အရှေ့ဘက်ကမ်း)၌ ခံ့ညားထယ်ဝါစွာ ကိန်းဝပ်တော်မူလျက်ရှိသည်။

မြတ်စွာဘုရားသည် ရှေးကာလပေါင်းများစွာ ပါရမီဖြည့်စဉ် ရွှေဆတ်မင်း ဘဝဖြင့် ကျင်လည်ခဲ့ရာအရပ် ဖြစ်သည်။ ရွှေဆတ်မင်း အနိစ္စရောက်သောအခါ ရုပ်ကလာပ်တော်သည် ဟင်္သာကုန်း (ငွန်ပစ်)ကုန်းမြေပေါ်တွင် ကျန်ရစ်ခဲ့သည်။ ဘုရားလောင်း ရွှေဆတ်မင်း၏ ရုပ်ကလာပ် အရိုးတော်ကျရာနေရာသည် မြင့်မြတ်သော နေရာဖြစ်၍ သီရိဓမ္မာသောကမင်းကြီးသည် ရဟန္တာ အရှင်မြတ် ယသတိဿမထေရ်၏ ဦးဆောင်မှုဖြင့် ဓာတ်တော်သုံးဆူကို ဌာပနာ၍ တည်ထားခဲ့သည်။ သီရိဓမ္မာသောကမင်းကြီး အနယ်နယ်အရပ်ရပ်၌ တည်ထားခဲ့သော စေတီပေါင်း (၈၄၀၀၀)တွင် တစ်ဆူအပါအဝင် ဖြစ်သည်။

ကောင်မူးလုန်ရွှေဆတ်မင်းစေတီတော်၏ အရှေ့ဘက်မုခ်တွင် ကကုသန်မြတ်စွာဘုရား ဆင်းတုတော်၊ မာတလိနတ်သားနှင့် မနုဿီဟရုပ်တုတို့ရှိသည်။ မြောက်ဘက်မုခ်တွင် ကောဏဂုံ မြတ်စွာဘုရားဆင်းတုတော်၊ သိကြားမင်းနှင့် ဝံမင်းရုပ်တု တည်ရှိသည်။ အနောက်ဘက်မုခ်တွင် ကဿဖမြတ်စွာဘုရားဆင်းတုတော်၊ ဝသုန္ဒြေမြေစောင့်နတ်သမီးနှင့် ခြင်္သေ့မင်းရုပ်တုရှိသည်။ တောင်ဘက်မုခ်တွင် ဂေါတမမြတ်စွာဘုရားဆင်းတုတော်၊ ဘီလူးရုပ်နှင့် ကျားမင်းရုပ်တု ရှိသည်။ အရှေ့တောင်ထောင့်တွင် အရံစေတီတော် တစ်ဆူနှင့် အရိမေတ္တေယျ မြတ်စွာဘုရားပုံတော်ရှိသည်။[1]

ကိုးကား

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ပထမတွဲ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.