ကျိုက်ကမာစိန်စေတီ
ကျိုက်ကမာစိန်စေတီသည် အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့် တွင်ရှိပြီး ယခုအခါ ဘုန်းကြီးကျောင်းများဖြင့် ကွယ်နေသည်။
ကျိုက်ကမာစိန်စေတီဟူသည်မှာ မွန်ဘာသာအားဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။ ကျိုက်=ဘုရား၊ ကမာ=ရေကန်၊ စိန်=ဆင်ဟု အဓိပ္ပါယ်ရ၏။ ““ဆင်ကျကန်စေတီ”” ဟု ဖွင့်ဆိုရမည်ဖြစ်၏။ ရွှေတိဂုံစေတီတော်၏ အရှေ့တောင်ယွန်း၊ ပုဇွန်တောင်ချောင်းအနီး အရပ်၌ တည်ရှိသော စေတီတော်အား ဆင်များရေသောက် ဆင်းသက်ကြသည့် ရေကန်ကြီးရှိသည်ကို အစွဲပြု၍ ““ကျိုက်ကမာစိန် ဘုရား”” ဟု ခေါ်တွင်ကြောင်း အမှတ်အသားရှိ၏။
သက္ကရာဇ်(၁၁၄၃) ခုနှစ် နန်းတက်သည့် အမရပူရနန်းစံ ဘိုးတော်မင်း၏ ငယ်ကျွန်ရင်း၊ ဦးကျော်ရွေး၊ ရန်ကုန်မြို့ဝန်ဖြစ်သောအခါ ကျိုက်ကမာစိန်စေတီအား ပြန်လည်မွမ်းမံ ပြုပြင်သည်။ သို့သော် ကျိုက်ကမာစိန်စေတီသည် ထုံးဖြူဖြူ စေတီဖြစ်သဖြင့် ထုံးသင်္ကန်းရောင်ဖြူဖြူက ကြည်ညိုဖွယ်အဆင်း ဆောင်သဖြင့် ““ဘုရားဖြူစေတီ”” အဖြစ်လည်း ထင်ရှားခဲ့၏။