ရှင်ပင်ပက်လက် ရေစက်လက်ဘုရား

မန္တလေးတွင် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူများ၊ ပူပင်သောက ရှိနေသူများ၊ အငြိမ်းဓာတ်နှင့် နဝင်းဓာတ်များ ရစေနိုင်သော ဘုရားတစ်ဆူရှိသည်။ ထိုဘုရားကို ပူဇော်ဆည်းကပ် ကိုးကွယ်ကြသည်။ အဆိုပါဘုရားသည် မန္တလေးမြို့၊ ၃၄-လမ်း၊ မလွန်ကတ္တူရပ်တွင် တည်ရှိပြီး ဘုရားဘွဲ့တ​ော်ကို ရှင်ပင်ပက်လက် ရေစက်လက်ဟု ကမ္ပည်းတပ်ထားပါသည်။ ရှင်ပင်ပက်လက် ရေစက်လက် ဘုရားသည် မန္တလေးမြို့ မတည်မီ ၁၃-နှစ်စော၍ သက္ကရာဇ် ၁၂၀၈-ခုနှစ်က တည်ခဲ့ခြင်းဖြစ်သည်။

ဘုရားတည်ထားပုံမှာလည်း တစ်မူထူးခြားနေပေသည်။ ကျောက်တောင် ကျောက်ဆောင်များအသွင် ပြုလုပ်ပြီး ထိုကျောက်တောင်တွင် လိုဏ်ဂူသဏ္ဌာန် ပြုလုပ်ထားသည်။ ကျောက်တောင် ပတ်လည်တွင် ဝိဇ္ဇာ၊ တပသီ၊ ယောဂီ၊ ရသေ့သူတ​ော်စင်အပ​ေါင်းတို့ ခြံရံထားသည်။ လိုဏ်ဂူအတွင်း၌ ဗုဒ္ဓဘုရားရှင် ပက်လက်ရုပ်ပွားတ​ော်မြတ်ကို စံပယ်စေသည်။ ထိုအပေါ်မှ ရေတစ်စက် တစ်စက်ကျစေရန် ဖန်တီး၍ ရှင်ပင်ပက်လက် ရေစက်လက်ဟူသော ဘွဲ့တ​ော်နှင့်အညီ လိုက်ဖက်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဘုရားဒကာမှာ အမရပူရမြို့နေ ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့၏ ကောင်းမှုဟု သိရသည်။ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်လက်ထက်တွင် လ​ောကီဝိဇ္ဇာပညာရပ်တို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်အောင်မြင်တ​ော် မူကြသ​ော ဗားမဲ့၊ ဗားမြိုက်၊ ဗားတမော့၊ ဗားကရာဟူသ​ော ပုဂ္ဂိုလ်ကျော်ဘုန်းတော်ကြီး လ​ေးပါးရှိတ​ော်မူခဲ့သည်။ အဆိုပါ ဗားလေးပါးဝင် ဆရာတ​ော်ကြီးများ၏ တပည့်ရင်း ရှင်သူငယ်ဟု အမည်တွင်သည့် ရဟန်းတစ်ပါးရှိသည်။ ရှင်သူငယ်သည် အင်းအိုင်၊ လက်ဖွဲ့၊ ဆ​ေး၊ ဓာတ် စသည့် လ​ောကီအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တ​ော်မူသည်။ ထိုရဟန်းသည် ဗားလေးပါးဝင် ဆရာတော်ကြီးများ၏ တပည့်အရင်းဖြစ်၍ လ​ောကီဝိဇ္ဇာပညာရပ်တွင် သူမတူအောင်တတ်မြ​ောက်တ​ော်မူသည်ဟု ကျော်ကြားလေသည်။ ဘုရားဒကာ ဦးကောင်းနှင့် ဇနီး ဒေါ်မယ်ရွက်တို့က ရှင်သူငယ်ကိုယ်တော်အတွက် ပစ္စည်းလေးပါးနှင့် လိုအပ်သမျှတို့ကို လှူဒါန်း၍ ကိုးကွယ်ခဲ့ကြသည်။ ရှင်သူငယ် ဆရာအရှင်ကလည်း ပစ္စည်းလ​ေးပါး ဒါယကာ ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့ကို မိမိတတ်မြောက်သ​ော ပညာတို့ဖြင့် စောင့်ရှောက်လေ့ရှိသည်။

တစ်နေ့တွင် ဦးကောင်းနှင့် ဒေါ်မယ်ရွက်တို့သည် လောကတွင်ကျင်လည်နေသူ ရှင်လူအများကို ဘ​ေးရန်အန္တရာယ် ကင်းစင်ကြစေပြီး ကုသိုလ်တရားပွားများနိုင်စေရန်နှင့် နိဗ္ဗာန်ချမ်းသာကို ရကြစေလိုသော ဆန္ဒဖြင့် ဗုဒ္ဓကိုယ်စားတ​ော် ရုပ်ပွားတော်မြတ် တစ်ဆူကို တည်ထားကိုးကွယ်လိုကြောင်း ဆရာအရှင်အား လျှောက်ထားခဲ့ကြသည်။ ဆရာအရှင် ရှင်သူငယ်ကို အမှူးဦးစီးနာယကထား၍ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် နောင်အခါ မလွန်ကတ္တူရပ် ဖြစ်လာမည့် အရပ်၌ ဗုဒ္ဓပက်လက် ရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။

ရှင်ပင်ပက်လက် ရေစက်လက်ဟူသော ဘုရားဘွဲ့တ​ော်သည် နဝင်းဓာတ်ဆင်၍ သမုတ်ခဲ့ခြင်း ဖြစ်သည်။ (ရှင်=၄၊ ပင်=၅၊ ပေါင်း ၉-နဝင်းဓာတ်) (၉ နှစ်ရပ်ပေါင်း ၁၈၊ ၁နှင့် ၈ ပေါင်း ၉-နဝင်းဓာတ်) ဖြစ်သည်။ ရှင်ပင်ပက်လက်ဟူသော နဝင်းဓာတ်ကိုယူပြီး ရေစက်လက်နှင့် တွဲ၍ အငြိမ်းဓာတ်ကို ယူပြန်သည်။ (​ေ၇=၄၊ စက်=၃၊ လက်=၄၊ ထိုသုံးရပ်ပေါင်းလျှင် ၁၁ ရသည်။) ၁၁ သည် မီးဆယ့်တစ်ပါးတို့၏ အေးရာငြိမ်းရာ နိဗ္ဗာန်အငြိမ်းဓာတ်ကို ရည်ညွှန်း၍ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားကို တည်ခြင်းဖြစ်သည်ဟု သမိုင်းဟောင်းက ဆိုသည်။

ရှင်ပင်ပက်လက် ရေစက်လက်ဘုရားအတွင်း၌ အလွန်လက်ရာမြောက်၍ သပ္ပာယ်လှသော လျောင်းတော်မူကြီး တစ်ဆူလည်း တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင် ရှေးခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အပူဇော်ခံထားသည်။

[1]

ကိုးကား

  1. ရွှေရိုး(မန္တလေး) ၊ မန္တလေးမြို့ပ​ေါ်ရှိ တန်ခိုးကြီးရ​ှေးဟ​ောင်းဘုရားများသမိုင်း၊ စာ-၅၄
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.