မင်္ဂလာစေတီတော် (အင်းဝ)

မင်္ဂလာစေတီသည် ပင်းယနှင့် အင်းဝ နေပြည်တော်ဟောင်းတို့၏ ဗဟိုချက်တွင်တည်ရှိ၍ ဒုတိယမင်းခေါင် တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်သည်။ တံတားဦးတွင် တည်ထားခဲ့သောကြောင့် တံတားဦးတည် မင်္ဂလာစေတီတော်ဟူ၍ ထင်ရှားခဲ့သည်။ ဒုတိယမင်းခေါင် ဘုရင်သည် ၎င်းနန်းတက်သည့်နှစ် မြန်မာသက္ကရာဇ် ၈၄၂ ထဲမှာပင် တည်ထားကိုးကွယ်ခဲ့သည်။ ထိုအချိန်က ထင်ရှားသော ရဟန်းစာဆို အကျော်အမော် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရ တို့ ထိုစေတီတော်ကို မော်ကွန်းများ စပ်ဆိုလျက် ပူဇော်ခဲ့ကြသည်။

မင်္ဂလာစေတီတော်ကို ဒုတိယမင်းခေါင်ဘုရင်က မြန်မာသက္ကရာဇ် ၈၄၂တွင် စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၈၅၈ တွင် အလယ်ဌာပနာထည့်ခဲ့သည်။ မြန်မာသက္ကရာဇ် ၈၆၁ တွင်မှ စေတီတော်တည်ထားမှု ဥဿုံပြီးစီးခဲ့သည်။ ရှေးက ကျောက်စာများဖြင့် မှတ်တမ်းထားခဲ့လေ့ရှိခဲ့သော်လည်း မင်္ဂလာစေတီတော်ကိုမူ ကဗျာ၊စာပေ၊ မော်ကွန်းတို့၌ ဂုဏ်ပြုပူဇော်ခဲ့ကြသည်။

ဘုရင်မင်းခေါင်သည် ပထမကျောင်းတော်ကို တည်ဆောက်လှူဒါန်းခဲ့သည်။ ကျောင်းတော်တည်သကဲ့သို့ တစ်ပြိုင်နက်တည်းပင် မင်္ဂလာစေတီတော်ကိုလည်း တည်တော်မူခဲ့သည်။ သာသနာ သက္ကရာဇ် (၂၀၄၀)၊ ကောဇာသက္ကရာဇ် (၈၅၈) ခုနှစ်သို့ ရောက်သောအခါမှ ဓာတ်တော်မွေတော်စစ်များဖြင့် ခမ်းနားစွာအလယ်ဌာပနာတိုက်တွင် ဌာပနာနိုင်ခဲ့လေသည်။ သက္ကရာဇ် ၈၅၈-ခု၊ နယုန်လဆန်း (၁၃)ရက် (၂၄ မေ ၁၄၉၆) အင်္ဂါနေ့တွင် ဒုတိယဌာပနာတိုက်တွင် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များနှင့် တကွ ဌာပနာပစ္စည်းများကို စနစ်ကျနစွာ ဌာပနာတော်မူခဲ့သည်။ ရှင်မဟာရဋ္ဌသာရ၏ မော်ကွန်းသည် သတ္တဌာနနှင့် ဇေတဝန်ကျောင်းပုံတို့ကို ဌာပနသည်မျှကိုသာ ဖေါ်ပြခဲ့သည်။ နယုန်လဆန်း (၁၃)ရက်၊ (၂၄ မေ ၁၄၉၆)တွင် စတင်ဌာပနာခဲ့ရာ လပြည့်နေ့တွင် ပြီးဆုံးခဲ့သည်။

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.