လက်ဝဲသလုံးတော်ဓာတ်စေတီ

လက်ဝဲသလုံးတော်ဓာတ်စေတီသည် ရခိုင်ပြည်နယ် စစ်တွေမြို့၏ ထင်ရှားသော စေတီတစ်ဆူ ဖြစ်သည်။ ကန်တော်ကြီးကန်အနောက်ဘက် အာကျပ်တော်တောင်ကုန်းထက်တွင် တည်ရှိသည်။

သမိုင်းကြောင်း

မဟာသက္ကရာဇ် ၁၂၃ ခုတွင် ဗုဒ္ဓ မြတ်စွာဘုရားသည် ဓညဝတီဘုရင် ပြည့်ရှင် စန္ဒာသူရိယမင်း၏ ဖိတ်ကြားမှုဖြင့် ရခိုင်ပြည်သို့ ကြွချီတော်မူလေသည်။ လမ်းခုလတ် သေလာဂီရိကျောက်တော်တောင်သို့ ရောက်သောအခါ ရပ်နားပြီး ညီတော်အာနန္ဒာအား ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ နောင်အခါဝယ် ရခိုင်ပြည်အနှံ့၌ ငါ၏ဓာတ်တော်များကို ဌာပနာကာ မဟာမုနိဘုရားကြီးအစ မဟာထီးဘုရား အဆုံး ၂၄၈ ဌာန တည်လတ္တံ့ဟု မိန့်ကြားတော်မူလေသည်။ ထိုအထဲတွင်ယခုသလုံးတော်ဓာတ်စေတီလည်း ပါဝင်လေသည်။ မြတ်စွာဘုရားက ငါသည် စူဠနန္ဒပဗ္ဗတတောင် (ယခု အာကျပ်တော်တောင်ကုန်းဖြစ်သည်) ပဒတ်မင်း ဖြစ်ခဲ့ဖူး၍ နောင်အခါဝယ်လက်ဝဲသလုံးတော်ဓာတ် စေတီတည်လတ္တံ့ ဟုဗျာဒိတ်စကားဟောကြားခဲ့လေသည်။

စန္ဒသူရိယမင်း နောက် ၆ ဆက်မြောက် သူရိယစက္ကမင်းလက်ထက်သည် အိန္ဒိယပြည် သီရိဓမ္မာအာသောကမင်းနှင့် ခေတ်ပြိုင်ဖြစ်လေသည်။ အာသောကမင်း၏ ကိုးတိုင်းကိုးဌာန သာသနာပြုရာတွင် မဟိံသကတိုင်း အမည်ရှိသော ရခိုင်ပြည်လည်း ပါဝင်လေသည်။ ထို့ကြောင့် မဟာရေဝတမထေရ်နှင့် ရဟန်းငါးပါးသည် ဗုဒ္ဓဓာတ်တော်များယူဆောင်ကာ ဓညဝတီပြည်သို့ ရောက်ရှိလာကြလေသည်။ ထို့ကြောင့် သူရိယစက္ကမင်းကြီးသည် အလွန်ဝမ်းသာကာ မြတ်စွာဘုရား ဗျာဒိတ်တော်အတိုင်း မိန့်ကြားခဲ့သော နေရာများတွင် နွားလားဥသဘတမော့ခန့် စတူပါကျောက်စေတီငယ်များ တည်ထားခဲ့ရာ ဤလက်ဝဲသုံးတော်ဓာတ်စေတီလည်း ပါဝင်လေသည်။ ခေတ်အဆက်ဆက် ကိုးကွယ်လာကြရာ ရခိုင်မင်းဆက်ပျက်သုဉ်းပြီး နောက်ပိုင်းကာလများတွင် ပြုပြင်သူကင်းမဲ့ကာ ညောင်မျိုကွယ်ပျောက်လျက်ရှိနေလေသည်။

ပြန်လည်တွေ့ရှိခြင်း

ကောဇာသက္ကရာဇ် ၁၂၉၁ ၌ ညောင်မျိုကွယ်ပျောက်သောနေရာမှ တဝင်းဝင်း တထိန်ထိန် ဓာတ်တော်ကွန့်မြူးလေသည်။ ဤသည်ကို ဦးစံထွန်းဦး မြင်သဖြင့် ဓာတ်လယ်စေတီ ဂေါပကတို့နှင့်တကွ တူးဖော်ကြရာ စေတီတော်မှ ဓာတ်တော်ကြုပ်တခု၊ ဆင်းတုတစ်ဆူ၊ ကဗ္ဗည်းစာတစ်ခု၊ နဂါးရုံဘုရားတစ်ဆူ ရရှိကြသည်။ ဆက်လက်တူးဖော်ကြရာ လိပ်ကျောသဏ္ဌာန် ကျောက်ဖျာကြီးတခု ပေါ်လာပြီး ဆက်လက်တူးကြသော်လည်း စေတီအရှေ့မြောက်ထောင့်မှ လျှပ်စစ်ရောင်ထွက်ခြင်း၊ မိုးချုန်းခြင်းတို့ ဖြစ်သဖြင့် တူးဖော်မှုကို ရပ်ထားလိုက်ရသည်။ ရရှိသောဓာတ်တော်ကြုပ်နှင့် ဆင်းတုများကို မဏ္ဍပ်ဆောက်ကာ အပူဇော်ခံခဲ့ကြသည်။ ရရှိသော ကဗ္ဗည်းစာအရ သလုံးတော်ဓာတ်စေတီ ဟုသိကြရသည်။

လက်ဝဲသလုံးတော်ဓာတ်စေတီ ထပ်မံတည်ဆောက်ခြင်း

၁၂၉၁ ခုနှစ်တွင် လိပ်ကျောသဏ္ဌာန် ကျောက်ဖျာကြီးကို ဗဟိုပြု၍ ဓာတ်တော်များ ဆင်းတုများ ရတနာများ ဌာပနာကာ တည်ထားကိုးကွယ်ခဲ့သည်။ ဌာပနာတိုက်ပိတ်ပြီးနောက် စေတီတော် စနေထောင့် ပေ ၃၀ အကွာတွင် ဓာတ်တော်ကြုပ်တခု ရရှိခဲ့ရာ အရံစေတီ ၈ ဆူတွင် ဌာပနာခဲ့သည်။

စေတီတော်၏အတိုင်းအတာ

လက်ဝဲသလုံးတော်ဓာတ်စေတီသည် အမြင့်၁၈ တောင်၊လုံးပတ်၂၇ တောင် ရှိသည်။

ပွဲတော်ရက်

ရခိုင်ကဆုန်လပြည့်နေ့သည် နှစ်စဉ်ကျင်းပမြဲ ပွဲတော်ရက်ဖြစ်သည်။ ညောင်ရေသွန်းပွဲ ဘုရားပွဲများကျင်းပကြသည်။ စတုဒိသာ လှူခြင်း၊ ငါးလွှတ်ခြင်းစသော ကုသိုလ်များပြုကြသည်။[1]


ကိုးကား

  1. လက်ဝဲသလုံးတော်ဓာတ်စေတီ သမိုင်း လက်ကမ်းစာစောင်ငယ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.