စစ်တက္ကသိုလ် (ပြင်ဦးလွင်)

စစ်တက္ကသိုလ် (Defence Services Academy - DSA) သည် အရှေ့တောင်အာရှတွင် စစ်ပညာနှင့် တက္ကသိုလ်ပညာ ကိုပူးတွဲသင်ကြားကာ အရာရှိများအား မွေးထုတ်ပေးသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့တွင် တည်ရှိသည်။ လက်ရှိ ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် ထင်လတ်ီဥး ဖြစ်ပြီး နည်းပြပေါင်း (၂၀၀) ခန့်နှင့် သင်တန်းသားပေါင်း (၆၅၀၀) ခန့် ရှိသည်။ ဆောင်ပုဒ်မှာ နောင်တစ်ခေတ်၏ အောင်စစ်သည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အမှတ်စဉ် (၅၆) သင်တန်းအား ကျောင်းဆင်း ပေးနိုင်ခဲ့သည်။ သင်တန်း ကာလကို ယခင်က (၄) နှစ် သင်ကြားခဲ့ရာမှ ၁၉၉၈ ခုနှစ်၊ သင်တန်း အမှတ်စဉ် (၄၂) မှစတင် ၍ သင်တန်းကာလ (၃) နှစ် သတ်မှတ်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ ၊ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ သိပ္ပံဘွဲ့များ အတွက် သင်ကြားပေးသည်။ ယခု BAဘွဲ့သင်တန်းများကို မသင်ကြားတော့ပေ။ မဟာဘွဲ့ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိသည်။ အမျိုးသမီး သင်တန်းသားများ လက်ခံခြင်း မရှိပေ။ ၎င်းအပြင် လက်နက်ကိုင်ပညာ၊ တိုက်ခိုက်ရေး၊ ဗျူဟာ၊ စစ်ရေးပြ စသော စစ်ပညာကိုလဲ ပူးတွဲ သင်ကြားပေးသည်။ အမှတ်စဉ် (၅၆) သင်တန်း မှစတင် ၍ သင်တန်းကာလ (၄) နှစ် ပြန်သတ်မှတ်ခဲ့သည်။

စစ်တက္ကသိုလ် (ပြင်ဦးလွင်)
Defence Services Academy
နောင်တစ်ခေတ်၏ အောင်စစ်သည်
The triumphant elite of the future
DSA

တည်ထောင်ခုနှစ် ဖေဖော်ဝါရီ ၁၄၊ ၁၉၅၅ (၁၉၅၅-၀၂-14)[1]
ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သန့်ဇင်အုံး (စာပေညွှန်ကြားရေးမှူး)
ဘွဲ့ကြို အပတ်စဉ်တစ်ခုလျှင် ပျှမ်းမျှ ၂၀၀၀ ခန့် ယောက်
တည်နေရာ မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့
ဝဘ်ဆိုတ် mod.gov.mm/dsa

အနော်ရထာ(အနီ)၊ ဘုရင့်နောင်(အပြာ)၊ အောင်ဇေယျ(အဝါ)ဟူသော ဗိုလ်လောင်းတပ်ရင်း ၃ရင်း တပ်ခွဲ ၂၁ ခွဲ(တစ်ရင်းလျှင် ၇ ခွဲ)ဖြင့် ဗိုလ်လောင်းများကို Senior-Junior စနစ်ဖြင့် စစ်စည်းကမ်းများဖြင့် တင်းကျပ်စွာ အုပ်ချုပ်ကွပ်ကဲသည်။ စစ်တက္ကသိုလ် တက်ရောက်မည့် ဗိုလ်လောင်းများကို နှစ်စဉ် သတင်းစာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်လူရွယ်များကို ခေါ်ယူပြီး ဝင်ခွင့်စာမေးပွဲများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် ပြုလုပ်ကာ ဗိုလ်ရွေးအဖွဲ့မှတဆင့် ခေါ်ယူခြင်း ဖြစ်သည်။ ထို့နောက် ဗိုလ်လောင်းများကို ဆေးစစ်ခြင်းပြုလုပ်ကာ ဆန်ကာတင်ရွေးချယ်ကာ ဆေးအောင်ဗိုလ်လောင်းများကိုသာ အတည်ပြုရွေးချယ်သည်၊၊ ဗိုလ်လောင်း သင်တန်းမှာ ၄ နှစ်ကာလကြာမြင့်ပြီး စစ်ပညာကိုသာမက တက္ကသိုလ်ပညာကိုပါ သင်ကြားပေးသည်။သင်တန်းဆင်းသည်နှင့် တပ်မတော်(ကြည်းရေလေ တစ်ခုခုတွင်) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ် အဖြစ်ခန့်အပ်ပေးသည်။

စစ်တက္ကသိုလ်တွင် အခြေခံသိပ္ပံပညာရပ်များ၊ စစ်သုံးသိပ္ပံဘာသာရပ်များ၊ လူမှုသိပ္ပံဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ စစ်ပညာနှင့် စပ်လျဉ်း၍ အရာရှိငယ်များအဖို့ လိုအပ်သော တပ်မတော်၏ အစဉ်အလာများကိုလည်းကောင်း၊ သမားရိုးကျစစ်နှင့် ပြည်သူ့စစ်အတွက် သင်ကြားလေ့ကျင့်မှုကိုလည်းကောင်း၊ ယေဘူယျစစ်အခြေခံသဘောတရားများကိုလည်းကောင်း စစ်တက္ကသိုလ် သင်တန်းနှစ်အလိုက် ပိုင်းခြားကာ စာပေပညာ သင်ကြားမှုနှင့်အတူ လေ့ကျင့်ပေးသည်။ စစ်တက္ကသိုလ်သင်တန်းမပြီးဆုံးမီ နောက်ဆုံးခြောက်လတွင် တပ်စုတစ်စုကို ပိုင်နိုင်စွာ ကွပ်ကဲခေါင်းဆောင်၍ တိုက်ပွဲဝင်နိုင်သော တပ်စုမှူးကောင်းတစ်ဦးဖြစ်စေရန် လေ့ကျင့်ပေးသည်။

သမိုင်းကြောင်း

စစ်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့၌ တပ်မြို့ဖွင့်လှစ်ပွဲနှင့်အတူ ဖွင့်လှစ်ခဲ့၏။ ၁၉၅၇ ဇွန်လ (၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။[2] စစ်တက္ကသိုလ်ကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော် ကြည်း၊ ရေ၊ လေ တို့တွင် အနာဂတ်၌ ခေါင်းဆောင်ကြမည့် အရာရှိကောင်းများရရှိနိုင်စေရန် ဖြစ်၏။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။

၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် (ပြင်ဆင်ချက်) အက်ဥပဒေအရ စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းတစ်ခုဖြစ်၏။ စစ်တက္ကသိုလ်သင်တန်း လေးနှစ် ပြီးဆုံးအောင်မြင်သော ဗိုလ်လောင်းသည် တပ်မတော်ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရပြီးလျှင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ကိုလည်း ရမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးအစိုးရ၏ တက္ကသိုလ်ပညာရေး ဥပဒေသစ်အရ စစ်တက္ကသိုလ်သည် သီးခြားတက္ကသိုလ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ချီးမြှင့်သောဘွဲ့ကိုလည်း မူလက ဝိဇ္ဇာ/သိပ္ပံဘွဲ့များအစား "စစ်ပညာသိပ္ပံဘွဲ့" ဟု သတ်မှတ်သည်။ သို့ရာတွင် ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်တက္ကသိုလ်ကို ကာကွယ်ရေးဌာနလေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးက တိုက်ရိုက်အုပ်ချုပ်ပြီးလျှင် စစ်ဘက်လေ့ကျင့်ရေးကိစ္စအဝဝကိုလည်း ညွှန်ကြားသည်။ စစ်တက္ကသိုလ်၏ စစ်သုံးသိပ္ပံပညာရပ်များ သင်ကြားပို့ချမှုကိုလည်း ညှိနှိုင်းသတ်မှတ်ပေးသည်။

ထင်ရှားသော စစ်တက္ကသိုလ်ကျောင်းဆင်းများ

မြန်မာနိုင်ငံ၏ သမ္မတဟောင်း ဦးသိန်းစိန်သည်. စစ်တက္ကသိုလ်အပတ်စဉ် (၉) မှ ကျောင်းဆင်းခဲ့သူဖြစ်သည်။ ထို့အပြင် ယခင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(အငြိမ်းစား) သည် စစ်တက္ကသိုလ် အမှတ်စဉ် (၁)သင်တန်းဆင်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး- ဦးသောင်း(DSA-1 အောင်စစ်သည်) (အငြိမ်းစား) ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း (DSA-11) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (DSA-12) ဒုသမ္မတနှင့် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်(DSA-18) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (DSA-19) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်နှင့် တိုင်းမှူး တပ်မမှူး စသော တပ်မတော်အရာရှိကြီးအများစုမှာ သည် စစ်တက္ကသိုလ် ဆင်းများ ဖြစ်ကြသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Helen James (2005)။ Governance and Civil Society in Myanmar။ Routledge။ p. 102။ ISBN 978-0-415-35558-2
  2. Kyi Kyi Hla (2001-04-01). "Valiant Sons of Myanmar". Myanmar Perspectives. Archived 24 November 2010 at the Wayback Machine.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.